ရုရှား

July 29, 2019

ရုရှားရေတပ်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ကျင်းပ

ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသက ဆီဗာစတော်ပယ် ဆိပ်ကမ်းမြို့မှာ ဇူလိုင် ၂၈ ရက်က ရုရှားရေတပ်နေ့ အထိမ်းအမှတ် စစ်ရေးပြပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ရုရှားရေတပ်သင်္ဘောတွေက တော်ပီဒိုတွေ၊ ဒုံးကျည်တွေ ပစ်ခတ်ပြသခဲ့တဲ့  စစ်ရေးပြ အခမ်းအနားကို ထောင်ချီတဲ့လူတွေ လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။ ရေတပ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ၊ လေထီးစစ်သည်တွေ၊ ကုန်းရေနှစ်သွယ်သုံး ယာဉ်တွေအပြင် စစ်သားတွေရဲ့ တိုက်ခိုက်စွမ်းရည်တွေလည်း ပြသခဲ့ကြပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံဆီကနေ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့တာပါ။ ခရိုင်းမီးယား ပြဿနာကြောင့် အနောက်နိုင်ငံ တော်တော်များများက ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရုရှားရေတပ်နေ့ အခမ်းအနားကို ဝန်ကြီးချုပ် ဒီမီထရီ မက်ဒ်ဗီဒက်ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံကတော့ ရုရှားဝန်ကြီးချုပ် မက်ဒ်ဗီဒက်ဗ်ရဲ့ ခရိုင်းမီးယားခရီးစဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
2 years Ago

July 28, 2019

ရုရှား ဆန္ဒပြပွဲအတွင်း လူ ၁၀၀၀ ကျော်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ရုရှားမြို့တော် မော်စကိုက မြို့လယ်မှာ ဇူလိုင် ၂၇ ရက်က အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲ အတွက် စုရုံးလာသူတွေကို ရုရှားရဲတွေက စပြီးဖမ်းခဲ့ပါတယ်။ တရားမဝင် ဆန္ဒပြပွဲလို့ အာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း အခင်း ဖြစ်ရာ နေရာကို ရောက်နေတဲ့ ရိုက်တာသတင်းဌာန သတင်းထောက်က ပြောပါတယ်။ ဆန္ဒပြပွဲအတွင်း လူအယောက် ၁ဝဝဝ ကျော်ကို ဖမ်းထားပြီးပြီလို့ သဝါရှင်တန်ပို့စ် သတင်း ဌာနက ဇူလိုင် ၂၈ ရက်မှာ အစီရင်ခံပါတယ်။ ရုရှားရဲတွေဟာ ဆန္ဒပြပွဲမတိုင်ခင် အစောပိုင်းမှာတည်းက အတိုက်အခံ ပါတီက ထင်ရှားတဲ့ အဖွဲ့ဝင်တွေကို ကြိုတင်ဖမ်းထားပြီးသားပါ။ မော်စကိုဒေသအတွက် စက်တင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲမှာ မျှတမှုမရှိဘဲ အတိုက်အခံ စိတ်ဓာတ်ရှိသူ ကိုယ်စားလှယ် လောင်းတွေကို ဝင်ပြိုင်ခွင့်မရ အောင် ဖယ်ရှားထားတယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲကို စီစဉ်ခဲ့တာလို့လည်း အတိုက်အခံတွေက ပြောခဲ့ပါတယ်။
2 years Ago
More News
Up