September 23, 2020

မွမ်ဘိုင်း၌ ပြိုကျသည့် တိုက်ခန်းတွဲ အပျက်အစီးများကြားမှ အသက်ရှင်သူ ၂ ဦးကို ကယ်ထုတ်

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ပြင် အရှေ့မြောက်ဘက်က ဘီဝမ်ဒီမြို့မှာ စက်တင်ဘာ ၂၁ ရက်က ပြိုကျတဲ့ တိုက်ခန်းတွဲ အပျက်အစီးတွေထဲကနေ အမျိုးသား ၂ ယောက်ကို နောက်တနေ့မှာ ဆွဲထုတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်ထိ သေဆုံးသူ အရေအတွက် အယောက် ၂၀ ရှိပြီး နောက်ထပ်လူ ၁၇ ယောက် ပျောက်ဆုံးနေဆဲလို့ မဟာရတ်ရှ်တျာပြည်နယ် လွှတ်တော် အတိုက်အခံ ခေါင်းဆောင် ပရာဘဲင်း ဒါရေကာက ပြောပါတယ်။ ၃ ထပ်ရှိပြီး တိုက်ခန်း ၅၄ ခန်းပါတဲ့ တိုက်ဟာ စက်တင်ဘာ ၂၁ ရက် မနက် အာရုံတက်က ပြိုကျချိန်မှာ  တိုက်ထဲက လူတွေက ရုံးတွေ ကျောင်းတွေ မသွားကြသေးဘဲ ပြင်ဆင်နေဆဲပါ။ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ အနံ့ခံခွေးတွေက ရှင်သန်ကျန်ရစ်သူတွေကို ၂၄ နာရီပတ်လုံး အလှည့်ကျ ပိုက်စိပ်တိုက် ရှာနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘေးများပြီး ခက်ခဲတဲ့အခြေအနေကြားမှာ လုပ်နေရတယ်လို့ အမျိုးသားကပ်ဘေးတုံ့ပြန်ရေးတပ် အကြီးအကဲ စက်တီယာပရာဒန်က ပြောပါတယ်။ အိမ်ခြေကြပ်ညပ်နေတဲ့ လမ်းကြားထဲမှာ ရှိတာမို့ စက်ယန္တရားကြီးတွေ ဝင်လို့မရဘဲ အရေးပေါ်လုပ်သားတွေဟာ လက်နဲ့ တခြားတူးလို့ရတဲ့ ကိရိယာအသေးတွေကိုသုံးပြီး အပျက်အစီးတွေကို ဖယ်ရှားနေရပါတယ်။ နံရံတွေကနေ တွဲလောင်းကျနေတဲ့ မျက်နှာကြက်တွေ ကြမ်းခင်းတွေနဲ့ အင်္ဂတေစတွေရဲ့ ဘေးအန္တရာယ်ကိုလည်း ကယ်ဆယ်ရေးသမားတွေ ရင်ဆိုင်နေရပြီး ဘာကြောင့် ပြိုကျတယ် ဆိုတာတော့ မသိရသေးပါဘူး။ အိန္ဒိယမှာ တရားမဝင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေ၊ ဟောင်းနွမ်းပြီး မခိုင်တော့တဲ့ အိမ်တွေဟာ မိုးရာသီမှာ ပြိုကျလေ့ရှိပါတယ်။ အရင်လက မွမ်ဘိုင်းမြို့တောင်ပိုင်း မိုင်တရာအကွာက မာဟဒ်မြို့မှာ အဆောက်အအုံ ပြိုကျလို့ လူတဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
9 months Ago
Up