ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပွဲ

November 19, 2018

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး မတူညီသည့်အသံများနားထောင် ရန်ကုန်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ မတူညီတဲ့အသံတွေနားထောင်ပြီး ဘယ်လိုကုစားမလဲ ဘယ်လိုတည်ဆောက်မလဲဆိုတာ နားလည်ထားဖို့အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အသွင်တူဆောင်ရွက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေခိုင်မာဖို့က အဓိကကျတယ်လို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အန်စီအေ စာချုပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်ပွဲနဲ့ ထိပ်သီးတွေ့ဆုံပွဲ လုပ်ပြီးနောက်မှာ ရပ်တန့်နေတဲ့အပြင် နောက်ပြန်သွားမယ့် အနေအထားရှိနေ တယ်လို့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်နေကြပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုပါဝင်ဖို့အရေးကြီးနေပြီး အစုအဖွဲ့တွေ ကိုယ်စားပြုကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လူထုရဲ့ မျက်နှာမူဖို့ လိုအပ်တယ်၊ အဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွား၊ လူမျိုးတမျိုးရဲ့ အကျိုးစီးပွားကိုအခြေခံပြီး မစဉ်းစားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လူငယ်တွေနားလည်လာမှု မြင့်တက်လာအောင် ရည်ရွယ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အသွင်တူဆောင်ရွက်ခြင်း ဆွေးနွေးပွဲကို ၅ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံက တက္ကသိုလ်၊ ကောလိပ်အသီးသီးက အသက်၁၇ နှစ်နဲ့ အသက် ၂၄အတွင်းက ကျောင်းသူကျောင်သား ၈၀ ကျော် တက်ရောက်နေကြပါတယ်။
2 years Ago

September 27, 2018

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန်လိုအပ်နေ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့ စည်းရုံးမှုတွေလုပ်ပေးနေမယ့် အမျိုးသမီးအင်အားစုတွေလိုအပ်နေသေးတယ်လို့ အန်စီအေ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပြောဆိုလိုက်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက  “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေး” ဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill မှာပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်က “မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ အမျိုးသီးတွေ ပါဝင်မှုတွေ နည်းပါးနေပြီး ပိုမိုပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ပေးမယ့် အင်အားစုတွေလိုအပ်နေတယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ သုံးဆယ်ရာခိုင်နှုန်းပါဝင်ဖို့တောင်းဆိုကြပေမယ့် လက်ရှိမှာ ဆယ့်ခုနှစ်ရာခိုင်နှုန်းလောက်သာရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဆွေးနွေးပွဲ ပထမနေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO)၊ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်ဆာခေါင်း (CNF) နဲ့ SNLD က စိုင်းညွှန့်လွင်တို့က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အဓိကဆောင်ရွက်သူတွေ ဖြစ်ကြတဲ့ နိုင်ငံရေးပါတီ၊ အန်စီအေလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအကြောင်းကို တက်ရောက်လာတဲ့ အမျိုးသမီးခေါင်းဆောင်ကိုယ်စားလှယ်တွေ သိရှိစေဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံမှာ ကျားမတန်းတူရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးကြရာမှာ နိုင်ငံရေးဖြစ်စဉ်မှာသာမက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးရမယ်လို့ တင်ပြခဲ့ပေမယ့် အားရစရာမရခဲ့ဘူးလို့ UPDJC ဒုဥက္ကဋ္ဌ  ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ဆိုပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်ထိကျင်းပသွားမှာဖြစ်ပြီး အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အမျိုးသမီးကိုယ်စားလှယ် တွေ တက်ရောက်နေကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲကနေရရှိလာတဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေပိုမိုပါဝင်လာရေးနဲ့ ပတ်သတ်တဲ့ အကြံပြုချက်တွေကို အန်စီအေစာချုပ် လက်မှတ်ရေးထိုးထားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထံကို တင်ပြသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ- NCA-S EAO
3 years Ago
Up