၂ ဦးသေ

November 1, 2020

အီရတ်တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၅၁ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံ တောင်ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း တခုပေါက်ကွဲလို့ လူ ၂ယောက်ထက် မနည်း သေဆုံးပြီး ၅၁ ယောက် ဒဏ်ရာရတယ်လို့ ရဲသတင်းရင်းမြစ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။ မြို့တော် ဘဂ္ဂဒက် ရဲ့ တောင်ပိုင်း ဆာမာဝါ မြို့နားမှာ အောက်တိုဘာ ၃၀ ရက်က ပေါက်ကွဲခဲ့တာပါ။  ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပြီးတဲ့နောက် မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ခဲ့ကြ ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေး ၂ယောက် သေဆုံးပြီး ရှီးယိုက် ပြည်သူ့စစ် တိုက်ခိုက်ရေးသမား ၉ ယောက် အပါအဝင် လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ မီးသတ်သမားတွေက မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားဆဲလို့လဲ ကြေညာချက်က ပြောပါတယ်။ ဆာမာဝါမြို့နားက အီရတ်ပြည်သူ့စစ်စခန်းနားမှာ ပိုက်လိုင်းရဲ့ တိုးချဲ့ပိုက်လိုင်းက ဖြတ်သွားတယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတောင်ပိုင်း သယံဇာတ နယ်မြေတွေက ဓာတ်ငွေ့တွေကို နိုင်ငံတောင်ပိုင်းနဲ့ မြို့တော်နားက အဓိက စွမ်းအင်စခန်းဆီကို ပေးပို့ဖို့ သွယ်တန်းထားတာလို့ အီရတ် စွမ်းအင် အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ အီရတ်ရဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်ကို သက်ရောက်မှု မရှိဘူးလို့ ဓာတ်ငွေ့ဆိုင်ရာ အရာရှိ ၂ ဦးက ပြောထားပါတယ်။
6 months Ago

October 31, 2020

ကျောက်မဲတွင် မူးယစ်တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီး၊ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ အောက်တိုဘာ ၃၀ နေ့က မူးယစ်တရားခံပြေးရဲ့ နေအိမ်အား ပူး​ပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးစဥ် ပစ္စတိုသေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့​​ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်က တရားခံပြေးနေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှာ တရားခံပြေးက တပ်ဖွဲ့ဝင်ရဲ့ လက်တွင်းက သေနတ်အား လုယူခဲ့သလို တရားခံပြေးရဲ့ အိမ်တွင်းနေသူတဦးက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းကပြောပါတယ်။ ဖမ်းဆီးရာ တပ်ဖွဲ့ဝင် ၁ ဦး ဦးခေါင်းဒဏ်ရာရရှိပြီး ၅ ချက် ချုပ်ခဲ့ရပေမဲ့ မစိုးရိမ် ရတော့ဘူးလို့ သိရပါတယ်။ ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်နေပေမဲ့ ဒီနေ့ထိ မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုတွေ လျော့ကျသွားတာ မရှိသေးဘူးလို့ မြို့နယ်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။ ပူး​ပေါင်းအဖွဲ့က နေအိမ်တွင်းမှာ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၀ ပြားတို့နဲ့အတူ မူးယစ်ဆေးသုံးစွဲဖို့ ရောက်ရှိနေတဲ့ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့​တယ်လို့ သိရပါတယ်။ သေဆုံးသူ ၂ ဦးနဲ့ ဖမ်းဆီးမိတဲ့ အမျိုးသား ၃ ဦးတို့အား ကျောက်မဲမြို့မ ရဲစခန်းမှ မယ(ပ) ၄၉/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူနေတယ်လို့ သိရပါတယ်။
6 months Ago
More News
Up