မြိတ်

July 27, 2019

မြိတ်တွင် သိန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ၊ တက္ကသိုလ်ရပ်ကွက်မှာ ဇူလိုင် ၂၆ ရက်၊ ညနေ ၅ နာရီလောက် သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ တက္ကသိုလ်ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်းရှိ စိုးမင်းခိုင်(ခ)အငယ်လေးရဲ့ နေအိမ်မှာ မူးယစ်ဆေးရောင်းဝယ်နေကြောင်း သတင်းအရ မြိတ်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ နယ်ထိန်းဒုရဲအုပ်မြင့်ဇော် ဦးဆောင်တဲ့အဖွဲ့ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာမှာ WY မူးယစ်ဆေးပြာ ၉ သောင်း ၃ ထောင် နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာပါ။ "မူးယစ်ဆေးရောင်းနေတယ် သတင်းရလို့ ကျနော်တို့အဖွဲ့က ဖမ်းဝရမ်းနဲ့ဝင်ရှာတော့ စိုးမင်းခိုင်ကို သူ့အိမ်အပေါ်ထပ် အိပ်ခန်းဝမှာ ခရီးဆောင်အိတ် ၁ လုံး ပိုက်ထားလျက်နဲ့တွေ့တယ်။ သူ့အိတ်ကို သက်သေတွေရှေ့မှာ ဖွင့်ရှာတော့ WY ဆေးပြား ၉ သောင်း ၃ ထောင်နဲ့ ICE မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းမိတယ်။ ဒေသပေါက်ဈေးနဲ့ဆိုရင် ၂ မျိုးပေါင်း ကျပ်သိန်းပေါင်း ၅,၄၅၀ တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးရာမှာ အသုံးပြုတဲ့ Hilux အမျိုးအစား ကားတစီး၊ Wave-125 အမျိုးအစား ဆိုင်ကယ် ၁ စီးနဲ့ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းထားတယ်"လို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ် မြင့်ဇော်က ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ စိုးမင်းခိုင် (ခ) အငယ်လေး အား မြိတ်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉ (က) နဲ့ အရေးယူထားပြီး ကွင်းဆက်တရားခံအားဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago

June 22, 2019

မြိတ်တွင် ကျပ်သိန်းပေါင်း ၁ သောင်း တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၂၁ ရက်နေ့၊ ည ၆ နာရီခွဲလောက်က  ကျပ်သိန်းပေါင်း ၁ သောင်း တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးရမိတယ်လို့ ရဲက ပြောပါတယ်။ မြိတ်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်အောင်နိုင်ဦး ဦးစီးတဲ့အဖွဲ့က မူးယစ်ဆေးသတင်းအရ မြတ်လေးလမ်း ရွှေရင်အေးလက်ဖက်ရည်ဆိုင်ရှေ့မှာ သန်းထိုက် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ WY မူးယစ်ဆေးပြား ၁၀,၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးချက်အရ မြိတ်တောင်ကျေးရွာ ချမ်းမြေ့သာယာရပ်နေ ကျော်သူရထွန်း (ခ) ဝတုတ် ထံမှ ဝယ်ယူကြောင်း ထွက်ဆိုတာကြောင့် ၀ရမ်းနဲ့ သွားရောက်ရှာဖွေရာမှာ မူးယစ်ဆေးတစုံတရာမတွေ့ရှိခဲ့ဘူးလို့ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောပါတယ်။ အဆိုပါနှစ်ဦးအား ထပ်မံစစ်ဆေးရာ သန်းထိုက်ရဲ့နေအိမ်မှာ ဝှက်ထားကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ "သူတို့ ၂ ယောက်ကို ထပ်စစ်ဆေးမှ သန်းထိုက်အိမ်မှာ သူတို့ ၂ ယောက်ပေါင်းပြီး ဝှက်ထားတဲ့ မူးယစ်ဆေးတွေ ရှိတယ်ပြောလို့ သန်းထိုက်အိမ်မှာ သွားရှာတော့ TOTO စောင်တွေနဲ့ ထုတ်ပြီး ဝှက်ထားတဲ့ WY မူးယစ်ဆေးပြား ၁၉၀,၀၀၀ ထပ်တွေ့တယ်။ အားလုံး ၂၀၀,၀၀၀ ဖြစ်သွားတာပေါ့။ ဒေသပေါက်ဈေး ကျပ်သိန်း ၁ သောင်း ရှိတယ်" လို့  ဒုရဲမှူးချိုလွင်က ပြောပါတယ်။ မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးတဲ့ သန်းထိုက် နဲ့ ကျော်သူရထွန်း(ခ)ဝတုတ် တို့ကို မြိတ်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉(က) / ၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
2 years Ago
More News
Up