absdf

December 14, 2018

ဖမ်းထားသည့် တပ်ဖွဲ့ဝင်များကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကျောင်းသားတပ်မတော် တောင်းဆို

တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တောင်းဆိုလိုက်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို  မိုးညှင်းမြို့နယ် တရားရုံးမှာ မတရားအသင်း အက်ဥပဒေ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲဆိုတာကို ကန့်ကွက်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကျောင်းသားတပ်မတော်အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားသလို ၂၀၁၅ ခု အောက်တိုဘာ ၁၂ ရက်နေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၂/၂၀၁၅ အရ မတရားအသင်းမှ ပယ်ဖျက်ခြင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အမှတ် ၃/၂၀၁၅ အရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ထားပြီး ဖြစ်ပါတယ်။ ဒီလို သဘောတူညီချက် ကတိကဝတ်ပြု ပြဋ္ဌာန်းချက်တွေနဲ့အညီ မိမိတို့အဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်တာကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် သက်ဆိုင်ရာ အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲက “ဒီနေ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ကျနော်တို့အားလုံးဟာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို စွမ်းဆောင်နေကြတဲ့ အဖွဲ့အစည်းတွေမှာ စာချုပ်စာတမ်းတွေ ချုပ်ဆိုခဲ့ကြရပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုတင် စွဲတယ်ဆိုကတည်းကိုက ကတိကဝတ်တွေ၊ ပြဋ္ဌာန်းချက်တွေကို စောင့်ထိန်းမှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ကန့်ကွက်ရခြင်းဖြစ်ပါတယ်။” ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ရဲစခန်းမှာ တရားစွဲဆိုထားပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တရားရုံး ချိန်းဆိုထားပါတယ်။ ဒီလို အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတဲ့ကိစ္စမှာ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေအကြား ပြန်လည်ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။
3 years Ago

December 2, 2018

ABSDF တပ်ဖွဲ့ဝင်အချို့အားဖမ်းဆီးမှု အန်စီအေထိုးထားသောအဖွဲ့များကို ထိန်းချုပ်လိုသည့် သဘောဟုဆို

ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးတာဟာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို ထိန်းချုပ်ချင်တဲ့သဘော သက်ရောက်နေတယ်လို့ PNLO နယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးအပါအ၀င် ၃ ဦးကို တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေက တရားလိုလုပ်ကာ မတရားအသင်းအက်ဥပဒေ (၁၇) ၁ နဲ့ ဖမ်းဆီးထားပါတယ်။ ပအို့ပ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခုလို လက်မှတ်ထိုးထားတဲ့ ABSDF က ရဲဘော်တွေကို ဒီလိုထိန်းချုပ်လိုက်တာဟာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ နည်းနည်းလေး တင်းကြပ် ထိန်းချုပ်ချင်တဲ့ သဘောသက်ရောက်နေတာပေါ့၊ ဒီလိုယူဆရတယ်” လို့ ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကွယ်လွန်သွားတဲ့ ABSDF တပ်ဖွဲ့ဝင်တဦးရဲ့ နာရေးကို KIA ထိန်းချုပ်နယ်မြေမှာ သွားရောက်ခဲ့တာကြောင့် ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ တပ်ရုံးမှူး ဦးမောင်ဦးနဲ့ ယာဉ်မောင်းအရပ်သာတဦးတို့ကို နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ABSDF ဘက်က ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ဒီ ၃ ဦးကို မိုးညှင်းမြို့နယ် ခလရ တပ်ရင်း ၁၅ မှ ဗိုလ်ကြီးသီဟစိုးက တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ (၁၇) ၁ နဲ့ မိုးညှင်းရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားပါတယ်။ “မနေ့က ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဖမ်းထားတဲ့ ၃ ယောက်ကို ရုံးထုတ်ရမန်ယူတယ်။ လောလောဆယ်တော့ မိုးညှင်းရဲစခန်းမှာ ရှိသေးတယ်။ တရားရုံးကနေတော့ ရမန်ကြီးတပတ်ယူထားတယ်။ တရားလိုကိုယ်တိုင် လာရောက်ခဲ့တယ်” လို့ အမှုကို လက်ပါဆောင်ရွက်ပေးနေတဲ့ ABSDF ရဲဘော်ဟောင်းတဦးဖြစ်သူ ဦးစိန်အေးက ပြောပါတယ်။ အခုလို NCA ထိုးထားတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူမှုတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်စေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ပြောဆိုထားပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရ၊ တပ်မတော်ကြား ယုံကြည်မှုတည်ဆောက်နိုင်တဲ့ ဆွေးနွေးမှုတွေ များစွာလုပ်ဖို့ လိုအပ်နေသေးကြောင်းလည်း ဦးခွန်ဥက္ကာက ပြောပါတယ်။ အခုလို ABSDF ဒုဥက္ကဋ္ဌအပါအ၀င် ၃ ဦးကို ဖမ်းဆီးထားတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေထံ အကြောင်းကြားပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး စာ ၃ သုံးစောင် ပို့ထားတာ ရှိတယ်လို့တော ကြားတယ်။ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဆီ လိပ်မူပြီးတစောင်၊ NRPC ဥက္ကဋ္ဌဆီ လိပ်မူပြီး တစောင်ရယ်၊ နောက် JMC ဥက္ကဋ္ဌ ရယ်ဆီကိုပေါ့။ ကျန်တဲ့အသေးစိတ်တော့ မသိဘူး” လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။ “အဓိကကတော့ ABSDF ဆိုတာ တရားဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက်တချက်က ပြည်ထောင်စုအဆင့် ထိုးထားတဲ့အဖွဲ့အစည်းလေ၊ ဒီလိုအခြေအနေမှာတောင် ရဲဘော်တွေနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတယ်ဆိုတာ မဖြစ်သင့်ဘူး” လို့ ABSDF ဗဟိုကော်မတီဝင် မမိဆူးပွင့်က ပြောပါတယ်။
3 years Ago
More News
Up