မြန်မာ- ဘင်္ဂလားဒေ့ရှ်

October 19, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပြင်/မြေပြင် ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်

  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ ညှိနှိုင်းပြီး ရေပြင်/မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က မောင်တောမြို့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးအဖွဲ့မှ ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၂) ပါ ၂ စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Shaik Adul Jalil ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၂ ဦးပါ စက်တပ်ရေယာဉ် ၂ စီးနဲ့ လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီးမှာ တွေ့ဆုံပြီး ရေယာဉ် ၄ စီးနဲ့ နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ပြိး သဲချောင်း ချောင်းဝအနီး ရေမိုင် အမှတ် ၁၈ အရောက်မှာ ရေယာဉ်အမှတ် (၀၀၂) ပေါ်မှာ နှစ်ဖက် ညှိနှိုင်း ကင်းလှည့်အဖွဲ့တွေ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အလားတူ မောင်တောမြို့နယ်၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မြင့်မောင် ဦးစီးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အမှတ်(၁၁) BGB တပ်ရင်း Bhalukhaiya ကင်းစခန်းမှ Subedar Md. Abu Hanif ဦးစီးအဖွဲ့တို့ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၈ ကနေ ၄၉ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်းပြီး မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago

June 29, 2018

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လူတစုက လာရောက်ဖျက်ဆီး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးလာလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဇွန် ၂၈ ရက် ညနေ ၃ နာရီလောက်မှာ  တစ်ဖက်နိုင်ငံက လူ ၁၂ ဦးခန့်ဟာ နယ်စပ်  ခြံစည်းရိုးကို လာရောက် ဖျက်ဆီးနေတာတွေ့လို့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အော်ဟစ် မောင်းထုတ်လိုက်တဲ့အတွက် ထွက်ခွာသွားခဲ့ကြတယ်၊ ညနေ ၆ နာရီမှာ တခါ ထပ်ရောက်လာပြီး နယ်စပ်ခြံစည်းရိုးတိုင်တွေကို ထပ်ပြီး ဖျက်ဆီးနေတာတွေ့လို့ သတိပေး အော်ဟစ် ပြောဆိုပေမယ့် ထွက်မသွားဘဲ  ပြန်လည် အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ခြံစည်းရိုးတိုင်တွေကို  လွှနဲ့ ဆက်လက် ဖျက်ဆီးနေလို့  ရဲအရာရှိတဦးက အမ်အေ- ၁၁ နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  ခြံစည်းရိုးကို သွားရောက် စစ်ဆေးခဲ့ရာမှာ တိုင် ၄ တိုင်ပျက်စီးသွားတာတွေ့ရပြီး ထပ်မဖြစ်အောင် စောင့်ကြည့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်းရဲ့ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်းမှာ ရေတိုက်စားလို့ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့ပြီး  ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုးတွေနဲ့ ယာယီ ပြန်လည် ကာရံ ထားရတယ်လို့ သိရပါတယ်။ Photo : MOI
3 years Ago
More News
Up