၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်

July 24, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ကုန်သွယ်မှုလိုငွေပြ

၂၀၁၉ အောက်တိုဘာက စတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လ အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရတာဝန်ရှိသူက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။ အဲ့ဒီ ၆ လအတွင်းမှာ မြန်မာ့စီးပွားရေးဟာ တိုးတက်မှုရှိခဲ့ပြီး ပို့ကုန်သွင်းကုန်ကဏ္ဍမှာ ပြီးခဲ့တဲ့နှစ် အလားတူကာလထက် တိုးတက်ခဲ့တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ၆ လပါတ်အစီရင်ခံစာကို လွှတ်တော်ကိုတင်သွင်းရာမှာ  ပြောပါတယ်။ “ ပထမ ၆ လပတ်မှာ ပို့ကုန်အနေနဲ့ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၂၂ ဒသမ ၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရည်မှန်းချက်ရဲ့ ၅၈ ဒသမ ၈ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပို့တဲ့ကုန်ပစ္စည်းတွေမှာချုပ်ပြီး အထည်၊ သဘာဝဓာတ်ငွေ့၊ ပဲအမျိုးမျိုး၊ သတ္ထုနဲ့သတ္ထုရိုင်း၊ ကျောက်စိမ်းတို့ဖြစ်ပါတယ်။ အများဆုံးတင်ပို့တဲ့နိုင်ငံတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ပါတယ်။” သွင်းကုန်ကဏ္ဍမှာလည်း မနှစ်ကထက် အမေရိကန်ဒေါ်လာ ၁၆၂၇ ဒသမ ၈ သန်းပိုမိုတင်သွင်းခဲ့ပြီး ရေနံထွက်ပစ္စည်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေး နဲ့တပ်ဆင်ရေးပစ္စည်း၊ စက်နဲ့စက်ပစ္စည်း၊ချည်ထည်၊သံနဲ့သံမဏိ ဆောက်လုပ်ရေး ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပို့ကုန်သွင်းကုန်ကဏ္ဍ တိုးတက်လာခဲ့ပေမယ့် လိုငွေကလည်း ယခင်နှစ်ကထက် ပိုမိုလာခဲ့တာပါ။ ပထမ ၆ လပါတ်မှာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၁၃၂၆ ဒသမ ၉ သန်း လိုငွေပြခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဒုဝန်ကြီးက “ ပို့ကုန်တင်ပို့မှု ပိုမိုလာခဲ့သော်လည်း သွင်းကုန်မှာ သံနဲ့သံမဏိဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေး ပစ္စည်း ၊ချည်ထည်၊ စက်နဲ့စက်ပစ္စည်း၊ ရေနံထွက်ပစ္စည်းတွေတင်သွင်းမှု ပိုမိုလာခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ -၂၀၂၀ ပထမ ၆ လပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှုအနေနဲ့အ မေရိကန်ဒေါ်လာ ၂၄၅၀ ဒသမ၇ သန်း ပိုမိုကုန်သွယ်ခဲ့ပြီး အများဆုံးကုန်သွယ်ဖက်နိုင်ငံတွေမှာ တရုတ်၊ ထိုင်း ၊စင်္ကာပူ ၊ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်တယ်လို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ၆ လပတ်အစီရင်ခံစာမှာ  ဖော်ပြပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်) Photo- ပြည်ထောင်စုလွှတ်တော်
10 months Ago

February 23, 2020

ယင်းမာပင်နှင့် ဆားလင်းကြီးတွင် လုပ်ငန်းရှင် ၃၅ ဦးကိုသာ မြစ်သဲကျောက်လုပ်ခွင့်ပေးထား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြစ်သဲကျောက်လုပ်ငန်းအတွက် လုပ်ငန်းရှင် ၃၅ ဦးကိုသာ လိုင်စင်ထုတ်ပေးထားပြီး တရားမဝင် မြစ်သဲကျောက်နဲ့ အုတ်ထုတ်လုပ်ငန်းတွေမရှိအောင် ဘက်စုံစောင့်ကြပ်စိစစ်ရေးအဖွဲ့တွေနဲ့ လစဉ်စစ်ဆေးဆောင်ရွက်နေတယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီးက ပြောပါတယ်။ အဲဒီဒေသတွေမှာ မြစ်သဲကျောက်ဂျင်းမြေ ထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး အခွန်ရရှိမှု၊ လုပ်ငန်းလိုင်စင်ချထားပေးမှု အခြေအနေတွေကို ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက အခွန်ရရှိမှုအနေအထား၊ လိုင်စင်ထုတ်ပေးထားမှုအခြေအနေတွေကို ပြန်လည်ဖြေကြားခဲ့တာပါ။ “မြစ်သဲကျောက်လိုင်စင်တွေကို တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး သဘောထားထောက်ခံချက်နဲ့ ခွင့်ပြုပေးနေတယ်။ လမ်းခင်းကျောက်ကို တိုင်းအစိုးရက သတ်မှတ်အတည်ပြုပေးတဲ နေရာတွေမှာ သတ္တုတွင်းဥပဒေ ၂(င)ပါ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းနှင့် ၂ (စ)ပါ အလှဆင်ကျောက်တို့နဲ့ ညိစွန်းမှု မရှိတာအပြင် အနာဂတ်စီမံကိန်းတွေနဲ့ လွတ်ကင်းရတယ်။ အဲဒါကိုတော့ သတ္တုတွင်း ဦးစီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွေရဲ့ သဘောထားထောက်ခံံချက်တွေနဲ့ ချပေးနေတာပါ။ သဲတကျင်းကို ၅၀၀ ကျပ်၊ ကျောက်စရစ်နှင့် လမ်းခင်းကျောက်၊ ဂျင်းမြေ တကျင်းကို ၂၅၀၀ ကျပ်စည်းကြပ်ကောက်ခံနေပါတယ်။” ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ အခွန်အခတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူကောက်ခံနေတာဖြစ်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်အတွင်း ယင်းမာပင်မြို့နယ်မှာ သဲ၊ ကျောက်စရစ်၊ လမ်းခင်းကျောက်ထုတ်လုပ်ခွင်လိုင်စင် ၂၈ ခု ချထားပေးခဲပြီး အခွန်ငွေ ၁၆၆ သိန်းကျော် ရရှိခဲ့ကာ ဆားလင်းကြီးမြို့နယ်မှာတော့ လိုင်စင် ၃၁ ခုကနေ အခွန်ငွေ ၂၄၂ သိန်းကျော် ရရှိခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ယင်းမာပင်မြို့နယ်မှာ လုပ်ငန်းရှင် ၂၂ ဦးကို ခွင့်ပြုထားပြီး အခွန်ငွေ ကျပ်သိန်း ၁၂၀နှင့် ဆားလင်းကြီးမြို့နယ်က လုပ်ငန်းရှင် ၁၃ ဦးထံကနေ အခွန်ငွေ ၄၂ သိန်းကျော်ကို စည်းကြပ်ကောက်ခံထားတယ်လို့ သိရပါတယ်။  တရားမဝင် မြစ်သဲကျောက်နှင့် အုတ်ထုတ်လုပ်ငန်းတွေမရှိအောင်လည်း ဘက်စုံစောင့်ကြပ်စိစစ်ရေးအဖွဲ့တွေနဲ့ လစဉ်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။
1 year Ago
Up