ရုပ်ရှင်

July 29, 2019

နာမည်ကြီးရုပ်ရှင် - Fast & Furious Presents: Hobbs & Shaw သြဂုတ် ၂ ရက်ရုံတင်မည် (နမူနာ)

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဟောလိဝုဒ်ရုပ်ရှင် Fast & Furious Presents: Hobbs & Shaw ကို လာမယ့် သြဂုတ် ၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Adventure Action အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ John Wick (2014)၊ Deadpool 2 စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ David Leitch က ရိုက်ကူး ပုံဖော်ပေးထားပြီး ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Seven Bucks Productions နဲ့ Chris Morgan Productions တို့က တင်ဆက်လိုက်တာပါ။ နာမည်ကြီး Fast & Furious ရုပ်ရှင်ကားတွေရဲ့ ပထမဆုံး ရုပ်ရှင်ကားကိုတော့ ၂၀၀၁ ခုနှစ်မှာ စတင်ပြသခဲ့ပြီး အဲဒီနောက်မှာတော့ နောက်ဆက်တွဲအနေနဲ့ ဆက်တိုက်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား ၈ ကားအထိ ရှိခဲ့ပြီဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ The Fate of the Furious ရုပ်ရှင်က နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပါတယ်။ ခုတပတ် ရုံတင်တော့မယ့် Hobbs & Shaw ရုပ်ရှင်ကတော့ သီးခြားခွဲထွက်လာတဲ့ Spin-Off ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ MI 6 Agent ဟောင်းတယောက် ဖြစ်တဲ့အပြင် Cyber Terrorist တယောက်က လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကို တီထွင်လိုက်ပြီး အနာဂတ် လူသားမျိုးနွယ်စုတွေကို ခြိမ်းခြောက်လာတဲ့ အချိန်မှာ ဒါကို အမေရိကန် သံတမန်ရေးရာ လုံခြုံရေးဝန်ထမ်းဟောင်း အေးဂျင့်တယောက်ဖြစ်တဲ့ Hobbs နဲ့ ဗြိတိန်အထူးရဲတပ်ဖွဲ့ အေးဂျင့်ဟောင်း Shaw တို့ ပူးပေါင်းပြီး ဘယ်လိုမျိုး ဗိုင်းရပ်စ်ကို ဖျက်ဆီးမလဲ၊ ဘယ်လိုတားဆီး ကာကွယ်ကြမလဲ ဆိုတာတွေကို ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ The Rock လို့ ပရိသတ်တွေသိကြတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား Dwayne Johnson နဲ့ မင်းသား Jason Statham တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပြီး သူတို့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Idris Elba၊ Vanessa Kirby နဲ့ Helen Mirren တို့ကလည်း တွဲဖက် ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားပြီး Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ယူကျုပေါ်မှာတော့ ဒီရုပ်ရှင်ကား နမူနာကို လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၃၀ ကျော် ရှိနေပါတယ်။
2 years Ago

July 19, 2019

ထွက်ရှိပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် It Chapter Two ရုပ်ရှင် (နမူနာ)

ရုံတင်ဝင်ငွေ စံချိန်ချိုးခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ကား IT ရဲ့ နောက်ဆက်တွဲရုပ်ရှင် ကားတကားဖြစ်တဲ့ IT Chapter Two ရုပ်ရှင် Trailer ဟာ ယူကျုဘ်ပေါ်မှာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့ပါတယ်။ သဘာဝလွန် သွေးပျက်ထိတ်လန့်ဖွယ် ရုပ်ရှင်ကားအမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ စတီဖင်ကင်းရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ၀တ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ ၀င်ငွေအမေ ရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာပါ။ ခုလာမယ့် စက်တင်ဘာလမှာ ရုံတင်ပြသမယ့် IT Chapter Two ရုပ်ရှင်ကိုတော့ အရင်ကားကို ရိုက်ကူးခဲ့တဲ့ အာဂျင်တီးနားရုပ်ရှင်ဒါရိုက်တာ     Andy Muschietti ကပဲ ထပ်မံပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကား IT ထဲမှာတော့ မြို့ငယ်လေးတမြို့ကို ရောက်ရှိလာခဲ့တဲ့ ခြောက် ခြားစရာ သွင်ပြင်နဲ့ မိစ္ဆာကောင်ကြီး Pennywise လူငယ်လေးတစုက ရင်ဆိုင်ခဲ့ကြရတာကို ရှုစားခဲ့ကြရတာဖြစ်ပြီး နောက်ဆက်တွဲရုပ်ရှင် Chapter Two မှာတော့ သူတို့တွေဟာ အရွယ်ရောက်လာခဲ့ကြပြီဖြစ်တဲ့ အခြေအနေတွေနဲ့အတူ ပြန်လည်ပေါင်းစည်းမိကြပြီး ဘယ်လိုသွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန် တီးထားမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား James McAvoy ပါဝင်လာခဲ့ပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေ ငြာထားပါတယ်။
2 years Ago
More News
Up