Blue Nile ဆည်

June 28, 2020

နိုင်းမြစ်ဖြတ်ဆောက်မည့် Blue Nile ဆည်အတွက် နိုင်ငံ ၃ ခု လက်မှတ်ထိုးမည်

ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်တဲ့ နိုင်းမြစ်ကို ဖြတ်ပြီး တည်ဆောက်မယ့် Blue Nile ဆည်အတွက် အီဂျစ်၊ အီသီယိုးပီးယား နဲ့ ဆူဒန်နိုင်ငံတို့ လာမယ့်သီတင်းပတ် ၂ ပတ်၊ ၃ ပတ်အတွင်း သဘောတူ စာချုပ်တရပ်ကို လက်မှတ်ထိုးတော့မှာပါ။ ၃ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အာဖရိကသမဂ္ဂ ဥက္ကဋ္ဌနဲ့ တောင်အာဖရိက သမ္မတ ရာမာဖှိုစာတို့ အွန်လိုင်းကနေ ညီလာခံ ကျင်းပဆွေးနွေးအပြီးမှာ လာမယ့် သီတင်းပတ် ၂ ပတ်၊ ၃ပတ် အတွင်း သဘောတူညီချက်ကို အပြီးသတ်နိုင်တဲ့အဆင့် ရောက်လိမ့်မယ်လို့ အီသီယိုးပီးယား ရေအရင်းအမြစ်ဝန်ကြီးက ဇွန် ၂၇ ရက်မှာ ပြောပါတယ်။ ရေဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ချီ အငြင်းပွားမှု အဆုံးသတ်ရေး အာဖရိကသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးအပြီးမှာ ခုလိုအဆင့်ကို ရောက်လာတာပါ။  နိုင်းမြစ်ရေကို ဖြန့်ဖြူးရေး အီဂျစ်က ကာကွယ်နေချိန်မှာ အီသီယိုပီးယားက ဆည်ကို ဘယ်လိုသုံးပြီး ရေလှောင်ကန်ကို ဘယ်လို ရေဖြည့်မလဲ ဆိုတဲ့အပေါ် စည်းမျဉ်းသတ်မှတ်ရေး ဆူဒန်က သဘောမတူလို့ ၂ နိုင်ငံနဲ့ ဆူဒန်ကြား နှစ်ချီ ညှိနှိုင်းခဲ့ရပါတယ်။ ဆူဒန်နိုင်ငံနယ်စပ်ကနေ ၉ မိုင်အကွာ နိုင်းမြစ်ပေါ်မှာ အီသီယိုးပီးယားက ဆည်ဆောက်နေပါတယ်။ အမေရိကန်ဒေါ်လာ ၄ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်းကနေ မဂ္ဂါဝပ် ၆၄၅၀ ထုတ်နိုင်မှာဖြစ်ပြီး တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ မရှိမဖြစ် အရေးပါတယ်လို့ အီသီယိုးပီးယား အစိုးရက ပြောပါတယ်။ 
12 months Ago

February 20, 2020

နိုင်းမြစ်တွင် Blue Nile ဆည်ဆောက်ရန် နိုင်ငံ ၃ နိုင်ငံကို အမေရိကန်တိုက်တွန်း

ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်မှာ Blue Nile ဆည်ကြီး တည်ဆောက်ရေး သဘောတူညီချက်ရဖို့ အီသီယိုပီးယား၊ ဆူဒန်နဲ့ အီဂျစ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဖေဖော်ဝါရီ ၁၈ မှာ တိုက်တွန်း လိုက်ပါတယ်။ ဒီအရေးကြောင့် အီဂျစ်နဲ့ အီသီယိုပီးယားနိုင်ငံတို့အကြား သံတမန်ရေး အကြပ်အတည်း အချိန်တနှစ်လောက် ဖြစ်ပွားခဲ့ပါတယ်။ သုံးနိုင်ငံလုံးအတွက် အလုပ်ဖြစ်မယ့် ညှိနှိုင်းပြေလည်မှုကို ရအောင်ရှာဖို့က အမေရိကန်ရဲ့ ရည်မှန်းချက်ပဲလို့ အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပွန်ပေအိုက ပြောပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းဟာ အီသီယိုပီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်လို့ အီသီယိုပီးယားက ပြောပါတယ်။  အီဂျစ်ကတော့ ဆည်ကြောင့် သူ့နိုင်ငံရဲ့ အဓိက ရေချိုရင်းမြစ်ဖြစ်တဲ့ နိုင်းမြစ်ရဲ့  ရေစီးဆင်းမှု အပေါ်သက်ရောက်မှာ စိုးရိမ်နေတာပါ။  အမေရိကန်ဒေါ်လာ ၄ လီလီယံတန် အီသီယိုပီးယား ပြန်လည်ထွန်းကားရေး ဆည် စီမံကိန်းကို ၂၀၁၁ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။  အဲဒီအချိန်မှာ အီဂျစ်နိုင်ငံအတွင်း သမ္မတဟောင်း ဟိုစနီ မူဘာရတ်ကို ဖယ်ရှားခဲ့တဲ့ ဆန္ဒပြပွဲနောက်ပိုင်း နိုင်ငံရေးအခြေအနေ ကသောင်းကနင်း ဖြစ်နေပါတယ်။ ဒီဆည်ကို ဆောက်ဖြစ်ခဲ့ရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ကျော် ထုတ်လုပ်နိုင်လို့ အီသီယိုပီးယားဟာ အာဖရိကရဲ့အကြီးဆုံးစွမ်းအင် တင်ပို့သူ ဖြစ်လာနိုင်ပါတယ်။  နိုင်းမြစ်ဟာ အီဂျစ်နိုင်ငံကို ဖြတ်စီးပြီး မြေထဲပင်လယ်ထဲ စီးမဝင်ခင် နိုင်ငံပေါင်း ၉ နိုင်ငံကို ဖြတ်သန်းစီးဆင်းပါတယ်။  အီသီယိုပီးယားနိုင်ငံဟာ အာဖရိကရဲ့ လူဦးရေ ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ရဲ့ ကာလရှည် မိတ်ဖက်ဖြစ်တဲ့အပြင် အမေရိကန်ရဲ့ အထောက်အပံ့ကို နှစ်စဉ် အမေရိကန် ဒေါ်လာ တစ်ဘီလီယံလောက် ရနေပါတယ်။
1 year Ago
Up