မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီ ထုံခါ-မောတောင်လမ်းပိုင်း ဖေဖော်ဝါရီလ ပြီးစီးမည်

January 27, 2019

မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီ ထုံခါ-မောတောင်လမ်းပိုင်း ဖေဖော်ဝါရီလ ပြီးစီးမည်

မြန်မာ-ထိုင်းနယ်စပ်လမ်း တနင်္သာရီ ထုံခါ-မောတောင်လမ်းအပိုင်း ဖေဖော်ဝါရီလမှာ ပြီးစီးမယ်လို့ စီမံကိန်းဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့ကိုသွားတဲ့ လမ်းအပိုင်းဖြစ်တဲ့ ထုံခါ-မောတောင်လမ်း ၄၈ မိုင်ကျော်ကို မြိတ်အများပိုင်ကုမ္ပဏီက BOT စနစ်နဲ့ ဖောက်လုပ်တဲ့ လမ်းဖြစ်ကြောင်း သိရပါတယ်။ မြိတ်အများပိုင်ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးသန်းလွင်က “တနင်္သာရီ ထုံခါ-မောတောင် လမ်းအပိုင်းကို ကျနော်တို့ ကုမ္ပဏီကတာဝန်ယူပြီး BOT စနစ်နဲ့ ၂၀၁၃ ခုနှစ်ကစပြီး ဖောက်လုပ်တာပါ။ လမ်းအရှည်က ၄၈ မိုင်၊ ၆ ဖာလုံ၊ အကျယ် ၂၄ ပေ ရှိပါတယ်။ ခုဆိုရင် ဒီလမ်းဟာ ၉၃ ရာခိုင်းနှုန်းပြီးစီးနေပါပြီ အချောသတ်ရမယ့်အပိုင်းတော့ နည်းနည်းကျန်နေသေး တယ်။ နောက်လလောက်ဆိုရင် အားလုံးပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားတယ်။” ဒီလမ်းပြီးသွားရင် တိုးဂိတ် ၂ ခုဆောက်လုပ်မှာဖြစ်ပြီး ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက်အနီး ၁ ခုနဲ့ မောတောင်မြို့ အမှတ် ၁ ကျေးရွာ တံတားအနီးမှာ ၁ ခု ဆောက်လုပ်သွားလို့ ပြောပါတယ်။ မောတောင်ဒေသခံ ဦးမျိုးသန့်က "အရင်က လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ မောတောင်ကနေ မြိတ်ကိုသွားမယ်ဆိုရင် ညအိပ်ခရီးသွားရတယ်။ ဒေသအတွက်လ လိုအပ်တဲ့ စားသောက်ကုန်တွေ တင်ပို့တဲ့နေရာမှာ လမ်းမကောင်းတော့ ကားခတွေဈေးကြီးတယ်။ မောတောင်မှာ ပြန်ရောင်းတဲ့အခါ ကုန်ဈေးနှုန်းမြှင့်တယ်။ အခု လမ်းကောင်းသွားတော့ အရင်က ညအိပ်ခရီးသွားရပေမယ့် အခုဆိုရင် မောင်းချိန် ၃ နာရီကျော်ကျော်လေး မောင်းတာနဲ့ မြိတ်မြို့ကိုရောက်ပြီဆိုတော့ ကုန်စည်စီးဆင်းမှုမြန်လာသလို သယ်ယူစရိတ်တွေ လျှော့ကျလာတယ်၊ ဒေသခံတွေလည်း စားသောက်ကုန်တွေကို အရင်ကလို ဈေးကြီးပေးမဝယ်ရတဲ့အတွက် ကျေးဇူးတင်နေရတယ်" လို့ ပြောပါတယ်။ အဆိုပါလမ်းဟာ နယ်စပ်လမ်းဖြစ်တဲ့အတွက် အရင်က ၁၀ နာရီ မောင်းနှင်ရပေမယ့် အလုံးစုံပြီးစီးသွားပါက မြိတ်မြို့မှ ၃ နာရီသာ မောင်းနှင်ရမှာဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းတွေ ထိုင်းနိုင်ငံကို အချိန်တိုအတွင်း တင်ပို့နိုင်မယ်လို့ သိရပါတယ်။ မိုးတွင်းကာလမှာ မောတောင်ငယ်တောင်ကြောတလျှောက် မြေပြိုမှုများဖြစ်ပွားတာကြောင့် တောင်ကြောတလျှောက် ကွန်ကရစ်လမ်းခင်းဆောင်ရွက်ထားပြီး ဖြစ်ကြောင်းသိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago
Up