ငြိမ်းချမ်းရေး

July 9, 2019

ကာတာတွင် ကျင်းပနေသည့် အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံး

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အာဖဂန်နစ္စတန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပေမယ့် ပြည်တွင်းမှာတော့ စစ်မီး ဆက်လက်တောက်လောင်နေပါတယ်။ အာဖဂန် လူ့အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်အရာရှိတွေနဲ့ ဇူလိုင် ၈ ရက်က အာဖဂန် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် တွေ့ဆုံကြပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ တာလီဘန်တွေက နိုင်ငံအလယ်ပိုင်းက ထောက်လှမ်းရေးရုံး အပြင်ဘက်မှာ ဇူလိုင် ၇ ရက်က ကားဗုံးခွဲလို့ လူ ၁၄ ယောက်သေပြီး အယောက် ၁၈၀ ဒဏ်ရာရပါတယ်။ ကမ္ဘာ့အရှည်ကြာဆုံး အမေရိကန်စစ်ပွဲလည်းဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တွေကြား သဘောတူညီချက်ရဖို့ စစ်သွေးကြွတွေနဲ့ အာဖဂန် ပြည်သူ့အဖွဲ့အစည်းတွေကြား ၂ ရက်ကြာ ဆွေးနွေးနေချိန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။ "အာဖဂန်ပြည်သူတွေအပေါ် စစ်ဆင်နွှဲနေတဲ့ ဒီလူတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ရတာ အင်မတန်ခက်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ကတိကို စမ်းသပ်တာလည်းဖြစ်တယ်" လို့ ဆွေးနွေးပွဲလာတက်တဲ့ အကြီးတန်း အာဖဂန်အရာရှိတယောက်က ပြောပါတယ်။ အာဖဂန်ကနေ အမေရိကန်နဲ့ နိုင်ငံခြားတပ်တွေ ပြန်ဆုတ်ခွာဖို့ တာလီဘန်တွေက တောင်းဆိုပြီး တာလီဘန်တွေက အကြမ်းဖက်ဝါဒအတွက် အခြေစိုက်စခန်းအဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို မသုံးဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။ ဒီအချက်တွေအတွက် သဘောတူညီချက်ရဖို့ တာလီဘန်တွေနဲ့ အမေရိကန် အရာရှိတွေ ကြိုးစားနေပါတယ်။ အမေရိကန်နဲ့ တာလီဘန်တွေကြားက ကွာဟချက်က အခု ကျဉ်းလာပါပြီ။ ထင်ရှားတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလထဲမှာ နှစ်ဖက်လုံး သဘောတူညီချက်ရဖို့ မျှော်လင့်တယ်လို့ ကာတာ ဖျန်ဖြေရေးခေါင်းဆောင် မတ်လက် ဘင် မာဂျစ် အယ်လ် ကာတာနီက ပြောပါတယ်။ မနှစ်ကစပြီး ခုထိ ၇ ကြိမ်မြောက် အမေရိကန်-တာလီဘန် အစည်းအဝေးတွေကို အင်္ဂါနေ့မှာ ဆက်လက်ကျင်းပပါတယ်။ အာဖဂန်အစိုးရ အကြီးတန်းအရာရှိတယောက်ကတော့ "အာဖဂန်နိုင်ငံသားအဖြစ် ဒီပွဲကို လာခဲ့တယ်၊ တခြား ဘာမှမပြောခင် တာလီဘန်တွေက သူတို့ကိုယ်သူတို့ အာဖဂန်နိုင်ငံသားတွေအဖြစ် ရှုမြင်ရဲ့လား ဆိုတာတော့ ကျနော် မသေချာဘူး" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖဂန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စက်တင်ဘာမှာ သဘောတူညီချက်ရဖို့ အမေရိကန်က လိုလားနေပါတယ်။ တာလီဘန်တွေကတော့ အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန် အစိုးရကို အမေရိကန်ရုပ်သေးလို့ ပြောဆိုရှုတ်ချပြီး အာဖဂန်အစိုးရနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုထားပါတယ်။
2 years Ago

June 15, 2019

ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲ ဒီမောဆိုတွင် ကျင်းပ

ပြည်သူ့အသံ တို့အားမာန် သီဆိုကျူး ငြိမ်းချမ်းရေး ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲ တခုကို ဒီကနေ့ ကယားပြည်နယ် ဒီမောဆိုမြို့ စိန်ဂျိုးဇက် ကက်သလစ်ဓမ္မရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြား ရင်းနှီးလာအောင်နဲ့ ပြည်သူလိုလားတဲ့ ငြိမ်းချမ်းမှု ပြည်သူ့အသံကို နားထောင်နိုင်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးသီးချင်းပြိုင်ပွဲကို ကျင်းပရတာလို့ ပြိုင်းပွဲကို ဦးဆောင်ကျင်းပတဲ့ အလင်းသစ်လူမှုအဖွဲ့ တာရိုက်တာ ဒေ့ဗစ်ဒီးဒီက ပြောပါတယ်။ “ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ကျနော်တို့ လူထုတွေ ဘယ်လိုခံစားမှုရှိပါတယ်။ ကျနော်တို့ရဲ့ ဒေသခံ လူငယ်မောင်မယ်တွေ ဘယ်လို ခံစားပါတယ်ဆိုတာကို တနိုင်ငံလုံးမှာရှိတဲ့ လူတွေ၊ နောက် ငြိမ်းချမ်းရေးကို ပြောဆိုဆွေးနွေးတဲ့ ခေါင်းဆောင်ကြီးတွေ ကြားသိအောင် ထုတ်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။” ဒါ့အပြင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲလောက်နဲ့သာမဟုတ်ဘဲ ဒေသခံ လူထု လိုလားတဲ့ ငြိမ်းချမ်းရေးဟာ ဘယ်လိုပုံစံမျိုးဖြစ်တယ်။ သူတို့တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘာတွေဖြစ်ပါတယ်ဆိုတဲ့ဟာကို ထုတ်ဖော်ပြီးတော့ သူတို့ဆီကနေတဆင့် ပြောဆိုဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ ထည့်သွင်းစဉ်းစားလာအောင် ရည်ရွယ်ပြုလုပ်တာလို့  ပြောပါတယ်။ ငြိမ်းချမ်းရေးလို့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတဲ့အချိန်မှာ လူငယ်တွေရဲ့အသံမကြားရ တဲ့အတွက် လူငယ်တွေရဲ့အသံကြားရအောင် သီချင်းပုံစံနဲ့ လူငယ်တွေ ကိုယ်တိုင်ရေးပြီး သူတို့ ဖြစ်ချင်တဲ့ ငြိမ်းချမ်းရေပုံကို သီချင်းနဲ့ ဖန်တီးပြီး လူတွေကို မက်စေ့ပေးတဲ့ ပုံစံနဲ့ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတာလည်း ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲကို ဒီမောဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်နားတ၀ှက်က လူငယ် ၁၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီပြိုင်ပွဲကနေ ထွက်လာတဲ့ လူငယ်တွေရဲ့ တေးသီချင်းတွေကို ခွေထုတ်ပြီး အများပြည်သူကြား ပြန်လည်ဖြန့်ဝေမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒီမောဆိုမြို့နယ် ၄ မိုင်မြေနီကုန်းရွာက ကိုဇော်ဝင်းထွန်းက “ကျနော်က သီချင်းဆိုဝါသနာတအားပါလို့ ဆိုလည်းဆိုတယ်။ ရေးလည်းရေးတယ်။ ကျနော်ကတော့ ဒီထက်မက ပိုပြီးမှ ငြိမ်းချမ်းစေချင်တယ်။ ကျနော်တို့ ပြည်သူတွေ ဒီထက်မက ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နိုင်ခွင်နဲ့ ကျနော်တို့ အကုန်လုံးငြိမ်း ချမ်းနိုင်ရင်တော့ ပိုကောင်းမယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး သီချင်းပြိုင်ပွဲကို ကျင်းပတာဟာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က မိုးဗြဲမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ၁၅ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
2 years Ago
More News
Up