ရိုဟင်ဂျာ

February 8, 2018

ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာကိုသက်သေအခိုင်အမာပြနိုင်ရန် သမိုင်းမူကြမ်းရေးဆွဲပြီးစီး(ရုပ်သံ)

မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာကို သက်သေအခိုင်အမာ ပြနိုင်ဖို့ သမိုင်းမူကြမ်းရေးဆွဲပြီး ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုရင်း ပြောဆိုခဲ့တာပါ။ “နှစ်ပေါင်းထောင်ချီ ကာလတွေကတည်းက ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားတွေထဲမှာ မရှိဘူးဆိုတာ လူတိုင်းလည်း သိပါတယ်။ သို့သော်ဒါကို လက်မခံဘူး။ မရှိဘူးလို့ ပြောနေရုံနဲ့ မပြည့်စုံပါဘူး။ ခိုင်မာတဲ့ သမိုင်း သက်သေအထောက်အထား ပြနိုင်ရပါမယ်။ အဲလို ပြနိုင်ဖို့အတွက်ကို မြန်မာ့ သမိုင်းထဲကို ဘဂါင်္လီ ဝင်ရောက်လာမှု သမိုင်းကြောင်းကို ပြုစုတဲ့အခါမှာ မြန်မာ သမိုင်းပညာရှင်များသာ မကဘဲနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်များပေါ့။ အထူးသဖြင့် အင်္ဂလန်တို့၊ ပြင်သစ်တို့ ပညာရှင်တွေ ရေးတဲ့စာအုပ်၊ စာတမ်း အထောက်အထားတွေ အကုန် ရယူပြီးမှ ဒါကို ပြုစုတာ ဖြစ်ပါတယ်။”လို့ သူရဦးအောင်ကိုကပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ သမိုင်းနဲ့အတူ မြန်မာနိုင်ငံအတွင်းကို ဘဂါင်္လီတွေ ဝင်ရောက်လာပုံ သမိုင်းစာအုပ်ရေးသားမှုဟာ မူကြမ်းအဆင့် ပြီးမြောက်ပြီးဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အဲဒီ သမိုင်းစာအုပ်ရေးသားဖို့ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
3 years Ago

February 7, 2018

သူတို့ ဘာကြောင့် လုပ်ဇာတ်လမ်းတွေ ပြောနေကြသလဲ

(အောက်ပါဆောင်းပါးမှာ နယူးယောက်တိုင်းမ်စ် သတင်းစာတွင် ဟန်နာဘိခ်ျ (Hannah Beech) ရေးသော The Rohingya Suffer Real Horrors. So Why Are Some of Their Stories Untrue? ကို တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။ မူရင်းဆောင်းပါးပါ Rohingya ဆိုသော ဝေါဟာရမှာ သူ၏ သမိုင်းဇာစ်မြစ်ကို လေ့လာမှုများအရ မမှန်ကန်ပါ။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးစဉ်က သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အင်္ဂလိပ်အစိုးရ ခေါ်သွင်းလာသည့် ထိုသူတို့ကို စစ်တကောင်းသားများ (Chaitagonians) ဟုသာ ခေါ်ဝေါ်သုံးနှုန်းခဲ့ပါသည်။ သို့ဖြစ်၍ ယခုဆောင်းပါးကို မြန်မာလို ဘာသာပြန်ရာတွင် စစ်တကောင်းနယ်သား ဘင်္ဂါလီဟု သုံးနှုန်းထားပါသည်။) ဟန်နာဘိခ်ျနှင့်ပတ်သက်၍ ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားထားသည်။ (ဒုက္ခသည်စခန်းက မုသားများ ဟန်နာဘိခ်ျ (Hannah Beech) ဆိုရင် မြန်မာနိုင်ငံက လူတွေက ဆရာတော် ဦးဝီရသူအကြောင်းရေးတဲ့ သတင်းထောက်အမျိုးသမီးလို့ပဲ သိကြတယ်။ သူ့ကို ကျွန်တော် နှစ်ခါ၊ သုံးခါ တွေ့ဖူးတယ်။ သူ ယုံကြည်တာ သူရေးမယ်ဆိုတဲ့ သတင်းထောက်စစ်စစ်ပဲ။ သူနဲ့ အမြင်မတူတာတွေများပေမယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကိုတော့ လေးစားပါတယ်။ ဒါ့ကြောင့်လည်း ဦးဝီရသူဆောင်းပါးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကို အမည်မည်းစာရင်းသွင်းပြီး ပြည်ဝင်ခွင့်ဗီဇာ မပေးတဲ့အချိန်မှာ မြန်မာနိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာ မီဒီယာညီလာခံတစ်ခုကို သူလာတက်လို့ရအောင် ဆောင်ရွက်ပေးခဲ့ဖူးတယ်။ သူ့ကို ဒီမှာရောက်နေတုန်း ငြိမ်ငြိမ်သက်သက်နေ၊ ခင်ဗျားရောက်နေမှန်းသိရင် ညီလာခံကိုလာပြီး ဆန္ဒပြမယ့်သူတွေ ရှိတယ်။ ရေးချင်တာရှိရင် ပြန်သွားမှာရေးပါဆိုပြီး တောင်းဆိုတာကလွဲရင် ဘာကန့်သတ်ချက်မှ မလုပ်ခဲ့ဘူး။ အခု ဟန်နာဘိခ်ျက ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ တွေ့ခဲ့ရတဲ့ မုသားစကားတွေအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထားတယ်။ - Ye Htut ဖေ့စ်ဘွတ်ခ်မှ) သတင်းထောက် ဟန်နာဘိခ်ျ ရေးသားထားသော ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုလေ့လာနိုင်ရန် ဘာသာပြန်တင်ဆက်လိုက်ရပါသည်။ ညီအမလေးယောက်မှာ လူအုပ်အတွင်း ထိုင်နေကြသည်။ သို့သော်လည်း သူတို့ချည်းသီးခြား။ သူတို့ပြောပြသော ဇာတ်လမ်းက ပြဇာတ်ဆန်ဆန်။ သူတို့အမေမှာ မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်တွင် စစ်သားများက သူတို့အိမ်ကို မီးရှို့ခဲ့ချိန်တွင် သေဆုံးသွားခဲ့သည်။ သူတို့အဖေမှာကား စစ်တကောင်း မွတ်ဆလင် ထောင်ပေါင်းများစွာကဲ့သို့ တရားစွဲဆိုစစ်ဆေးခံရချိန်တွင် ပျောက်ဆုံးသွားခဲ့သဖြင့် သေဆုံးသွားပြီလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ အသက်အရွယ်အားဖြင့် ၁၂ နှစ်၊ ၈ နှစ်၊ ၅ နှစ်နှင့် ၂ နှစ် အသီးသီးရှိကြသော ညီအမလေးယောက်မှာ တနည်းနည်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာခိုလှုံခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် နှစ်ပေါင်းများစွာ နေထိုင်နေသော ဦးလေးတော်သူတယောက်က သူတို့ကိုခေါ်ထားသည်။ သူ့ဦးလေးက ထိုကလေးမလေးများကို သူစုဆောင်းထားသည့် ဆာလောင်ငတ်မွတ်နေသော ကလေးများအုပ်စုထဲ ထည့်ထားပေးသည်။ “ကျမမိဘတွေက မြန်မာနိုင်ငံမှာ အသတ်ခံကြရတယ်” လို့ အကြီးဆုံးမိန်းကလေး ဂျနုကာ ဘီဂမ်းက ဆိုသည်။ “ကျမ သူတို့ကို သိပ်လွမ်းတယ်” ကျမ (ဟန်နာဘိခ်ျ) သည် ‘မိသားစုများမပါဘဲ စခန်းသို့ ရောက်လာကြသည့် ကလေးများအကြောင်း’ သတင်းလိုက်နေသူဖြစ်သည်။ ကျမကို အဆိုပါမိန်းကလေးများနှင့် တွေ့ဆုံရန် နိုင်ငံတကာ ပရဟိတအဖွဲ့တဖွဲ့ (International charity) က သူတို့၏ ဦးလေးဆိုသူနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဦးလေးဆိုသူမှာ နိုင်ငံတကာ ပရဟိတအဖွဲ့၏ ဘဏ္ဍာရေးအထောက်အပံ့ရရှိသူ ဖြစ်၏။ တနာရီအတွင်းမှာပင် ကျမ၏ မှတ်စုစာအုပ်အတွင်း စိတ်ထိခိုက်ဖွယ်ရာ ပြောဆိုချက်များဖြင့် ပြည့်နှက်သွားခဲ့တော့သည်။ သို့သော် အဖြစ်အပျက်အမှန်များမှာ အနည်းအကျဉ်းသာ ပါလေသည်။ သတင်းရေးသားပေးပို့ပြီး သုံးရက်လွန်မြောက်သွားသည့်နေ့တွင် အမှန်တရား ထွက်ပေါ်လာသည်။ သူတို့ဦးလေးဟုဆိုသော ဆိုယွတ် ဟိုစိန် (Soyud Hossain) မှာ အမှန်အားဖြင့် ကလေးမများ၏ဖခင်ဖြစ်သည်။ သူ့တွင် မိန်းမသုံးယောက်ရှိကာ နှစ်ယောက်မှာ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြပြီး တယောက်မှာ မြန်မာနိုင်ငံတွင် နေထိုင်သည်ဟု သူက ဝန်ခံသည်။ ကလေးမများမှာ မြန်မာနိုင်ငံရှိ သူ၏ အငယ်ဆုံးဇနီးနှင့် ရသောကလေးများ ဖြစ်ကြလေသည်။ မည်သည့်ဒုက္ခသည်စခန်းတွင်မဆို ကြေကွဲဝမ်းနည်းစရာကောင်းသည့် ပုံပြင်များမှာ ရောင်းပန်းလှသည်။ အကူအညီပေးသည့် ပရဟိတအဖွဲ့များသည် လိုအပ်နေသူများကို ကူညီထောက်ပံ့လိုကြသဖြင့် မိဘမဲ့ညီအမလေးယောက်ပုံပြင်က၊ ပစ္စည်းဥစ္စာသာ ဆုံးရှုံးသွားခဲ့ကြသည့် စုံစုံညီညီရှိသော မိသားစုများထက် ပိုမိုအာရုံစိုက် အလေးထားခံရကြောင်း ဒုက္ခသည်များက သိရှိလာခဲ့ကြလေသည်။ ပရဟိတအဖွဲ့များက ပေးဝေသော အထောက်အပံ့ အကူအညီများကို သူ့ထက်ငါ ပိုမိုရရှိရေးအတွက် ဒုက္ခသည် မိန်းမများကို ကလေးငယ်များ ရင်ခွင်မှာ ပွေ့ပိုက်စေလျက် လူအုပ်ကြားတွင် ဖြန့်ကျက်နေရာယူစေသည်။ အော်ငိုနေသော ကလေးများကို လူအုပ်ရှေ့ဆုံးတန်းသို့ တွန်းပို့ကြသည်။ အဆိုပါ မဟာဗျူဟာများမှာ သဘာဝကပေးသော အသက်ရှင်ကျန်နေစေရေး နည်းနာပင် ဖြစ်တော့သည်။ မိသားစုကို ကျွေးမွေးနိုင်ရန် ထိုသို့မလုပ်ဘဲ မည်သူကနေမည်နည်း။ သို့သော် အတုအယောင်ဇာတ်လမ်းများက မြန်မာလုံခြုံရေးတပ်များက စစ်တကောင်းသားများအပေါ် ကျူးလွန်သည့် ထိတ်လန့်စရာ တကယ့်အစစ်အမှန် လူသတ်မှု၊ မုဒိမ်းမှုနှင့် ရွာများကိုမီးရှို့မှု စသည်တို့ကို တန်ဖိုးကျဆင်းစေသည်။ ထိုသို့ တန်ဆာဆင် ချဲ့ကားထားသည့် ပုံပြင်များကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့မှုများသည် နိုင်ငံတကာက ထင်မှတ်နေသကဲ့သို့ လူမျိုးပြုန်းသုတ်သင်ခြင်းမဟုတ်ဘဲ နိုင်ငံခြား ကျူးကျော်သူများ၏ လံကြုတ်ဇာတ်လမ်းများသာဖြစ်ကြောင်း မြန်မာအစိုးရ၏ ငြင်းဆိုချက်ကို အားဖြည့်ထောက်ပံ့ပေးရာ ရောက်လေသည်။ မြန်မာနိုင်ငံတွင် နားလည်နေကြသည့် ထိုကိစ္စနှင့်ပတ်သက်သည့် တရားဝင်ဇာတ်ကြောင်းမှာ ဤသို့….။ စစ်တကောင်းသား မွတ်ဆလင်များသည် လူဦးရေပေါက်ကွဲထွက်နေသည့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာကြသူများဖြစ်သည်။ မွတ်ဆလင်ယောက်ျားများက မိန်းမများစွာယူလျက် ကလေးများစွာ မွေးဖွားခြင်းကြောင့် လူများစု မြန်မာ ဗုဒ္ဓဘာသာဝင်များထက် ပိုမိုလျင်မြန်စွာ လူဦးရေ တိုးပွားလာခဲ့ကြသည်။ ဤပြောဆိုချက်ကို ပြန်လည်ချေပနိုင်သည့် သက်သေခံချက် မြောက်မြားစွာရှိပါသည်။ မွတ်ဆလင်များ ဤဒေသသို့ ရောက်ရှိခဲ့သည်မှာ မျိုးဆက်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်အချိုးမှာ ရာစုနှစ်တဝက်ကျော်အတွင်း များစွာ အပြောင်းအလဲ မရှိခဲ့ချေ။ သို့သော်လည်း မြန်မာအစိုးရက စစ်တကောင်းသားများ နေထိုင်ခဲ့သည့် ထိုဒေသတွင်း သတင်းရယူခွင့်ကို ကန့်သတ်ထားခြင်း၊ ကုလသမဂ္ဂ ထိပ်တန်းအရာရှိများကိုပင် နိုင်ငံတွင်း ဝင်ရောက်ခွင့်ငြင်းပယ်ခြင်းတို့ကြောင့် စုံစမ်းစစ်ဆေးသူများနှင့် ဂျာနယ်လစ်များအဖို့ ရက်စက်ကြမ်းကြုတ်မှု သက်သေအထောက်အထား စုဆောင်းရန် မဖြစ်နိုင်ချေ။ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းကိစ္စ စုံစမ်းရန် ကြိုးပမ်းသည့် ရိုက်တာသတင်းဌာနမှ ဒေသဆိုင်ရာ သတင်းထောက်နှစ်ဦးမှာ ယခုအခါ အချုပ်ခန်းတွင်း ရောက်နေသည်။ ထိုသို့ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ် ခိုလှုံရေးစခန်းတွင်းရှိ ခန္ဓာကိုယ် ဒဏ်ရာအနာတရ ဖြစ်နေသည့် ဒုက္ခသည်များမှာ အင်တာဗျူးအတွက် အရိုးရှင်းဆုံး အထောက်အထားများ ဖြစ်လာသည်။ ကျည်ဆန်ဒဏ်ရာ လတ်လတ်ဆတ်ဆတ်ရှိနေသည့် ကလေးတယောက်၏ ခန္ဓာကိုယ်သည် ထိတ်လန့်ကြောက်ရွံ့စရာကိစ္စ တစုံတရာ ဖြစ်ပွားခဲ့ကြောင်း သက်သေဖြစ်နေတော့သည်။ လူတိုင်းလိုလိုက ဇာတ်လမ်းများကို ပြောကြသော်လည်း အနည်းဆုံး ဇာတ်လမ်းတဒါဇင်လောက်ကို ကျမ၏ မှတ်စုစာအုပ်များတွင်သာ ချန်ထားခဲ့ပါသည်။ သို့သော်လည်း သတင်းသမားတယောက်အတွက် ‘လိုအပ်သောသံသယ’ ရှိမှု သို့မဟုတ်၊  ဇာတ်လမ်းတိုင်းလိုလို ရေးသားရာတွင် ကျမတို့အလုပ်ကို ထိန်းကျောင်းနေသည့် သံသယစိတ်ကြောင့် ပုဂ္ဂလိကလွတ်လပ်မှုကို ကျူးကျော်စွက်ဖက်ရာ မရောက်စေရန်အတွက် မဖော်ပြတော့ပါ။ စစ်တကောင်းသား ဘင်္ဂါလီ အမျိုးသမီးတယောက်အနေဖြင့် မုဒိမ်းကျင့်ခံခဲ့ရပါသည်ဟု သူစိမ်းတယောက်အား ဝန်ခံပြောဆိုခြင်းကို မယုံကြည်ပါဟု သံသယအရှိခံရသည့်အခါ ကာယကံရှင်က မည်သို့ခံစားရမည်နည်း။ ယခုထိ နိုင်ငံခြားသတင်းမီဒီယာများတွင် စစ်တကောင်းသား ဘင်္ဂါလီများက ပြောနေသာ ဇာတ်လမ်းများမှာ အမှန်အကန်များ မဟုတ်ကြကြောင်း ကျမသိပါသည်။ တချို့သောကိစ္စများတွင် သူတို့ပြောဆိုချက်များမှာ အလွန်အမင်း စိတ်ဝင်စားစရာကောင်းသဖြင့် ဖျက်အားပြင်းသည့် မုန်တိုင်းတလုံး တိုက်သွားသည့်နှယ် ဖြစ်ပါသည်။ ဤသို့ဆိုခြင်းမှာ လွန်ခဲ့သော ငါးလကျော်အတွင်း စစ်တကောင်းသား ဘင်္ဂါလီ (၇) သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားစေသည့် လူစုလူဝေးလိုက် ခံစားရသည့် စိတ်ဒဏ်ရာများကို သေးသိမ်စေရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ လွန်ခဲ့သောနှစ်၊ လ တလတည်းအတွင်းမှာပင် စစ်တကောင်းသား ဘင်္ဂါလီ ၆၇၀၀ ခန့် သွေးထွက်သံယို သေဆုံးခဲ့ရသည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့က ခန့်မှန်းပါသည်။ အဆိုပါကိန်းဂဏန်းကိုပင် ဆေးဘက်ဆိုင်ရာ ကူညီရေးအုပ်စုက သိပ်နည်းလွန်းသည်ဟု ဆိုပါသည်။ ကျမက အသက် ၉ နှစ်အရွယ် နူးရှက်ဟုခေါ်သည့် ယောက်ျားကလေးတယောက်ကို အင်တာဗျူးရာ လေးရက်ကြာပါသည်။ ကျမ၏ မှတ်စုစာအုပ်တွင် သူက သူ၏အိမ်ပုံကို ရေးပေးသည်။ ထိုပုံတွင် သူ့မိဘများကို မြန်မာစစ်သားများက ကြိုးပေးသတ်ဖြတ်ခဲ့သည် ဆိုသည့် သစ်ပင်တပင်လည်း ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိရန် မြစ်ကိုဖြတ်ကူးသည့်အခါ တွယ်စီးခဲ့သည့် ဓာတ်ဆီပုံးပုံကိုလည်း ရေးပြသည်။ သူက ရာဘာခြေညှပ်ဖိနပ်ကို သူ၏ခါးတွင် နွယ်ကြိုးတစဖြင့် ချည်နှောင်ခဲ့သည်ဆို၏။ ထိုညှပ်ဖိနပ်မှာ သေဆုံးသွားသည့် သူ့အမေ့ဟာဖြစ်သည်။ သူက ဖိနပ်ကိုစိုက်ကြည့်၍ ငိုရှိုက်လေသည်။ သို့သော်လည်း သူ့ဇာတ်လမ်းတွင် ကျိုးကြောင်းမဆီလျော်မှုများ ပါဝင်သည်။ နူးရှက်က ကရစ်ကက်ကို သဘောကျသည်ဆို၏။ ကရစ်ကက် ကစားနည်းမှာ ဘင်္ဂလားဒေ့ရှ်တွင် ပေါ်ပြူလာဖြစ်သော်လည်း မြန်မာပြည်တွင် ပေါ်ပြူလာဖြစ်သည့် အားကစားမဟုတ်ပါ။ သူ့အဖိုးအဖွားများကို စစ်တပ်က သတ်ပစ်သည်ဟု သူကပြောသော်လည်း ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သူက ကျမကို ဝန်ခံသည်။ သူနေထိုင်ခဲ့ရာရွာဟု ယုံကြည်ရသည့်ဒေသမှ ရွာသားများကို ကျမတွေ့သည့်အခါ သူတို့ရွာတွင် မည်သူမျှ အသတ်မခံရကြောင်းနှင့် သစ်ပင်တွင် ကြိုးပေးသတ်ဖြတ်ခံရမှုက ပို၍မဖြစ်နိုင်ကြောင်း ထုတ်ပြောလာသည်။ သို့ဖြစ်လျှင် နူးရှက် ဘယ်ကလာသနည်း။ သူ့ကို ကူတူပလောင် ခိုလှုံရေးစခန်းရှိ ဈေးတနေရာတွင် ငိုကြွေးလျက် တွေ့ခဲ့ကြခြင်းဖြစ်သည်ဆို၏။  တခြားသော ဒုက္ခသည်များက သူ့ကို စာသင်ကျောင်းသို့ခေါ်လာကာ ထမင်းဟင်းများ ကျွေးကြသည်။ သူ့တွင် တစုံတရာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သည်ကတော့ သေချာသည်။ သို့သော်လည်း ယနေ့ထက်ထိ မည်သူကမျှ သူ့ဇာတ်ကြောင်းအမှန်ကို ထုတ်မပြောချေ။ ကလေးသူငယ်များက မမှန်မကန်ပြောကြားခြင်းအပေါ် သက်သက်ညှာညှာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းများ မကြာခဏ ရှိပါသည်။ ငယ်ရွယ်နုနယ်သော စိတ်က တကယ်ဖြစ်ခဲ့သော အမှတ်ရစရာများကို စီကာစဉ်ကာ မှတ်မိတတ်သလို ထပ်ဆင့် ကြားရသူကလည်း ထူးထူးခြားခြား တပုံစံတည်း ပြောဆိုတတ်သည်။ “တကယ်လို့ ကလေးတချို့က ရက်စက်ကြမ်းကြုတ်မှုကို ကြားရရုံနဲ့တင် ကြောက်စိတ်တွေ ဝင်လာတတ်ပြီး သူတို့မြင်ခဲ့တာနဲ့ သူတို့ကြားခဲ့တာကို ခွဲခြားဖို့ ခက်ခဲတတ်ပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားရှိ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျမင် စတိန်းလင့်ခ်ျနာက ဆိုလေသည်။ “အဲဒါက ထိတ်လန့် ချောက်ချားဖွယ်ကောင်းတဲ့ ရုပ်ရှင်တကား ကြည့်ရသလိုပါပဲ။ ကလေးတွေက လူကြီးတွေနဲ့မတူဘဲ မှတ်မိတတ်ကြတယ်။” ကျမအနေဖြင့် မိန်းကလေး လေးယောက်၏ ဖခင်ဖြစ်သူ မစ္စတာဟိုစိန်၏ ဘဝနှင့် ပတ်သက်ပြီး ပိုမိုသိရှိထားသည့် အမြင်တခုရှိသည်။ သူ့ဒုက္ခမှာ မြန်မာနိုင်ငံသို့ ခဏပြန်ရောက်ချိန်တွင် အသားအရေနှင့် ကိုယ်လုံးကိုယ်ပေါက် ချောမွေ့လှပသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက်ကို မြင်လိုက်သည်မှ စတင်သည်။ “သူက သိပ်လှတယ်။ ကျနော် သူ့ကို လက်ထပ်ချင်တယ်။” ဟု မစ္စတာဟိုစိန်က ဆိုလေသည်။ စစ်တကောင်းသား ဘင်္ဂါလီများကြားတွင် ကလေးသူငယ်နှင့် ထိမ်းမြားလက်ထပ်ခြင်းမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အများလက်ခံသည့် ဓလေ့ထုံးစံဖြစ်သည်။ မကြာမီပင် မစ္စတာဟိုစိန်မှာ မယားသုံးယောက်အကြား စတင်လွန်းထိုးတော့သည်။ ဇနီးသုံးယောက်မှာ တယောက်နှင့်တယောက် သိပ်မသိကြ၊ သို့သော် မစ္စတာဟိုစိန်က မယားသုံးယောက် ယူထားသည်ကို သိပ်များသည်မထင်၊ သူ့အဖေမှာ မိန်းမ ၆ ယောက်ရှိပြီး၊ ကလေး ၄၂ ယောက်ပင်ရှိသည်။ ယခု မစ္စတာဟိုစိန်က ဝန်ခံသည်မှာ သူ့အနေဖြင့် မိသားစုအကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် မထိန်းနိုင် ဆိုသည်ပင်။ သူတို့၏ရွာ မီးရှို့ခံရပြီးနောက် သမီးလေးယောက် ဘင်္ဂလားဒေ့ရှ်သို့ လာခိုလှုံသည့်အခါ လီဒါခိုလှုံရေးစခန်းတွင် အတူနေထိုင်သည့် ဇနီး ဆဂျီဒါက ဒေါသူပုန်ထတော့သည်။ “ကျမယောက်ကျားက လူဆိုးပါ” ဟု သူမက ဆိုသည်။ နောက်ဆုံးတွင် သူမက မိန်းကလေးများ၏ ဇာတိသရုပ်မှန်ကို ဝန်ခံပြောကြားပြီး “ကျမတော့ သူ့ရဲ့အလိမ်အညာ ဇာတ်လမ်းတွေကို ငြီးငွေ့လာပြီ” ဟုဆိုသည်။ နောက်ပိုင်း မစ္စတာဟိုစိန်ကို ကျမက ဖုန်းဆက်စကားပြောသောအခါ သူက ပေါက်ကွဲလေတော့သည်။ “ခင်ဗျား ပြန်သွားပြီးတော့ ကျနော် မိန်းမကိုရိုက်တယ်။ နက်ဖြန် ထပ်ရိုက်ဦးမယ်” ဟု သူက ပြောလေသည်။ မစ္စတာဟိုစိန်၏ ခယ်မဖြစ်သူကလည်း ရှုပ်ထွေးလှသော မိသားစုအတွင်းရေး တစိတ်တပိုင်းကို ရှင်းပြသည်။ သူမက ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောပြသည့်အတွက် သူမယောက်ျား၏ အရိုက်အနှက်ကို ခံရကြောင်း အိမ်နီးချင်းတဦးက ပြန်ပြောပြသည်။ ကျမ၏ သတင်းပေးပို့မှုမှာ တကွဲတပြားစီဖြစ်နေသော ကံမကောင်း အကြောင်းမလှမှုများကို မီးမောင်းထိုးပြလိုခြင်းထက်၊ အိမ်ထောင်စုနှစ်ခုအတွင်း ဖြစ်ပျက်နေသော အိမ်တွင်းအကြမ်းဖက်မှုကို ဖော်ပြလိုခြင်းသာ ဖြစ်ပါသည်။ ကျမအနေဖြင့် မစ္စက်ဆဂျီဒါ (နာမည်လွှဲ) ကို မေးခွန်းများမေးခဲ့ရသည့် နေ့ရက်များကို နောင်တရနေမိပါသည်။ သူမက ထိုမိန်းကလေး လေးယောက်ကို မြန်မာပြည်ထဲပြန်ရောက်ပြီး ပျောက်ကွယ်သွားစေချင်ကြောင်း ပြောသောအခါ သူမ၏ မလိုမုန်းထားစိတ်ကို တွေ့မြင်ခဲ့ရပါသည်။ သို့သော် ထိုညတွင် သူ့ယောက်ျားက သူ့ကို ရိုက်ပါလိမ့်မည်။ သူမ ယောက်ျား၏ အငယ်ဆုံးမိန်းမက မွေးလာသည့် ထိုမိန်းကလေး လေးယောက်ကို ဖက်လှဲတကင်း နွေးနွေးထွေးထွေး မရှိခြင်းအပေါ် ကျမက ဆိုဆုံးမနေစဉ်မှာပင် ပိုးဟပ်တကောင်က ကြမ်းပြင်ပေါ် ဖြတ်ပြေးသည်။ ကြွက်တကောင်က နောက်က ပြေးလိုက်လာသည်။ မစ္စက် ဆာဂျီဒါက စတင်ငိုပါလေတော့သည်။ ဘေးပတ်ပတ်လည်ရှိ တဲနံရံ၏ ဝါးထရံပေါက်များကြားမှ ကလေးများ၏ မျက်လုံးများက ကျမ၏လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။ ကျမ ဘာတွေလုပ်လိုက်ပါလိမ့်၊ မိန်းမကြီးတယောက် ငိုရလောက်အောင် ဘာလို့လုပ်တာပါလိမ့် စသဖြင့် သူတို့က တွေးနေကြပေလိမ့်မည်။ ရဲထွန်း (သီပေါ)
3 years Ago
Up