၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်နှင့် အလားအလာများ

October 30, 2017

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် သို့မဟုတ် ခေတ်သစ်အတွက် အကြီးကျယ်ဆုံး အပြောင်းအလဲ

ငါးနှစ်တကြိမ် ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အောင်အောင်မြင်မြင်ပဲ ကျင်းပပြီးစီးသွားပါပြီ။ နှစ်ပေါင်းများစွာအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးမားဆုံး အပြောင်းအလဲတခုလည်း ဖြစ်သလို တရုတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်အရွေးခံရလို့ တရုတ်နိုင်ငံ သမ္မတလည်း ပြန်ဖြစ်လာမှာ သေချာသွားပြီဖြစ်တဲ့ မစ္စတာရှီကျင့်ဖျင်ဟာ ခေါင်းဆောင်ကြီး မော်စီတုံးပြီးရင် နိုင်ငံရဲ့ သြဇာအာဏာအရှိဆုံး ပထမဆုံး ရရှိလာတဲ့ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ပြီလို့ တရုတ်နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။ ဘေဂျင်းမြို့တော် မဟာပြည်သူ့ခန်းမကြီးထဲကို တနိုင်ငံလုံးက တက်ရောက်လာခဲ့ကြတဲ့ ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ် ၂၀၀၀ ရှေ့မှောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြန်လည်စွမ်းအားဖြည့်ဆည်းထားတဲ့ ကွန်မြူနစ်ပါတီအနေနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိဖို့ ပိုပြီး အင်အားစိုက်ထုတ်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြား တိုက်တွန်းသွားခဲ့ပါတယ်။ သူက အာဏာရပါတီအနေနဲ့ အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ဖို့ကနေ သာမန် တရုတ်ပြည်သူလူထုတွေကို ကိုယ်ကျင့်တရားအရ လမ်းညွှန်ထိန်းကျောင်းပေးဖို့အထိ အရာရာတိုင်းအတွက် ဦးဆောင်ဦးရွက်အဖြစ် တာဝန်ယူကြဖို့လည်း မှာကြားသွားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းတလျှောက်လုံးမှာ တရုတ်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့သာမက တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ရှင်သန် အားကောင်းလာအောင် လုပ်ဖို့၊ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ဖို့နဲ့ ‘ဦးတည် ယုံကြည်မှုရှိတဲ့ တရုတ်လူမျိုး’ ဆိုတဲ့ ဘာသာတရားကို တိုးမြှင့်ပေးဖို့ အမျိုးသားရေး လမ်းကြောင်းချ ပြောကြားသွားခဲ့တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ရှီက “တရုတ်နိုင်ငံရဲ့ ကြီးမြတ်တဲ့ အားသစ်လောင်းမှုဟာ ပန်းခြံထဲမှာ လမ်းလျှောက်တာ၊ ဗုံတီးတာနဲ့ မောင်းထုတာ မဟုတ်ပါဘူး။ ပါတီတခုလုံးဟာ ပိုပြီး ခက်ခဲပင်ပန်းတဲ့ အားထုတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြရပါမယ်။ ခမ်းနားကြီးကျယ်တဲ့ စိတ်ကူးအိပ်မက်တွေကို အောင်မြင်ရယူဖို့ အကြီးအကျယ် ကြိုးပမ်းအားထုတ်မှု ရှိကြရပါမယ်” လို့ တွန်းအားပေး ပြောကြားခဲ့ပါတယ်။ တတိုင်းပြည်လုံးက ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ်တွေကို ခေတ်သစ်ရဲ့ အစကို ကြိုဆိုရင်း တရုတ်ကွန်မြူနစ်ပါတီက ခေတ်မီခမ်းနားတဲ့ ဆိုရှယ်လစ်နိုင်ငံတခု ဖြစ်လာအောင် နိုင်ငံကို ဦးဆောင်မှုပေးသွားမယ့် မြော်မြင်မှုကိုလည်း အကြမ်းဖျင်း ချပြသွားခဲ့ပါတယ်။ ချီကာဂိုတက္ကသိုလ် တရုတ်နိုင်ငံရေးဗေဒ ကျွမ်းကျင်သူ ဒါလီယန်းက “ဆိုလိုတာကတော့ သူဟာ သူ့ကိုယ်သူ အတိတ်နဲ့ အတိတ်က ခေါင်းဆောင်တွေနဲ့စာရင် သဲကွဲခြားနားအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောတာဖြစ်သလို သူဟာ တရုတ်ပြည်ကို အတော်အတန် ကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် လုပ်ဆောင်ရာမှာ အောင်မြင်ဖို့ အလွန်နီးကပ်လာနေပြီ” လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ “သူက ဒီသတင်းစကားကို အားမာန်ရှိရှိ ပြောကြားသွားခဲ့တာပါ” လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေကလည်း ရှီဟာ သူ့ရှေ့က သမ္မတ ဟူကျင်းတောင်းနဲ့ ကျန်ဇီမင်းတို့လို ပါတီတွင်းအုပ်စုတွေ အပါအဝင် သူ့ပြိုင်ဘက်တွေကို ဘေးရောက်သွားအောင်လုပ်ပြီး သူ့ အဲဒီအာဏာကို ခိုင်မာအောင် စုစည်းလိုက်တာပါပဲလို့ သုံးသပ်မှတ်ချက်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ မိန့်ခွန်းပြောကြားချိန်ပါပဲ။ သူက သူ့မိန့်ခွန်းကို ၃ နာရီခွဲကြာအောင် ပြောကြားခဲ့ရာမှာ စီပွားရေးအရ ရှားရှားပါးပါး အသိအမှတ်ပြုမှုတခုအဖြစ် “ရှေ့အလားအလာကတော့ တောက်ပနေပါတယ်။ ဒါပေမယ့် စိန်ခေါ်အားပြိုင်မှုတွေကလည်း စိုးရိမ်ထိတ်လန့်စရာပါ” လို့ ပြောကြားရင်း တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ကြီးမားတဲ့ စွန့်စားမှုတွေကို ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်သလို အဓိက ဆန့်ကျင်တားဆီးမှုတွေကိုလည်း ကျော်လွှားသွားရမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးကြီးက သမ္မတ ရှီက သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ဘယ်လိုနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိနေသလဲ ဆိုတာကို ပြသတာ ဖြစ်နိုင်ပါတယ်။ အခုထိကတော့ ရှီက စီးပွာရေးကဏ္ဍမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အားကောင်းတဲ့ အနေအထားရှိအောင် ထိန်းသိမ်းကာကွယ်မှုဟာ အလွန်အင်အားကောင်းတယ် ဆိုတာကို ပြသလိုက်တာပဲလို့ သတင်းမီဒီယာတွေက ပြောဆိုခဲ့ပါတယ်။ အများအားဖြင့်ကတော့ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးတွေဟာ တံခါးပိတ် ကျင်းပလေ့ရှိသလို လုံခြုံရေးကိုလည်း အထူးတင်းတင်းကျပ်ကျပ် ကာကွယ်ပြီး သဘောထား ကွဲလွဲသူတွေရဲ့ ပေးလာနိုင်တဲ့ အန္တရာယ်မရှိရအောင် အစစအရာရာ ပြင်ဆင်ပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ခု ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အခန်းကဏ္ဍသစ်ကနေ ထွက်ပေါ်လာမယ့် အားကောင်းတဲ့ ကွန်မြူနစ်ပါတီရဲ့ ကေဒါတွေကို ကြည့်ရှုလိုက်တာပါပဲ။ သမ္မတ ရှီကျင့်ဖျင်အတွက်လည်း နောက် ၅ နှစ်အတွက် သူ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အမြော်အမြင်တွေကို လူသိရှင်ကြားချပြဖို့ အခွင့်အလမ်းတခု ဖြစ်သွားအောင် လုပ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောရင် မမှားလောက်ပါဘူး။ အရင်က ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်တွေနဲ့မတူတဲ့ အပြောင်းအလဲတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားခဲ့တာ တွေ့ရပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ကနေ ပါတီဗဟိုကော်မတီ အယောက် ၂၀၀ ကို ရွေးချယ်ခဲ့သလို အကြမ်းဖျင်းအားဖြင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ၂၅ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ၂၅ ဦးထဲကမှ ပီအက်စ်စီ (PSC) လို့ခေါ်တဲ့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၅ ဦး ဒါမှမဟုတ် ၉ ဦးကို ရွေးချယ်လေ့ရှိပါတယ်။ ဒီ ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်ကတော့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တွေအဖြစ် ထိပ်တန်းပါတီဝင် ၇ ဦးကို ရွေးချယ်တင်မြှောက်ပေးခဲ့ပါတယ်။ တကယ်တော့ ဖြစ်လေ့ဖြစ်ထရှိတာက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကွန်ဂရက်မတိုင်ခင်ကတည်းက ချမျတ်ထားပြီး ဖြစ်ပါတယ်။ ပါတီတွင်း အုပ်စုငယ်ကလေးတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ ကြိုတင်ပြိုင်ဆိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူပဲနိုင်နိုင် နိုင်သူကတော့ ကမ္ဘာကြီးရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံကြီးအတွက် နောက် ၅ နှစ်တာ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာအောင် သက်ရောက်မှု ရှိသွားမှာပဲ ဖြစ်ပါတယ်။ မစ္စတာ ရှီကျင့်ဖျင်ကတော့ ဗဟိုချက်မအကျဆုံးနေရာမှာ ရှိနေပါပြီ။ သူက ဗဟိုချက်မ ဖြစ်ပေမယ့် သူ့ရဲ့ မူဝါဒ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေကို ကူညီပံ့ပိုးပေးမယ့်၊ ကျားကန်ပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၇ ဦးကလည်း သမ္မတ ရှီကျင့်ဖျင်အတွက် အရေးပါသလို တရုတ်နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရှီက သူ့ကို ဝန်းရံပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ကို စိတ်တိုင်းကျ ရွေးချယ်ထားခဲ့ပြီဆိုတာ ရှင်းနေပါတယ်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းဥပဒေသအရ အသက် ၆၈ နှစ်နဲ့အထက် ပါတီထိပ်တန်းခေါင်းဆောင်တွေဟာ တာဝန်က အနားယူပေးကြရပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်မှာ အဓိကမဟာမိတ်ဖြစ်တဲ့ ဝမ်ကီရှန်းကို အသက် ၆၉ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ဆက်လက်ရှိနေစေချင်သေးတဲ့အတွက် အသက်ကန့်သတ်ချက် စည်းမျဉ်းဥပဒေသကို ချိုးဖောက်ရတဲ့ အခြေအနေကို တွေ့ရပါတယ်။ တကယ်တော့ သမ္မတ ရှီရဲ့ ပထမသက်တမ်းဟာ သူ့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်နဲ့ နိုင်ငံခြားရေး မူဝါဒရေးရာကိစ္စတွေ၊ တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေ တိုးချဲ့တောင်းဆိုရေးကိစ္စနဲ့ အာရှ၊ ဥရောပ၊ အာဖရိက ကုန်သွယ်မှုကွန်ရက် ဖြစ်လာဖို့ သူ့ရဲ့ရပ်ဝန်းတခု လမ်းမတသွယ် မဟာဗျူဟာစီမံကိန်းကြီးတွေ ချပြပုံဖော်မှုတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံ ရှေ့ဆက် တိုးတက်ဖို့အတွက်နဲ့ အသစ်ဖွံ့ဖြိုးဖြစ်ပေါ်လာတဲ့ စီးပွားရေးအင်အားစုတွေကို ပျက်စီးစေတဲ့ ‘အလယ်အလတ် ဝင်ငွေထောင်ချောက်’ ကို ရှောင်ရှားနိုင်ဖို့ ပိုပြီးလွတ်လပ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လိုအပ်တယ်လို့လည်း လေ့လာသူတွေက ရှုမြင်ကြပါတယ်။ အခြခံမူဝါဒရေးရာကတော့ ဈေးကွက်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒီအတွက် အခု ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်သစ်တွေ ဘယ်အချိန်မှာ ဖယ်ထွက်ပေးရမလဲ ဆိုတာဟာ သူတို့ကို ဈေးကွက်ဖော်ဆောင်မှုအတွက် အထောက်အကူ ဖြစ်စေသလား၊ ဆန့်ကျင်တားဆီးမှု ဖြစ်စေသလား ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို့လည်း တရုတ်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ခုချိန်ထိကတော့ သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်စီးပွားရေးနယ်ပယ်က နိုင်ငံပိုင်ကုမ္ပဏီတွေအတွက် အလွန်အားကောင်းခိုင်မာတဲ့ နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တချို့တိုးတက်မှုတွေ ရှိနေခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အပိုင်းတွေကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးလိုက်တာကို မြင်ချင်ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မတ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို သူ့ရှေ့က တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုံးနဲ့ တိန့်ရှောင်ဖိန်တို့လို သူတို့ရဲ့ အတွေးအခေါ်ကို ပါတီရဲ့မူဝါဒအဖြစ် သတ်မှတ်ကိုင်စွဲခဲ့သလိုပဲ ကိုင်စွဲလိုက်ပြီ ဖြစ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့လည်း သဘောတူလိုက်ပြီ ဖြစ်တဲ့အတွက် ခုလာမယ့် သမ္မတ ရှီကျင့်ဖျင်ရဲ့ ဒုတိယသက်တမ်းမှာတော့ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့် တရုတ်ပြည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အလားတူပဲ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း တရုတ်ပြည်ရဲ့ အပြောင်းအလဲနဲ့ ဦးဆောင်မှုပေးလာမယ့် အခြေအနေတွေကို တွေ့မြင်လာရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။       ။
4 years Ago

October 27, 2017

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်နှင့် အလားအလာများ

တရုတ်ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင် ရွေးချယ်ရေးစနစ် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တပတ်ကြာ ကျင်းပခဲ့သော တရုတ်ပြည် ကွန်မြူနစ်ပါတီ ကွန်ဂရက်သည် ၅ နှစ်တကြိမ် ကျင်းပသော ၁၉ ကြိမ်မြောက် ပါတီညီလာခံ ဖြစ်သည်။ ယခုတကြိမ် ညီလာခံတွင် ပါတီဗဟိုကော်မတီ ၂၀၄ ယောက်နှင့် အရန်ဗဟိုကော်မတီ ၁၇၄ ယောက်ကို အသစ်ရွေးချယ်ပေးခဲ့သည်။ ပါတီ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် အဖွဲ့ဝင်များကိုလည်း ရွေးကောက် တင်မြှောက်ပေးခဲ့သည်။ ယခုတကြိမ် ပါတီညီလာခံက “တရုတ်ဝိသေသ လက္ခဏာများရှိသော ရှီကျင့်ဖျင်၏ ဆိုရှယ်လစ်စနစ် အတွေးအခေါ်” ဆိုသည်ကို ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် ထည့်သွင်းဖော်ပြ ပြင်ဆင်ခဲ့တဲ့အတွက် ခေါင်းဆောင်ကြီး မော်စီတုံးနောက်ပိုင်း ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပထမဆုံး ထည့်သွင်းခြင်းခံရသည့် ခေါင်းဆောင်အဖြစ် သမိုင်းတွင်သွားပေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ ၁၉၂၂ ခုနှစ်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီညီလာခံတွင် ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၁၉၄၅ ခုနှစ်တွင် ကျင်းပသော သတ္တမအကြိမ်မြောက် ပါတီညီလာခံတွင် မော်စီတုံး အတွေးအခေါ်ကို ပါတီ၏ လမ်းညွှန်သဘောတရားအဖြစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ပါတီဗဟိုကော်မတီကို ရွေးချယ်ပြီးနောက် ဗဟိုကော်မတီ အစည်းအဝေးများမှတဆင့် ပါတီအထွေထွေအတွင်းရေးမှူး ပေါလစ်ဗျူရို၊ ပေါလစ်ဗျူရို အလုပ်အမှုဆောင်ကော်မတီ (Politburo standing committee) နှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ကြရသည်။ ပါတီညီလာခံသည် ခေါင်းဆောင်မှုအပြောင်းအလဲ လုပ်ဆောင်ခြင်းနှင့် ပါတီလမ်းစဉ် အပြောင်းအလဲပြုရာတွင် အရေးကြီးသည့် အခင်းအကျင်းဖြစ်သည်။ ပါတီတရပ်လုံးကို ခေါင်းဆောင်မှုပေးသည့် ပေါလစ်ဗျူရို (နိုင်ငံရေးဦးဆောင်အဖွဲ့) တွင် အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပြီး ပေါလစ်ဗျူရို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦး ပါဝင်ကာ အထွေထွေအတွင်းရေးမှူးက ဦးဆောင်သည်။ ပေါလစ်ဗျူရို အလုပ်အမှုဆောင်အဖွဲ့မှာ ကွန်မြူနစ်ပါတီအတွင်း အမြင့်မားဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သည်။ ၂၀၀၂ ခုနှစ် ပါတီညီလာခံမှစ၍ ပေါလစ်ဗျူရိုအဖွဲ့ဝင် ဖြစ်ရန်အတွက် အသက်ကန့်သတ်ချက် ထားရှိခဲ့ရာ ညီလာခံကျင်းပသည့်နှစ်တွင် အသက် ၆၈ နှစ် ပြည့်သူများကို အနားယူရန် သတ်မှတ်ထားသည်။ သို့ဖြစ်၍ ရှီကျင်းဖျင်နှင့် လီခက်ချန်တို့မှအပ ဇန်းတဲ့ကျန်း (၇၀)၊ ယုဇန်းစိန်း (၇၂)၊ လျူယွန်ရှန်း (၇၀)၊  ဝမ်ချိရှန်း (၆၉) နှင့် ဇန်းကောင်လိ (၇၀) တို့သည် အသက် ၆၈ နှစ်ကျော်ကြပြီဖြစ်၍ နားခဲ့ကြရသည်။ ၎င်းတို့ ၅ ဦးမှာ ပါတီဗဟိုကော်မတီသစ်တွင် အမည်စာရင်း ပါမလာခဲ့တော့ပေ။ မူလကပင် အစားထိုး တာဝန်ပေးခံရလိမ့်မည်ဟု မျှော်လင့်ထားကြသည့်အတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦး အနားယူသွားပြီ ဖြစ်သည်။ မော်စီတုံးခေတ်နောက်ပိုင်း ကာလများမှစ၍ တရုတ်ကွန်မြူနစ်ပါတီသည် တာဝန်ထမ်းဆောင်ခြင်းကို အသက်ဖြင့် ကန့်သတ်ရန် စဉ်းစားလာခဲ့ကြသည်။ မော်စီတုံး လက်ထက်က သက်ဆုံးတိုင် တော်လှန်ရေးတာဝန် ထမ်းဆောင်ရေးဟု ကြွေးကြော်ကာ မသေမချင်း နေရာဖယ်မပေးသော မူကို ကျင့်သုံးခဲ့သဖြင့် ခေါင်းဆောင်မှုပိုင်းတွင် မှားယွင်းစွာ စဉ်းစားဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြဿနာများစွာ ပေါ်ပေါက်ခဲ့ခြင်းကို တိန့်ရှောက်ဖိန်ခေတ် တရုတ်ကွန်မြူနစ်ပါတီက သင်ခန်းစာ ယူခဲ့ဟန်တူသည်။ ပါတီတွင်း တာဝန်များကို အသက်ကန့်သတ်မှုများ ပြုခဲ့သလို အစိုးရအဖွဲ့ ဝန်ကြီး၊ ဒု-ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်မှုတွင်လည်း အသက်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးအဆင့်တွင် အသက် ၆၅ နှစ်နှင့် ဒုတိယဝန်ကြီးအဆင့်တွင် အသက် ၆၀ ပြည့်လျှင် အနားယူရမည်ဟု သတ်မှတ်ထားသည်။ ပေါလစ်ဗျူရို အလုပ်အမှုဆောင် အဖွဲ့ဝင်များအတွက် အသက်ကန့်သတ်မှုမှာ စာဖြင့် ရေးသားထုတ်ပြန်ထားခြင်းမျိုး မဟုတ်ဘဲ ထုံးတမ်းစဉ်လာ သဘောမျိုးသာ ဖြစ်သည်။ သို့ဖြစ်လေရာ ပေါလစ်ဗျူရိုအဖွဲ့ဝင် တဦးတယောက်သည် အဆိုပါထုံးစံကို ချိုးဖောက်လျက် အသက် ၆၈ နှစ်ကျော်သည်အထိ ဆက်လက် တာဝန်ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်ပေသည်။ သို့သော်လည်း ညီလာခံမတိုင်မီက ကောလာဟလသတင်းများ ထွက်နေသော သမ္မတရှီကျင့်ဖျင်၏ မဟာမိတ် ဝမ်ချိရှန်မှာ အသက် ၆၈ နှစ်ကျော်ပြီ ဖြစ်သော်လည်း ထုံးတမ်းစဉ်လာကို ချိုးဖောက်လျက် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရလိမ့်မည် ဆိုသော ယူဆချက်မှာ မမှန်ကန်ချေ။ ဗဟိုကော်မတီသစ်တွင် ၎င်း၏အမည်စာရင်း ပါမလာသဖြင့် အနားယူသွားရပြီဟု ဆိုရပေမည်။ ထုံးစံအရ အသက် ၆၈ နှစ်ကျော်သဖြင့် အနားယူရမည့် ပေါလစ်ဗျူရို အလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ယောက်ရှိမည်ဖြစ်ကာ အစားထိုးမည့် အသစ် ၅ ယောက်မှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသော ၁၈ ကြိမ်မြောက် ပါတီညီလာခံက တင်မြှောက်ခဲ့သည့် ပေါလစ်ဗျူရိုအဖွဲ့ဝင်များထဲက ဖြစ်ကြသည်။ ညီလာခံပြီးဆုံးပြီး နောက်တရက်တွင် ဗဟိုကော်မတီအစည်းအဝေးက အတည်ပြုလိုက်သော ပေါလစ်ဗျူရို အလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ယောက်မှာ ၁- ရှီကျင့်ဖျင် Xi Jinping (၆၄-နှစ်) ပါတီအထွေထွေအတွင်းရေးမှူး၊ ၂- လီခက်ချန်း Li Keqiang (၆၂-နှစ်) နှင့် အသစ်ရွေးချယ်တင်မြှောက်ခြင်း ခံရသော နိုင်ငံရေးဦးဆောင်အဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ် ၅ ဦးမှာ ၁- လီဇန်းရှု Li Zhanshu (၆၇-နှစ်)၊ ၂- ဝမ်ယန်း Wang Yang (၆၂-နှစ်)၊ ၃- ဝမ်ဟူနင်း Wang Huning (၆၂-နှစ်)၊ ၄- ဇောက်လက်ဂျိ Zhao Leji (၆၀-နှစ်)၊ ၅- ဟန်ဇန်း Han Zheng (၆၃-နှစ်) တို့ ဖြစ်ကြသည်။ ထုံးတမ်းစဉ်လာအရ ၂၀၁၇ ခုနှစ် ပါတီညီလာခံတွင် ပေါလစ်ဗျူရိုအဖွဲ့သို့ ဝင်ရောက်လာမည့်သူများမှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူများ ဖြစ်ကြရမည်။ ၁၉၉၀ ပြည့်နှစ်များလောက်ကစ၍ ပေါလစ်ဗျူရိုအဖွဲ့ကို ရွေးချယ်တင်မြှောက်ခံကြရသူများမှာ ယေဘုယျအားဖြင့် ပြည်နယ်ပါတီအကြီးအကဲတာဝန် ထမ်းဆောင်ဖူးသည့် အတွေ့အကြုံရှိသူများ ဖြစ်ကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်သာ ထမ်းဆောင်နေရာမှ ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် တိုက်ရိုက်ခုန်ကူးလာရေးမှာ မလွယ်ချေ။ ပြည်နယ်အဆင့်ရှိ ကေဒါများမှာ အများအားဖြင့် ၁၉၅၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် မွေးဖွားသူများ ဖြစ်ကြသဖြင့် ပေါလစ်ဗျူရိုတွင် နေရာတခုအတွက် ယှဉ်ပြိုင်ရသည်မှာ ခက်ခဲပြင်းထန်လှသည်။ ၂၀၀၇ ခုနှစ်လောက်ကစ၍ ပါတီအထက်တန်းရာထူးများတွင် ရှိရမည့် အသက်အရွယ်ကို အလယ်အလတ်မှ အထက်သို့ တိုးမြှင့်ထားလိုက်သော်လည်း အနားယူရမည့် အသက်အရွယ်ကိုမူ ကန့်သတ်မြဲ ကန့်သတ်ထားလေသည်။ သို့ဖြစ်၍ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီဝင် အများစုသည် အသက်အရွယ်အားဖြင့် ၁၉၅၅ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်အတွင်း မွေးဖွားသူများ ဖြစ်ကြပေသည်။ အရွေးချယ်ခံရသော ဗဟိုကော်မတီများထဲမှ ၁၉၆၅ ခုနှစ်နောက်ပိုင်း မွေးဖွားလာသူများကို ၂၀၂၂ ခုနှစ်တွင် အာဏာရယူလာကြမည့် ပါတီ၏ ခုနှစ်ဆက်မြောက် မျိုးဆက်များဟု သတ်မှတ်နိုင်ပေလိမ့်မည်။ တိန့်ရှောက်ဖိန်လက်ထက်မှ စတင်ကာ အနားယူတော့မည့် ခေါင်းဆောင်က နောင်တက်လာမည့်ခေါင်းဆောင် ရွေးချယ်မှုအပေါ်တွင် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိလေသည်။ ၁၉၉၀ ပြည့်နှစ်များအတွင်းက ဟူကျင်းတောင်ကို တိန့်ရှောက်ဖိန်က ၎င်းအနားမယူမီ ဆယ်နှစ်ခန့် မွေးမြူခဲ့သလို ရှီကျင့်ဖျင်ကိုလည်း သူ့အရင် ခေါင်းဆောင် ကျန်းဇီမင်းနှင့် ဒု-သမ္မတဟောင်း ဇန်းချင်ဟုန်တို့က မွေးမြူ မြေတောင်မြှောက်ပေးခဲ့ကြသည်။ တိန့်ရှောက်ဖိန်နှင့် ကျန်းဇီမင်းတို့ လုပ်ဆောင်ခဲ့ကြသည့် ဤသို့သော ခေါင်းဆောင်ရွေးချယ်မှု ဖြစ်စဉ်များက ပါတီတွင်း ဂိုဏ်းဂနစိတ်ကို ထိန်းညှိနိုင်ခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ချောမွေ့စေခဲ့သည်။ ၁၉၇၈ ခုနှစ် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ကတည်းက တရုတ်နိုင်ငံရေးစနစ်ကို ထိရောက်စွာ စနစ်တကျ ပုံသွင်းခဲ့ရာ နိုင်ငံရေးအရ မွေးမြူ မြေတောင်မြှောက်ခြင်းမှာ အနာဂတ် ခေါင်းဆောင်လောင်းများကို မြှင့်တင်ပေးရေးတွင် အရေးကြီးသည့် အခန်းမှ ဆက်လက်ပါဝင်နေပေတော့သည်။ ယခုတခေါက် ပေါ်လစ်ဗျူရို အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များ ရွေးချယ်ရာမှာ အသက် ၅၀ ပတ်ဝန်းကျင် ခေါင်းဆောင်များ မပါဝင်သဖြင့် ဆက်ခံမည့်သူကို ဆယ်နှစ်ခန့် ကြိုတင်မွေးမြူသည့် အစဉ်အလာအရ ဆိုပါလျှင် အမွေခံမည့် မျိုးဆက် မပါဝင်သေးဟု ယူဆရမလို ဖြစ်သည်။ အဓိပ္ပာယ်မှာ ၂၀၂၂ ခုနှစ်တွင် ထုံးစံအရ အနားယူရတော့မည့် ရှီကျင့်ဖျင်မှာ ထုံးတမ်းစဉ်လာကို ချိုးဖျက်ကာ ဆက်လက် တာဝန်ထမ်းဆောင်လိမ့်မည်လား တွေးဆစရာ ဖြစ်သည်။ ရှီကျင့်ဖျင်၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အတွေ့အကြုံရှိမှုက အဆင့်နိမ့် ခေါင်းဆောင်များကို ရာထူးတိုးပေးရာတွင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား သို့မဟုတ် အဆင့်မြင့်ရာထူး ကိုင်ထားခြင်းမှ ရလာမည့် စီးပွားရေးအရ တုံ့ပြန်မှုတို့အပေါ် မူမတည်ဘဲ အလုပ်ကို ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်သည့် အမူအကျင့်ပေါ်တွင် ဦးစားပေးလေ့ရှိခြင်း ဖြစ်သည်။ နိုင်ငံခြားသတင်းဌာနများက ရှီကျင့်ဖျင်က သူ့လက်အောက် နေရာများကို ရွေးချယ်သည့်ကိစ္စနှင့် ပတ်သက်လျှင် ပါတီတွင်း အာဏာတည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ဂိုဏ်းအုပ်စုဖွဲ့သည်ဟု ထင်မြင်ယူဆသည့်အခါတိုင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် စာနယ်ဇင်းများက မတူခြားနားသော အမြင်ဖြင့် ရေးသားကြသည်။ ရှီက သူနှင့် ရင်းနှီးကျွမ်းဝင်သူများကို ရာထူးတိုးပေးခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းစေရန် အပြန်အလှန် ချိတ်ဆက်မှုရှိသည့် ကွန်ရက်ကို အသေအချာ စစ်ဆေးစီမံခန့်ခွဲနိုင်ရန် ဖြစ်ကြောင်း၊ ထိုလုပ်ဟန်မှာ ကျန်းဇီမင်း လက်ထက်ကပင် တရုတ်နိုင်ငံရေးစနစ်တရပ်အဖြစ် ထွန်းကားလာခဲ့ပြီးကြောင်း ရေးသားကြသည်။ ရှီကျင့်ဖျင် ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်လာပြီးသည့် နောက်ပိုင်းတွင် သူနှင့် တချိန်က အတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးသူများကို ပါတီ၏ အဆင့်အသီးသီးတွင် နေရာပေးလာခဲ့သည်။ သို့ဖြစ်၍ ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်မတိုင်မီတွင် သူ့အပေါင်းအဖော်များမှာ ပြည်နယ်တာဝန်ခံများ ဖြစ်နေကြပြီ ဖြစ်သည်။ ကွေ့ကြိုးပြည်နယ်မှ ချင်မင်အဲ၊ ကျန်းစူးပြည်နယ်မှ လိချိအန်း၊ လျောင်နင်ပြည်နယ်မှ လိရှီ၊ ဇက်ကျန်းပြည်နယ်မှ ရှားပေါက်လုံနှင့် ကျိလင်ပြည်နယ်မှ ဘယန်ကိုလုတို့ ဖြစ်ကြပြီး အုပ်ချုပ်ရေးဌာနများ ဖြစ်ကြသော ဝါဒဖြန့်ချိရေးဌာနတွင် ဟွမ်ခွန်မင်း၊ ပါတီစည်းရုံးရေးဌာနတွင် ချင်ရှီ၊ ပါတီ အထွေထွေရေးရာဌာနတွင် တင့်ရွှဲရှန်း၊ ပါတီကျောင်းတွင် ဟော့ယိထင်၊ စီးပွားရေး ဆောင်ရွက်မှုဌာနတွင် လျူဟော့၊ အမျိုးသားလုံခြုံရေးဌာနတွင် ဆိုက်ချိနှင့် အင်တာနက် ထိန်းချုပ်ရေးဌာနတွင် ရှုလင်းတို့သည်လည်း ရှီကျင့်ဖျင်၏ အပေါင်းအဖော်များ ဖြစ်ကြလေသည်။ ရှီကျင့်ဖျင်က “တက်နိုင်၊ ကျနိုင် (နိမ်စန့်-နိမ်ရှ) ဆိုသော ပေါ်လစီကို လက်တွေ့ကျင့်သုံးသည်။ အဆိုပါ မူဘောင်အရ ကေဒါတယောက်အနေဖြင့် လက်ရှိတာဝန်မှ ပိုမိုနိမ့်ပါးသည့်တာဝန်သို့ လျှောကျသွားခြင်း သို့မဟုတ် အဆောင်အယောင်မျှဖြစ်သည့် နေရာတခုသို့ ရောက်ရှိသွားခြင်းမျိုး ဖြစ်နိုင်သည်။ ယခင်အတိတ်ကာလက ကေဒါများအနေဖြင့် ဂရိတ်ကို အခြေခံကာ ဆက်ခံရသည့် မြင့်မားသည့် အဆင့်တခုသို့ ရောက်ရှိသွားပါက ရာဇဝတ်မှုတခုခု မကျူးလွန်သမျှ ရာထူးမှ ပြန်လည်လျှောကျခြင်း မရှိတော့ချေ။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက ထိုသို့ တင်းကျပ်သော စည်းမျဉ်းများ ကျင့်သုံးမှုကြောင့် ပါတီတွင်း ကေဒါမြှင့်တင်ပေးရေးတွင် အသက်အရွယ်က အဓိကကျလာသဖြင့် ငယ်ရွယ်ပြီး ပိုမို လုပ်ရည်ကိုင်ရည်ရှိသူများကို အထက်သို့ မြှင့်တင်ပေးရေးတွင် အခက်တွေ့ကြရသည်။ ရှီကျင့်ဖျင် မိန့်ခွန်းမှ အဓိကအချက်များ ၁၉ ကြိမ်မြောက် ပါတီညီလာခံ ပထမနေ့တွင် အထွေထွေအတွင်းရေးမှူးဖြစ်သူ ရှီကျင့်ဖျင်က ၂ နာရီခွဲခန့် ကြာမြင့်သည့် မာရသွန် မိန့်ခွန်းတရပ် ပြောကြားသွားလေရာ အဓိကအချက်များမှာ… - ခေတ်သစ်နှင့် တွေးခေါ်မှုသစ် တရုတ်ဝိသေသလက္ခဏာများရှိသော ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တခုဆီသို့ ဝင်ရောက်လာပြီဟု ကြေညာသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများ ရှိသည့် ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို ပုံဖော်ပေးသည်။ အဆိုပါ အတွေးအခေါ်မှာ ပါတီ၏ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်စေရမည့် ရေရှည်လုပ်ငန်း လမ်းညွှန်ချက် ဖြစ်သည်။ အတွေးအခေါ်သစ်မှာ မာ့က်စ်-လီနင်ဝါဒ၊ မော်စီတုံး အတွေးအခေါ်၊ တိန့်ရှောက်ဖိန် သီအိုရီ၊ သုံးမျိုး ကိုယ်စားပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် သိပ္ပံနည်းကျ အမြင်စိုက်ထူရေးတို့အပေါ်နှင့် နောက်ပိုင်း တိုးတက်လာမှုများအပေါ် အခြေစိုက်ထားသည်။ - မဟာ ခေတ်မီဆိုရှယ်လစ်တိုင်းပြည် တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၂၀ ပြည့်နှစ်မှ ၂၁ ရာစု အလယ်ပိုင်းအထိ ကာလအတွင်း တရုတ်ပြည်ကို မဟာခေတ်မီဆိုရှယ်လစ် တိုင်းပြည်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်နှစ်ဆင့်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရေးဆွဲထားသည်။ ပထမအဆင့်သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အတွင်း အတန်အသင့် သာယာဝပြောသော လူ့အဖွဲ့အစည်းအခြေခံပေါ်တွင် ၁၅ နှစ်ကြာမျှ အပြင်းအထန် ကြိုးစားပြီး ဆိုရှယ်လစ် ခေတ်မီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များ ရရှိလာစေရန် ရည်ရွယ်သည်။ ဒုတိယအဆင့် ၂၀၃၅ ခုနှစ်မှ ၂၁ ရာစုအလယ်ပိုင်းအထိ ကာလအတွင်း အခြေခံအားဖြင့် ခေတ်မီလူ့အဖွဲ့အစည်း လက္ခဏာများ ရရှိနေပြီဖြစ်သော အခြေခံပေါ်တွင် နောက်ထပ် ၁၅ နှစ်မျှ ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်ခြင်းဖြင့် သာယာဝပြောသော၊ အင်အားရှိသော၊ ဒီမိုကရေစီရှိသော၊ ယဉ်ကျေးမှုအရ ရှေ့တန်းရောက်သော၊ သဟဇာတဖြစ်ပြီး သာယာလှပသော မဟာခေတ်မီ ဆိုရှယ်လစ်တိုင်းပြည်ကို တည်ဆောက်ရန် ဖြစ်သည်။ တရုတ်ပြည်သူတို့အတွက် ပိုမိုကောင်းမွန်သောဘဝကို ရရှိရေး လိုအပ်ချက်များမှာ တနေ့တခြား ပိုမိုကျယ်ပြန့်လာသည်။ ၎င်းတို့၏ ရုပ်ဘဝနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုတိုးတက်လာရုံသာမက ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ အကျိုးအကြောင်းရှိရေးနှင့် တရားမျှတရေး၊ လုံခြုံရေးနှင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ရှိရေးတို့ကိုလည်း တိုးတက်တောင်းဆိုလာကြသည်။ - စီးပွားရေး တရုတ်စီးပွားရေးသည် အလျှင်အမြန် တိုးတက်ကြီးထွားသည့်အဆင့်မှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သို့ ကူးပြောင်းသည့်ဖြစ်စဉ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတွင် တိုင်းပြည်က အစစ်အမှန် စီးပွားရေးကို အာရုံစိုက်ရမည်။ တရုတ်ပြည်အနေဖြင့် နိုင်ငံတော်အရင်းအနှီးကို ပိုမိုသန်မာစေရန်၊ ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကြီးထွားလာစေပြီး တရုတ်ကုမ္ပဏီကြီးများကို ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးများအဖြစ် ပြောင်းလဲကြရမည်။ တရုတ်ပြည်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စားသုံးမှုအခြေခံကဏ္ဍကို တွန်းအားပေးမည်။ အတိုးနှုန်းနှင့် ငွေလဲနှုန်းများကို ပိုမို၍ ဈေးကွက်အခြေခံ ဖြစ်လာစေရေးကို အထောက်အကူပြုသည့် ငွေကြေးဆိုင်ရာ မူဝါဒ စည်းမျဉ်းစည်းကမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။ - တံခါးဖွင့်ခြင်း တရုတ်ပြည်က သူ၏တံခါးများကို ကမ္ဘာသို့ ပို၍ပို၍ ကျယ်ကျယ် ဆက်လက်ဖွင့်ပေးထားမည်ဟု ရှီကျင့်ဖျင်က ဆိုလေသည်။ ဈေးကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်စေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေအရ အခွင့်အရေးများ၊ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်ပေးမည်ဟု ကတိကဝတ်ပြုထားသည်။ - ဥပဒေ တရုတ်ကွန်မြူနစ်ပါတီသည် ကဏ္ဍအားလုံးတွင် ဥပဒေကို အခြေခံသည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရန် ဗဟိုဦးဆောင်အဖွဲ့တဖွဲ့ကို တည်ထောင်မည်။ အဆိုပါအဖွဲ့က အခြေခံဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် စောင့်ကြည့်ခြင်း၊ အခြေခံဥပဒေနှင့် ညီ၊ မညီ သုံးသပ်ခြင်းနှင့် အခြေခံဥပဒေ၏ အာဏာပိုင်စိုးရေးကို ကာကွယ်စောင့်ရှောက်ရေးတို့ကို အားဖြည့်ပေးသွားမည်ဟု ဆိုပါသည်။ - လူနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်ရေး တရုတ်ပြည်အနေဖြင့် မဟာခေတ်မီဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရန် ဖွံ့ဖြိုးတိုးတက်ရေးအဆင့် နှစ်ဆင့် ချမှတ်ထားရာတွင် လှပသာယာသော တရုတ်ပြည်ဖြစ်ရေး ရည်မှန်းချက်လည်း ပါဝင်သည်။ ခေတ်မီရေးဆိုသည်မှာ လူနှင့် သဘာဝပတ်ဝန်းကျင်အကြား အပြန်အလှန် သဟဇာတဖြစ်ကာ အတူယှဉ်တွဲနေထိုင်ရေး ဆိုသည့် အချက်တချက်လည်း ပါဝင်သည်။ တရုတ်ပြည်အနေဖြင့် နိုင်ငံတော်ပိုင် သဘာဝသယံဇာတ အရင်းအမြစ်များကို မှန်ကန်စွာ စီမံခန့်ခွဲရန်နှင့် သဘာဝ ဂေဟဗေဒစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားဥယျာဉ်များကို ဖော်ထုတ်ရန် စည်းမျဉ်းစည်းကမ်း ချမှတ်ရေး အေဂျင်စီများကို ထူထောင်မည်။ - လက်နက်ကိုင်တပ်များ ၂၀၂၀ ပြည့်နှစ်အရောက်တွင် စစ်ရေးဆိုင်ရာ စက်မှုတည်ဆောက်ရေးမှာ အခြေခံအားဖြင့် တည်ထောင်ပြီးမည် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်များ ခေတ်မီတိုးတက်ရေးမှာ ၂၀၃၅ တွင် အခြေခံအားဖြင့် ပြီးစီးအောင် ဆောင်ရွက်မည်။ ကမ္ဘာ့အဆင့်မီစစ်တပ်အဖြစ်သို့ ပြည်သူ့လက်နက်ကိုင်တပ်များ၏ အသွင်ကူးပြောင်းရေးမှာ ၂၁ ရာစုအလယ်တွင် ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။ - သံတမန်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံက မည်သည့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ရောက်ရှိပါစေ၊ ဗိုလ်ကျလွှမ်းမိုးရေးဝါဒနှင့် နယ်ပယ်ချဲ့ထွင်ရေးဝါဒကို မည်သည့်အခါမျှ ကျင့်သုံးမည် မဟုတ်ဟု ကမ္ဘာသိ ကြေညာသည်။ - ပါတီ တည်ဆောက်ရေး တရုတ်တမျိုးသားလုံးကို ဦးဆောင်မှုပေးနေသော တရုတ်ကွန်မြူနစ်ပါတီကို အကြီးအကျယ် ခြိမ်းခြောက် အန္တရာယ်ပြုနေသည့် အကျင့်ပျက် ခြစားမှုကို ဆန့်ကျင် တိုက်ဖျက်ရာတွင် လုံးဝ အောင်မြင်မှုရသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရှီကျင့်ဖျင်က ဆိုလေသည်။ စိုးရိမ်ပူပန်ချက်များ နိုင်ငံတကာမှ ပညာရှင်အချို့ကမူ စိုးရိမ်ပူပန်မှု ရှိနေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားအင်အားကို တည်ဆောက်ရန်ဆိုသည့် ရည်မှန်းချက်မှာ ပါတီ၏ အစောပိုင်း အာရုံစိုက်မှုဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဥစ္စာဓန ကြွယ်ဝချမ်းသာရေး ဆိုသည့် ရည်မှန်းချက်၏ အဆက်-ဆိုသည့် ယုတ္တိရှိမှုကို  ပြဆိုသော်လည်း ခေါင်းဆောင် တဦးတယောက်တည်းက တွေးခေါ်မှုအရရော၊ လုပ်ပိုင်ခွင့်အာဏာ အားလုံးနီးပါးကိုပါ ဆုပ်ကိုင်ထားသည့် နိုင်ငံရေးစနစ်သည် ဘေးဒုက္ခကပ်ဆိုးကြီးဆီ သွားရောက်ရာ လမ်းညွှန် ဖြစ်နေတတ်ခြင်းကြောင့်ဟု ဆိုပါသည်။ တရုတ်ပြည် လွတ်မြောက်ပြီးနောက် ဖြတ်သန်းခဲ့သော ခေတ် ၃ ခေတ် ရှိသည်။ ပထမခေတ်မှာ ၁၉၄၉ ခုနှစ်မှ မော် ကွယ်လွန်သည့် ၁၉၇၆ အထိဖြစ်ပြီး ဒုတိယခေတ်မှာ တိန့်ရှောက်ဖိန် ဦးစီးသော ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် ကွန်ဂရက်၏ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှ ၁၉ ကြိမ်မြောက် ကွန်ဂရက်မစတင်မီအထိ ဖြစ်သည်။ တတိယခေတ်မှာ ရှီကျင်းဖျင် ဦးစီးသည့် ယခုကျင်းပသော ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်မှ စတင်သည်။ ခေတ် ၃ ခေတ်လုံးတွင် တူညီသည့် အတွင်းသဘော ၃ ရပ်ရှိသည်။ ပထမတချက်မှာ- အဓိကခေါင်းဆောင်ကို ဆန့်ကျင်ဘက်ပြုသူများသည် ရာထူးမှ ဖယ်ရှား သို့မဟုတ် အနားပေး၊ သို့မဟုတ် ဖယ်ထုတ်ခံရခြင်း၊ ဒုတိယအချက်မှာ အဆိုပါ အဓိက ခေါင်းဆောင်တင်ပြသည့် အတွေးအခေါ်ကို ပါတီက လက်ခံအတည်ပြု၍ တပါတီလုံးက ညီညွတ်စွာ လက်ခံရခြင်းနှင့် တတိယအချက်မှာ တရုတ်ပြည်အနေဖြင့် သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်၍ ပါတီဝင်တရပ်လုံးက မယိမ်းမယိုင် ယုံကြည်စိတ်ချစွာ လျှောက်လှမ်းကြရမည် ဆိုသည့်အချက်များ ဖြစ်သည်ဟု ဆိုသည်။ မော်စီတုံး ရှေ့ဆောင်လမ်းပြခဲ့သော ပထမခေတ်တွင် မဟာခုန်ပျံကျော်လွှားရေး (Great Leap forward)၊ မဟာယဉ်ကျေးမှုတော်လှန်ရေး (Great Cultural Revolution) စသည့် မှားယွင်းသော နိုင်ငံရေး-စီးပွားရေး ပေါ်လစီများကြောင့် ပြည်သူ သန်းပေါင်းများစွာ သေကျေ အနာတရဖြစ်ကြပြီး ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း တိန့်ရှောက်ဖိန် ဦးဆောင်သော ဒုတိယခေတ်တွင်မူ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ထုတ်လုပ်ရေး အင်အားစုများကို ပုဂ္ဂလိကပိုင်ပြုရေး အင်တိုက်အားတိုက် လုပ်ဆောင်ကာ တရုတ်ပြည်ကို ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်စေခဲ့သည်။ ပြည်သူ သန်းရာပေါင်းများစွာကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့သည်။ လွန်ခဲ့သည့် ခေတ်နှစ်ခေတ်အကြား အဓိကခြားနားချက်မှာ၊ နောင်ဆက်ခံမည့် မျိုးဆက်ကို ကြိုတင်စနစ်တကျ မွေးမြူလေ့ကျင့်ပေးခြင်းနှင့် အသက်အရွယ် ကန့်သတ်ချက်ဖြင့် ရာထူးတာဝန်မှ အနားယူစေခြင်း၊ ထိပ်ဆုံး ရာထူးတာဝန်များကို သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်စေခြင်း ဖြစ်သည့်အတွက် ခေါင်းဆောင်မှု အမှားကြောင့် ကြီးမားသည့် ဘေးဒုက္ခမျိုး မကြုံနိုင်ဟုလည်း တရုတ်မီဒီယာများက ဆိုကြလေသည်။ သို့သော်လည်း အာဏာအားလုံးနီးပါးကို ဆုပ်ကိုင်ထားသည့် လူတဦး တယောက်တည်း၏ အတွေးအခေါ်၊ သဘောတရားရေး ဦးဆောင်မှုဖြင့် မောင်းနှင်သည့် ဗဟိုချုပ်ကိုင်မှု ပြင်းထန်သော နိုင်ငံရေးစနစ်တရပ်သည်၊ မျိုးချစ်စိတ်လှုံ့ဆော်မှုဖြင့် ကမ္ဘာ့အဆင့် စစ်အင်အားကြီးတရပ် ဖြစ်ရန် ရည်မှန်းချက်ကြီးမားစွာ ရှိနေခြင်း၊ ခေါင်းဆောင်မှုအဖွဲ့အတွင်း မတူသည့် စဉ်းစားတွေးခေါ်မှုများကို တားဆီးခံရခြင်း၊ လူ့အဖွဲ့အစည်းမှ ထင်မြင်ယူဆချက်များ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရှိခြင်း စသည်တို့ကြောင့် ထိန်းကျောင်းမှုကင်းမဲ့ကာ တနေ့တခြား အင်အားကြီးထွားလာသည့် တရုတ်ပြည်သည် အခြားနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာလေမည်လားဟု စိုးရိမ်ပူပန်မှုလည်း ရှိလာနေပေသည်။ သို့ဖြစ်ရာ ယခု ရှီကျင်းဖျင်၏ တတိယခေတ်သည် တရုတ်ပြည်အတွက် လမ်းဆုံလမ်းခွသို့ ရောက်နေသည်ဟုလည်း ဆိုသည်။ တရုတ်ပြည် ချမ်းသာကြွယ်ဝ၊ အင်အားကြီးလာမှုသည် ၎င်း၏ အခက်အခဲများကိုလည်း ဖြေရှင်းနိုင်၊ ကမ္ဘာ့ပြဿနာများ ဖြေရှင်းရေးတွင်လည်း အပြုသဘော အထောက်အကူပြုသည့် ယုံကြည်စိတ်ချရသော တရုတ်ပြည် ဖြစ်လာမည်လား၊ သို့မဟုတ် တရုတ်ပြည်ကိုယ်တိုင်က ပိုမိုရန်လိုသည့် ပြဿနာရှာသူ ဖြစ်လာလေမည်လား ဆိုသည့် လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု ဟောင်ကောင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ် ဇွစ် (DR. David Zweig) က သုံးသပ်ထားလေသည်။ ရဲထွန်း(သီပေါ)
4 years Ago
Up