ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

July 17, 2019

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခိုင်မာတိကျစွာ အကောင်အထည်ဖော်ရန် ကေအန်ပီပီတိုက်တွန်း 

အစိုးရနဲ့ တွေ့ဆုံမှုတိုင်းမှာ ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်ပေမယ့် ယေဘုယျ သဘောတူညီချက်တွေနဲ့တင် ရပ်တန့်မနေပဲ ခိုင်မာတိကျတဲ့ အကောင်အထည်ဖော်လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။ “ကျနော်တို့ ကြားကောင်းအောင်တော့ ယေဘုယျအဖြစ်သဘောတူခဲ့တဲ့ အဆင့်ကို ကျော်လွန်ပြီးတော့ ကျနော်တို့ ခိုင်မာတိကျတဲ့ အကောင်အထည် လက်ဆုပ်လက်ကိုင်ပြုပြီး တကယ်တမ်း ဆောင်ရွက်ရမယ့် လုပ်ငန်း အဖြေရှာမှုမျိုးကို ကျနော်တို့ ဦးတည်သွားသင့်တယ်”လို့ ခူဦးရယ်က ပြောပါတယ်။ ဇူလိုင် ၁၇ ရက်က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ NRPC အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး NRPC ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “လက်ရှိအစိုးရလက်ထက်မှာ ကေအန်ပီပီ အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ DPM ကာလအပါအ၀င် တွေ့ဆုံမှုပေါင်း ၂၄ ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံမှုတိုင်းမှာလည်း ရလဒ်ကောင်းတွေ အပြန်အလှန် နားလည် ယုံကြည်မှုတွေ တိုးတက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် မလို့ ကေအန်ပီပီအနေနဲ့ အခုအစိုးရနဲ့ ယခုထက်ပိုမိုပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ရှေ့ တလှမ်းတိုးပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြည့်အ၀ ပါဝင်ဖို့ကိုလည် ကျနော်တို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။ ကေအန်ပီပီအဖွဲ့ဟာဆိုရင် အစိုးရနဲ့  အန်စီအေရေးထိုးနိုင်ဖို့အတွက် UNFCရဲ့ အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းရာမှာ အားလုံးနီးပါးသဘောတူနိုင်မယ့် အခြေအနေကောင်းရရှိခဲ့ပေမယ့် အန်စီအေလမ်းကြောင်းမှာတော့ မပါဝင်နိုင်သေးဘဲ ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုတိုင်းမှာလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု အပါအ၀င် NRPC ရဲ့ ငြိမ်းချမ်းရေးရန်ပုံငွေနဲ့ IDP တွေ ပြန်လည်နေရာချထားဖို့ ကိစ္စရပ်တွေ၊ အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2 years Ago

February 14, 2019

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စရန် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်၌ ဆွေးနွေး

ပြည်ထောင်စုနေ့ ညစာစားပွဲ တက်ရောက်လာတဲ့ အန်စီအေ လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ မနေ့က နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြန်စဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းခေါင်းဆောင်တွေကတော့ သူတို့အဖွဲ့မှာ ပြန်လည်ဆွေးနွေးရမယ့် ကိစ္စဖြစ်တဲ့ အတွက် တစုံတရာ ဆုံးဖြတ်ချက်တွေ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ “တွေ့ဆုံပွဲလို့ပြောရမှာပေါ့နော်။ ဆွေးနွေးတဲ့အကြောင်းအရာတော့မရှိဘူးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆက်နိုင်ဖို့အတွက် သူတို့ကတော့ ပြန်လည်စနိုင်ဖို့တွေ တင်ပြတာပေါ့။ ဒါကတော့ ကျနော်တို့ အဖွဲ့အတွင်းမှာ ပြန်ဆွေးနွေးရမှာပေါ့။ ” ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ အန်စီအေရည်မှန်းချက်တွေ ဆက်လက်အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ အလွတ်သဘော ဆွေးနွေးကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ “အန်စီအေစာချုပ် လက်မှတ်ရေးထိုးထားသူတွေဖြစ်တဲ့အတွက် အန်စီအေစာချုပ်ရဲ့ ရည်မှန်းချက်တွေ Time line တွေအတိုင်းကို အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ဖို့ဆိုတဲ့ ကတိက၀တ်ရှိတယ်။ အဲဒါကို နှစ်ဖက်လုံးက ဆက်လက် အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတဲ့ အလွတ်သဘောဆွေးနွေးချက်တွေ ရှိတယ်။ နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါတွေကိုလည်း အောင်မြင်အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတယ်။ အဓိကကတော့ များများနဲ့မြန်မြန်တွေ့ပြီးတော့ ယုံကြည်မှုတွေ ပြန်ဆောက်ဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ဆွေးနွေးတာက အဓိကပါပဲ” လို့ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ ပါဝင်ဆွေးနွေးကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ချင်း အမျိုးသားတပ်ဦးကလွဲရင် ကျန်တဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့ ၉ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။   ဒီတွေ့ဆုံပွဲမှာလည်း တပ်မတော်ဘက်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးမင်းနောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။
2 years Ago
More News
Up