ရုရှားကာကွယ်ရေးဝန်ကြီး

June 4, 2019

ဒုံးခွင်းဒုံးသစ် စမ်းသပ်ပစ်လွှတ်သည့် ဗွီဒီယို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ကာဇက်စတန်နိုင်ငံရှိ ဆယ်အီရှက်ဂန် ဒုံးကျည်စမ်းသပ်နေရာကနေ ဒုံးခွင်းဒုံးသစ် စမ်းသပ်ပစ်လွှတ်တဲ့ ဗွီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အဲဒီဒုံးခွင်းဒုံးကို ကားလ်မာ့က်စ်ယာဉ်နဲ့ စမ်းသပ်နေရာဆီ သယ်ဆောင်လာပြီး ဒုံးပစ်စင်မှာ တပ်ဆင်ခဲ့ပါတယ်။ အဲဒီ ဒုံးခွင်းဒုံးဟာ နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် တစိတ်တပိုင်း ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဟာ ဆယ်အီရှက်ဂန် ဒုံးကျည်စမ်းသပ်နေရာမှာ ဒုံးခွင်းဒုံး နှစ်ကြိမ်ထက်မနည်း စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်ဒုံးကျည်တွေကို မြို့တော် မော်စကိုကို ကာကွယ်ဖို့ ဖြန့်ကြက်ထားပြီး အဲဒီ ဒုံးကျည်ကာကွယ်ရေး စွမ်းရည်မှာ အလားအလာရှိတဲ့ လေကြောင်းတိုက်ခိုက်ရန်ကနေ ကာကွယ်ဖို့ နျူထိပ်ဖူးတပ် တာတိုပစ် ကြားဖြတ်ကျည်တွေတပ်ထားတဲ့ A-135 စနစ် ပါဝင်ပါတယ်။ အခု ဒုံးခွင်းဒုံး စမ်းသပ်ပစ်လွှတ်မှုဟာ အောင်မြင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
2 years Ago

December 23, 2016

ဆီးရီးယားသူပုန် ၃၅၀၀၀ ကို သတ်ဖြတ်ချေမှုန်းနိုင်ခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီး ပြော

ရုရှားစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဆီးရီးယားသူပုန် ၃၅၀၀၀ ကို သတ်ဖြတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူး (Sergei Shoigu) က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့ကလုပ်တဲ့ ရုရှားစစ်တပ် ထိပ်တန်းအရာရှိကြီးတွေ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီပွဲကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်လည်း တက်ရောက်ခဲ့ပြီး “ဆီးရီးယားမှာရှိတဲ့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းနိုင်ခြင်းအားဖြင့် ရုရှားစစ်တပ်ရဲ့ အင်အားအပေါ် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဆီးရီးယားစစ်တပ်ဟာ ထူးခြားတဲ့ထောက်ခံမှုကို ရရှိပြီး သူပုန်တွေကို နှိမ်နင်းနိုင်ခဲ့ကြောင်း” ပြောကြားသွားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူးကလည်း “စစ်ဆင်ရေးအကြောင်း ခြုံပြောရမယ်ဆိုရင် ပထဝီဝင်နိုင်ငံရေးအနေအထားအရ ဆုံးဖြတ်ချက်တချို့ကို ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ဆီးရီးယားမှာရှိတဲ့ နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ သူတို့ကို လက်နက်ငွေကြေး ထောက်ပံ့နေသူတွေကို ဖြတ်တောက်နိုင်ခဲ့ပြီး ဆီးရီးယားနိုင်ငံ ပြိုလဲမယ့်အရေးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်ဆီ ပျံ့နှံ့လာနိုင်တဲ့ တော်လှန်ရေးကွင်းဆက်ကို တားဆီးနိုင်ခဲ့ကြောင်း” ပြောကြားသွားပါတယ်။ အဲဒီနောက် ဆက်ပြီး ရုရှားစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သူပုန်စခန်း ၇၂၅ ခုနဲ့ လက်နက်စက်ရုံ ၄၀၅ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး သူပုန် ၃၅၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသွားပါတယ်။
4 years Ago
Up