၂၀၂၀

January 23, 2021

၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်က ကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ

၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်တွေအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နဲ့ တရားမဝင် သယံဇာတ ထုတ်ယူနေတဲ့ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ စုစုပေါင်း ၇၄ စီး ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ တပ်မတော်က တရားမဝင်သစ်တွေ နေရာဒေသတစ်ခုတည်းမှာ တချိန်တည်း မြောက်မြားစွာ ဖမ်းဆီးရမိမှုအနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အနောက်ဘက် ပင်လယ်ပြင်နဲ့ ဆက်စပ်မြစ်ချောင်းတွေကနေ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နဲ့ အခြားသစ် စုစုပေါင်း ၃,၆၂၉ ဒသမ ၄၅ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့်) နဲ့ အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ကချင်ပြည်နယ်အတွင်း ကျွန်းသစ်တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရှမ်းပြည်နယ်အတွင်ေမှာ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို လွှဲပြောင်း အပ်နှံပေးခဲ့ပါတယ်။  ဒါကြောင့် တပ်မတော်က ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်တွေအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အရှည်စုစုပေါင်း ရေမိုင် ၁၂၆၀ ဒသမ ၅၆ မိုင်၊ ပိုင်နက်ရေပြင်ဧရိယာစတုရန်းမိုင် တစ်သိန်းလေးသောင်းကျော်အထိကျယ်ဝန်း ရှည်လျားတဲ့ မြန်မာ့ကမ်းရိုးတန်း ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သွားလာမှု မရှိစေရေး၊ အဖိုးတန်ရေအောက် သယံဇာတတွေ တရားမဝင်ခိုးထုတ်တာမရှိစေဖို့နဲ့ ပင်လယ်ပြင်လုံခြုံရေးတို့အတွက် တပ်မတော်(ရေ)က ရေနဂါးစစ်ဆင်ရေး၊ မြစ်ဧရာစစ်ဆင်ရေးတို့နဲ့ နေ့ညမပြတ် လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေပိုင်နက်အတွင်းမှာ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၆ စီးနဲ့ မှောင်ခိုလုပ်ကိုင်သူအယောက် ၃၀၊ တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၆၈ စီးနဲ့ မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦး၊ စုစုပေါင်း ဖမ်းမိတဲ့ တရားမဝင်ငါးဖမ်းလှေနဲ့ မှောင်ခိုလှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ အရေးယူနိုင်ဖို့ သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်အနေအနေနဲ့ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက် သယံဇာတတွေကို တရားမဝင် ထုတ်ယူရောင်းချမှု မရှိစေဖို့ သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းကာကွယ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
4 months Ago

January 10, 2021

၂၀၂၀ ပြည့်နှစ်အတွင်း မကွေးတိုင်း၌ အမှုပေါင်း ၅၂၅၀ ဖြစ်ပွား၊ အမှုကြီး ၁၉၇ မှုပါဝင်

မကွေးတိုင်းမှာ ပြီးခဲတဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အမှုပေါင်း ၅,၂၅၀ ဖြစ်ပွားခဲ့ပြီး အမှုကြီးက ၁၉၇ မှုပါဝင်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အမှုကြီးဖြစ်ပွားမှုအနေနဲ့ မကွေးခရိုင်မှာ ၇၁ မှု၊ မင်းဘူးခရိုင်မှာ ၄၂ မှု၊ သရက်ခရိုင်မှာ ၄၀ မှု၊ပခုက္ကူခရိုင်မှာ ၃၅ မှုနဲ့ ဂန့်ဂေါခရိုင်မှာ ၉ မှုဖြစ်ပွားခဲ့ပြီး လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှု အများဆုံးဖြစ်ပွားခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောပါတယ်။

လူသတ်မှု ၁၀၃ မှုထိဖြစ်ပွားခဲ့ကာ ဒေါသအလျောက် သည်းခံနိုင်စိတ်မရှိလို့ ဖြစ်ပွားတာဖြစ်ပြီး မြို့ပေါ်တွေမှာထက် ကျေးရွာတွေမှာ ဖြစ်ပွားနှုန်း ပိုများတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်မှုကတော့ ၈၇ မှုဖြစ်ပွားခဲ့ကာ ဗဟုသုတနည်းပါးတဲ့အတွက် အသက် ၁၆ နှစ်မပြည့်တဲ့ ကလေးတွေ ရည်းစားထား ခိုးရာလိုက်ရာကနေ မိဘသဘောမတူလို အဓမ္မပြုကျင့်မှုဖြစ်ပွားနှုန်း များပြားပြီးတော့ အသက်ပြည့်လို့ ကျူးလွန်တဲ့ အမှုကတော့ ရာခိုင်နှုန်း နည်းပါးတယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။

အခြားအမှုအနေနဲ့ ၅၀၅၃ မှုဖြစ်ပွားခဲ့ပြီးတော့ ယာဥ်တိုက်မှုကြောင့် နာကျင်စေမှု အများဆုံးဖြစ်ပွားကာ အဲဒီလိုဖြစ်ပွားရတာဟာ ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှု အားနည်းတာကြောင့်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်က လူသတ်မှု ၉၄ မှုနဲ့ အဓမ္မပြုကျင့်မှု ၁၀၈ မှုဖြစ်ပွားခဲ့ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ လူသတ်မှု ၁၀၃ မှုနဲ့ အဓမ္မပြုကျင်မှု ၈၇ မှုဖြစ်ပွားတာကြောင့် လူသတ်မှု တိုးလာပြီး အဓမ္မပြုကျင့်မှု လျော့နည်းလာတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတွေကျဆင်းလာအောင် အသိပညာပေးတာတွေ၊ ညဥ့်ဦးညဥ့်နက် လှည့်ကင်းတွေလုပ်ဆောင်ပေးပြီး ထိရောက်တဲ့ကြိုတင်ကာကွယ်တာတွေ၊ အရေးယူတာတွေ လုပ်ဆောင်ပေးနေတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မင်းထီး

4 months Ago
More News
Up