blue whale

February 23, 2020

ဝူဟန်မြို့ရှိ ဆေးဝန်ထမ်းများအတွက် အပျော်စီးသင်္ဘော ၇ စင်း ခေါ်မည်

ဝူဟန်မြို့က ဆေးဝန်ထမ်းတွေကို ထားရှိဖို့  အပျော်စီးသင်္ဘော ၇ စင်းကို ခေါ်ယူသွားမယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။ Diamond Princess’ အပျော်စီးသင်္ဘောပေါ်က ခရီးသည်ရာချီ Covid-19 ဗိုင်းရပ်စ် တွေ့ရှိပြီးနောက် အပျော်စီးသင်္ဘောတွေကို စစ်ဆေးနေတဲ့ အချိန်ကာလမှာပဲ တရုတ်အစိုးရက အပျော်စီးသင်္ဘောတွေကို ခေါ်ယူတာပါ။ ဝူဟန်မြို့က ဆေးဘက်ဝန်ထမ်းတွေအတွက် ရေပေါ်ဟိုတယ်လို့ နာမည်ပေးထားတဲ့ အဲဒီသင်္ဘောတွေဟာ ပုံမှန်တော့ မြစ်ကျဉ်းသုံးသွယ် ရှုခင်းကြည့် မြစ်ကြောင်းသွား အပျော်စီး သင်္ဘောတွေအဖြစ် အသုံးပြုတာပါ။   ပထမဆုံး အပျော်စီးသင်္ဘောဖြစ်တဲ့  'blue whale' ဟာ ဖေဖော်ဝါရီ ၂၁ ရက်က ဝူဟန်မြို့ကို ရောက်လာပြီး ကျန် ၆ စီးကတော့ လမ်းခရီးမှာ ဖြစ်ပါတယ်။  အပျော်စီးသင်္ဘော ၇ စီးစလုံးဆိုရင် စုစုပေါင်း ခုတင် ၁၄၆၉ လုံး ပါရှိတယ်လို့  ဆင်ဟွာသတင်းက ဆိုပါတယ်။ ဒီအပျော်စီးသင်္ဘောတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေတဲ့ ဆေးဝန်ထမ်းတွေအတွက် အန္တရာယ်ကင်းတဲ့ စားသောက်ခန်းနဲ့ သူတို့ကို ပြန်လန်းဆန်းစေမယ့် သင်္ဘောပေါ်အခြေအနေကို ဖန်တီးပေးထားမယ်လို့ မျှော်လင့်ရပါတယ်။  တရုတ်နိုင်ငံတဝန်းက သောင်းချီတဲ့ ဆေးဘက်ဝန်ထမ်းတွေဟာ ဟူဘေးပြည်နယ်ကို လာရောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကြိုးပမ်းထိန်းချုပ်နေပါတယ်။  အဲဒီလို ထိန်းချုပ်ရာမှာ ဗိုင်းရပ်စ်ကူးစက်လို့ ဆေးဝန်ထမ်းအများအပြား သေဆုံးရတာ အပါအဝင် ဖေဖော်ဝါရီ ၁၁ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဆေးဝန်ထမ်းဟာ ၁၁,၀၀၀ ကျော်ရှိတယ်လို့ တရုတ်ကျန်းမာရေးအကြီးတန်းအရာရှိတဦးက ပြောခဲ့ပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈၇၇၂ ဦး၊ သေဆုံးသူ ၂၄၆၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၃၁၇၁ ဦး ရှိတယ်လို့ သိရပါတယ်။
1 year Ago
Up