ၾသစေၾတးလ်

July 23, 2019

သြစတြေးလျတွင် ရဲကားကို စိတ်ကြွဆေးတင်လာသည့်ကားက ဝင်တိုက်မိပြီး မူးယစ်ဆေးများ ဖမ်းမိ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဆင်ခြေဖုံးက ရဲစခန်း အပြင်ဘက်မှာ ရပ်ထားတဲ့ ရဲကင်းလှည့်ကားကို မက်သာဖက်တာမင်း စိတ်ကြွဆေး ပေါင် ၆၀၀ တင်လာတဲ့ ကားက ဇူလိုင် ၂၂ ရက်မှာ ဝင်တိုက်မိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန် မူးယစ်ဆေးတွေကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ မူးယစ်ဆေး အပြည့်တင်ထားတဲ့ ကားကို မောင်းရင်း မြို့မြောက်ပိုင်း အိစ်ဝုဒ်အရပ်မှာရှိတဲ့ လူမပါတဲ့ ရဲကင်းလှည့်ကားကို ဝင်တိုက်ခဲ့လို့ သူ့ကားရှေ့ဖုံး ကြေသွားတာကို လုံခြုံရေးကင်မရာက ရိုက်ကူးထားခဲ့ပါတယ်။ သူ့ကို တနာရီအတွင်း ရဲက ဖမ်းမိခဲ့ပြီး ကားကိုရှာရာမှာ ကတ်ထူပုံး သေတ္တာတွေနဲ့ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ အိုက်စ်စိတ်ကြွဆေး ၂၇၃ ကီလိုကို တွေ့ခဲ့တယ်လို့ ရဲက ပြောပြီး မူးယစ်ဆေးတွေရဲ့ ပုံကိုလည်း ဖြန့်ချိခဲ့ပါတယ်။ ကားမောင်းသူကို ဖမ်းထားပြီး မူးယစ်ဆေးဖြန့်ဖြူးမှု၊ မဆင်မခြင် မောင်းနှင်မှုတွေနဲ့ တရားရုံးမှာ ဇူလိုင် ၂၃ ရက်က တရားစွဲထားပါတယ်။
2 years Ago

July 22, 2019

သြစတြေးလျ ဆန္ဒပြပွဲ သတင်းယူသည့် ပြင်သစ်သတင်းထောက်နှင့်အဖွဲ့ ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်က ကျောက်မီးသွေး ဆိပ်ကမ်းကို ပိတ်ဆို့ ဆန္ဒပြနေသူတွေအား သတင်းရိုက်ကူးနေတဲ့ ပြင်သစ်ရုပ်သံ သတင်းထောက်နဲ့အဖွဲ့တို့ ဇူလိုင် ၂၂ ရက်က အဖမ်းခံရပါတယ်။ အသက် ၂၉၊ ၃၀၊ ၃၂ နဲ့ ၃၉ နှစ်အရွယ် အသီးသီးရှိတဲ့ ပြင်သစ်အမျိုးသားတွေ အပါအဝင် လူ ၇ ယောက်ကို ဖမ်းထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကျောက်မီးသွေးတွင်းထဲက ရထားလမ်းကို အခွင့်မရှိဘဲ ဖြတ်ကျော် ဝင်ရောက်မှုနဲ့ သူတို့ကို တရားစွဲထားတယ်လို့လည်း ပြောပါတယ်။ ဖမ်းထားသူတွေ ဘယ်သူဘယ်ဝါဆိုတာ ရဲက မပြောခဲ့ပါဘူး။ သတင်းထောက် ဟူဂို ကလဲမန့်နဲ့ သူ့ရဲ့ ရုပ်သံအဖွဲ့ဟာ France 2 ရုပ်သံဌာနအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေခဲ့တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူအုပ်စု Frontline Action on Coal က ဆိပ်ကမ်းမှာ ပြောပါတယ်။ သူတို့ဟာ ကွင်းစလန် ပြည်နယ်ထဲမှာ ကျောက်မီးသွေး တူးနေတဲ့ အိန္ဒိယကုမ္ပဏီ အဒါနီ အင်တာပရိုက်စ်ကို ဆန့်ကျင်ဆန္ဒပြနေတာပါ။ သတင်းထောက်နဲ့ အဖွဲ့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်ရဲ့ ဘိုဝမ် ခရိုင်တရားရုံးမှာ စက်တင်ဘာ ၃ ရက် စစ်ဆေးမှာ ဖြစ်ပါတယ်။ သတ္ထုတွင်းနဲ့ ရထားလမ်း စီမံကိန်းကို ဆန္ဒပြလာတာ ဆယ်နှစ်နီးပါး ရှိပါပြီ။ ဒါပေမယ့် ကုမ္ပဏီဟာ လုပ်ငန်းစဖို့ အတည်ပြုချက်ကို ဇွန်လက ရရှိခဲ့ပါတယ်။
2 years Ago
More News
Up