ရိုဟင်ဂျာ

November 14, 2018

ရိုဟင်ဂျာနှိပ်ကွပ်မှု ခွင့်မလွှတ်နိုင်ဟု အမေရိကန်ဒုသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ပြော

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး ခွင့်မလွှတ်နိုင်တဲ့အကြောင်း အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ ပြောကြားလိုက်ပါတယ်။ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်တို့ သီးသန့်တွေ့ဆုံရာမှာ ပြောကြားလိုက်တာပါ။ “ရိုဟင်ဂျာ ၇ သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားစေခဲ့တဲ့ စစ်တပ်နဲ့ ကင်းစောင့်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ခွင့်လွှတ်လို့ မရဘူး” လို့ အမေရိကန် ဒုသမ္မတက ပြောပါတယ်။ သိန်းနဲ့ချီတဲ့လူတွေ နေစရာမဲ့ဖြစ်ခဲ့ရပြီး အသက်တွေ သေဆုံးခဲ့ရတာ အပါအဝင် ဆင်းရဲဒုက္ခတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့အတွက် တိုးမြှင့်လုပ်ဆောင်မှုတွေကို ကြားသိချင်နေတယ်လို့လည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေကို အမေရိကန်အစိုးရအနေနဲ့ မြင်တွေ့ချင်တယ်လို့လည်း အမေရိကန် ဒုသမ္မတက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “ကျမတို့နိုင်ငံအကြောင်းကို တခြားနိုင်ငံတွေထက် ကျမတို့ ပိုသိနားလည်တယ်” လို့ တုံ့ပြန်ခဲ့ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံကို ဘေးကင်းလုံခြုံတဲ့၊ ပိုမိုကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ အမေရိကန် ဒုသမ္မတကတော့ ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
3 years Ago

August 29, 2018

ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှု တာဝန်ယူ တာဝန်ခံရန် ကုလ တိုက်တွန်းတောင်းဆို

ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် မြန်မာအနေနဲ့ တာဝန်ယူ တာဝန်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး  အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာတပ်မတော် ခေါင်းဆောင်တွေကို စွပ်စွဲဖော်ပြထားပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူဖို့ တိုက်တွန်းထားတာပါ။ ဒီအစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ အားလုံးက အလေးအနက်ထား စဉ်းစားဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ “တာဝန်ယူ တာဝန်ခံမှု လုပ်ငန်းကို အများယုံကြည်မှုရှိစေဖို့၊ ပွင့်လင်းမြင်သာရှိစေဖို့၊ သမာသမတ်ရှိဖို့နဲ့ လွတ်လပ်မှုရှိဖို့၊ ဒါ့အပြင် နိုင်ငံတကာ ဥပဒေအောက်မှာ မြန်မာအနေနဲ့ တာဝန်ရှိရှိ လိုက်နာလုပ်ဆောင်ဖို့ ထိရောက်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးလိမ့်မယ်” လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကတော့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ ပြောပါတယ်။ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတွေကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) ကို လွှဲပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာအပေါ် ဖိအားပေးမှုတွေ ရပ်တန့်ဖို့၊ စိတ်ရှည်ဖို့နဲ့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးဆောင်ရွက်ဖို့ ပြောပါတယ်။ ရခိုင်ကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးဖြေရှင်းဖို့နဲ့ ဒုက္ခသည်တွေကို မြန်နိုင်သမျှ အမြန်ဆုံး နေရပ်ကို ပြန်လည်စတင်ပို့ဆောင်ရေး ဦးစားပေးလုပ်ဆောင်ဖို့၊ ပြန်ပို့တဲ့ လုပ်ငန်းစဉ်အတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေ တဖြည်းဖြည်း ဖြေရှင်းဖို့လည်း ကုလသမဂ္ဂဆိုင်ရာ တရုတ် လက်ထောက်သံအမတ်ကြီး ဝူဟိုင်တာအိုက တိုက်တွန်းပါတယ်။ ရုရှားနိုင်ငံကတော့ ခက်ခဲနက်နဲတဲ့ ရခိုင်ပြည်နယ်ပြဿနာကို ငြိမ်းချမ်းတဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ မျှမျှတတနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မလုပ်ဘဲ ချဉ်းကပ်ဖို့ တိုက်တွန်းပါတယ်။ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မာဆူဒ် ဘင်မိုမန်ကတော့ သီတင်းပတ်တိုင်းမှာ ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ လူမဆန်မှု သက်သေအထောက်အထား အသစ်တွေ ရရှိနေတယ်၊ သက်သေအထောက်အထား ပေါ်ထွက်လာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူ တုံ့ပြန်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ကုလသမဂ္ဂ  အချက်အလက်ရှာအဖွဲ့ရဲ့ ဘက်လိုက်မှုနဲ့ သမာသမတ် မရှိမှုတို့ကြောင့် အချက်အလက်ရှာအဖွဲ့နဲ့  မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာလို့ ပြောပါတယ်။ ခုလို လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင် ဒီအစီရင်ခံစာ ထုတ်ပြန်တာဟာ  ဒီအဖွဲ့ရဲ့ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနဲ့ ရိုးသားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့  တနှစ်ပြည့်ချိန်မှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဗြိတိန်နိုင်ငံရဲ့ ကမကထပြုမှုနဲ့  တံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့တာပါ။ ဒီအစည်းအဝေးမှာ UNHCR ရဲ့ ချစ်ကြည်ရေးသံတမန် ဟောလိဝုဒ်မင်းသမီး ကိတ်ဘလန့်ချတ်လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး မနှစ်က ဘင်္ဂလားဒေ့ရှနိုင်ငံမှာ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့စဉ်က သေလောက်အောင် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အမျိုးသမီးတွေကို ရက်ရက်စက်စက် စော်ကားမှုတွေ၊ သူတို့ချစ်တဲ့သူတွေ မျက်စိရှေ့မှာ အသတ်ခံရတာတွေ ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ခေါင်းဆောင် ၆ ဦးကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီ နိုင်ငံတကာဥပဒေတွေအရ စုံစမ်းစစ်ဆေးဖို့ သြဂုတ် ၂၇ ရက်မှာ အစီရင်ခံစာထုတ်ပြန် အကြံပြု တိုက်တွန်းထားတာပါ။
3 years Ago
More News
Up