CDF

October 20, 2021

ချင်းပြည်နယ်၌ တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

ချင်းပြည်နယ်မှာ အောက်တိုဘာ ၁၂ ရက်မှ ၁၉ ရက်အထိ CNF/CNA/CDF တို့ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ CNF တပ်ဖွဲ့ကနေ သိရပါတယ်။

စစ်တပ်က သံချပ်ကာကားအပါအဝင်၊ စစ်ကား ၅၀ လောက်နဲ့ အောက်တိုဘာ ၁၂ ရက်မှာ  ဖမ်းလမ်းမြို့ကို စတင်ရောက်ရှိပြီး ဟားခါးမြို့ကိုဆက်လက် စစ်ကြောင်းထိုးလာချိန် CNF/CNAနဲ့ CDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ  စစ်ကား ၁၆ စီး ပျက်စီးခဲ့တယ်လို့လည်း CNF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ချင်းပြည်နယ်မှာ တစ်ပတ်တာအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချင်းပြည်နယ်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ယောက်  ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဖလမ်းမြို့နယ် ရီလ်သီးရွာမှာ ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပစ္စည်းတွေကိုပါ လုယူသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

1 month Ago

October 17, 2021

မတူပီတွင် လက်နက်ကြီးထိမှန် မိုင်းနင်းမိသဖြင့် ၂ ဦးသေဆုံး၊ မြိုင်ပြည်သူ ၂ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ မွန်လွဲပိုင်းက အကြမ်းဖက်စစ်အုပ်စု ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ မိုင်းနင်းမိတာကြောင့် ၆ နှစ်အရွယ်ကလေး တစ်ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ CDF (မတူပီ) ကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် ၆ နှစ်သားကလေးတစ်ယောက်နဲ့ စစ်အုပ်စုက ထောင်ထားတဲ့ မိုင်းကို နင်းမိကာ လူကြီးတစ်ယောက် သေဆုံးခဲ့ပြီး မတူပီ-မင်းတပ် ကားလမ်းမှာလည်း လက်နက်ကြီးထိမှန်ပြီး ပြည်သူတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့ CDF (မတူပီ) ရဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။

ပြည်သူတွေ အသက်ဆုံးရှုံးနစ်နာမှုတွေအတွက် CDF (မတူပီ) အနေနဲ့ အထူးဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေကို လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်ထဲမှာ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း CDF(မတူပီ)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီးတော့ CDF တပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာလည်း အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး ကျေးရွာ ၃ ရွာက နေအိမ်တွေကို အကြမ်းဖက်မွှေနှောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီသတင်းပေး ဒလန်တွေက PDF တွေရှိတယ်ဆိုပြီးတော့ မဟုတ်မမှန် သတင်းပေးတာကြောင့် စစ်ကား ၂ စီး အင်အား ၅၀ လောက်နဲ့ရောက်လာပြီးတော့ ဝါးရင်းချိုင်ရွာက ဒေါ်ပဲခူးရီနဲ့ ဝက်ပုတ်(ရွာမ)က ကိုဇော်မင်းထိုက်တို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဝါးရင်းချိုင်ရွာ၊ ဝက်ပုတ်ရွာနဲ့ အိုင်မရွာတွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် မွှေနှောက်ဖျက်ဆီးပြီး ငွေတစ်သိန်းကျပ်နဲ့ ပစ္စည်းတစ်ချို့ကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဝင်ရောက် မွှေနှောက်တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ် ကံနက်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဒေသခံ လူငယ် ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီးတော့ နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

1 month Ago
More News
Up