ရုရှားဘောလုံးပရိသတ်များ အဖွဲ့ချုပ်ခေါင်းဆောင်ကို ပြင်သစ်နိုင်ငံက ပြန်ပို့

June 17, 2016

ရုရှားဘောလုံးပရိသတ်များ အဖွဲ့ချုပ်ခေါင်းဆောင်ကို ပြင်သစ်နိုင်ငံက ပြန်ပို့

ရုရှားဘောလုံးပရိသတ်များအဖွဲ့ချုပ်ခေါင်းဆောင် လက်ယာစွန်းတဦးကို ပြီးခဲ့တဲ့တပတ် အင်္ဂလန်-ရုရှား ဘောလုံးပွဲအတွင်း ပြဿနာရှာမှုနဲ့ ပြင်သစ်နိုင်ငံက ဇွန် ၁၆ ရက်နေ့မှာ ပြန်ပို့လိုက်ပါတယ်။ အဖွဲ့ခေါင်းဆောင် အလက်ဇန်းဒါး ရှပရီဂျင် (Alexander Shprygin) ဟာ ဖမ်းဆီးပြန်ပို့ခံရသူ ရုရှားဘောလုံးပရိသတ် အယောက် ၂၀ ထဲမှာ ပါဝင်ပြီး ဇွန် ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတာပါ။ ရုရှား-ဆလိုဗက်ကီးယားပွဲကို အားပေးဖို့ မာဆေးမြို့ကနေ လီလီမြို့ကိုအသွား ပြင်သစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ရုရှားအစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။ အခုလို ရုရှားဆန့်ကျင်ရေးလုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မယ်လို့ ပြောဆိုခဲ့သလို မော်စကိုမြို့တော်က ပြင်သစ်သံအမတ်ကို ဆင့်ခေါ်ပြီးတော့လည်း ကန့်ကွက်ခဲ့ပါတယ်။ ရှပရီဂျင်ရဲ့ ရုရှားဘောလုံးပရိသတ်အဖွဲ့ချုပ်ဟာ ရုရှားအစိုးရရဲ့ နောက်ခံအားကို ရရှိပြီး လက်ယာစွန်း အမြင်သဘောထား ပြင်းထန်ပြီး နာဇီအလေးပြုပုံစံတွေနဲ့လည်း ဓာတ်ပုံ အရိုက်ခံခဲ့ကြတာပါ။ ပြင်သစ်အာဏာပိုင်တွေက သူတို့ အယောက် ၂၀ လုံးကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပြင်သစ် လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပြီး လာမယ့် ၅ ရက်မှာ ပြန်လွှတ်မယ်လို့ ရုရှားဘောလုံးပရိသတ်များ အဖွဲ့ချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။
5 years Ago
Up