မြန်မာသင်္ဘောသား

September 10, 2015

မြန်မာသင်္ဘောသားများ လိုက်ပါသည့် မလေးရှားကုန်တင်သင်္ဘော ပျောက်ဆုံးနေ

မြန်မာအပါအ၀င် သင်္ဘောသား ၁၄ ဦး လိုက်ပါသွားတဲ့ မလေးရှား ကုန်တင် ပင်လယ်ကူးသင်္ဘာတစီးဟာ တောင်တရုတ်ပင်လယ်ထဲမှာ ပျောက်ဆုံးနေလို့  အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။ မလေးရှားမှတ်ပုံတင် MV Sah Lian သင်္ဘောဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆာရာဝတ်ပြည်နယ် ကမ်းရိုးတန်းမှာ ခုတ်မောင်းနေစဉ် အဆက်အသွယ် ပြတ်သွားတာဖြစ်ပြီး သင်္ဘောပေါ်မှာ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ အိန္ဒိနိုင်ငံက သင်္ဘောသား ၁၄ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ သင်္ဘောပေါ်မှာ သံထည်ပစ္စည်းတွေ၊ ပိုက်တွေနဲ့ စားသောက်ကုန်တွေ တင်ဆောင်ထားပြီး ကူချင်းမြို့ကနေ လမ်ဘန်းမြို့ကို သွားနေတာလို့လည်း ဆိုပါတယ်။ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ဘူဂျန်ပစ်က သင်္ဘောဟာ ပြန်ပေးဆွဲခံရပြီး မလေးရှား ရေပိုင်နက် အပြင်ဘက်ကို ထွက်သွားပြီလို့ ယုံကြည်တဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ်အတွင်း မလေးရှားပြည်မကြီးနဲ့ ဘော်နီယိုကျွန်းအကြား အင်ဒိုနီးရှား ရေပိုင်နက် နာတူနာ ကျွန်းနားမှာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။ မလေးရှား ရေကြောင်းဌာနက သင်္ဘော ၃ စီးနဲ့ ရှာဖွေနေပြီး ထိုင်းနဲ့ ဗီယက်နမ်တွေကိုလည်း အကူအညီ တောင်းထားတယ်လို့ ပြောပါတယ်။
6 years Ago

May 7, 2015

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘော အီရန် ပြန်လွှတ်

ပြီးခဲ့တဲ့တပတ်က ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေ ပါဝင်တဲ့  ကွန်တိန်နာသင်္ဘောကို အီရန်အစိုးရက မေလ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ အီရန်ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ သင်္ဘောဟာ မာရှယ်ကျွန်းစုအလံလွှင့်ထူထားပြီး ဧပြီလ ၂၈ ရက်နေ့က အီရန်ကင်းလှည့်သင်္ဘောတွေက တားဆီးခဲ့တာပါ။ MAERSK_TIGRIS-1သင်္ဘောကို ဒိန်းမတ်သင်္ဘောလိုင်းတခုဖြစ်တဲ့ Maersk သင်္ဘောလိုင်းက ပိုင်ဆိုင်ပြီး   မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ Maersk သင်္ဘောလိုင်းက ကုမ္ပဏီတခုကို လျော်ကြေးပေးဖို့ကိစ္စ တရားရုံးကိစ္စ မပြေလည်သေးလို့ သင်္ဘောကို ထိန်းသိမ်းထားတာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ တပတ်က ပြောဆိုခဲ့တာပါ။ တရားရုံးကိစ္စ ၁ ရက်၊၂ ရက်အတွင်း ပြီးစီးမယ်လို့လည်း အီရန်အရာရှိတဦးက မေလ ၆ ရက်နေ့က ပြောဆိုပါတယ်။ သင်္ဘောဖမ်းဆီးခံရတဲ့ကိစ္စဟာ ပါရှန်ပင်လယ်ကွေ့ နိုင်ငံတကာ ရေကြောင်းလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်လို့ နိုင်ငံတကာအရေးအခင်းတခု ဖြစ်တော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာပါ။ အမေရိကန်နိုင်ငံက ဖျက်သင်္ဘောတစီးကို စေလွှတ်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ သင်္ဘောကို နိုင်ငံတကာရေလမ်းကြောင်းမှာ အခွင့်မရှိဘဲ ဖမ်းဆီးခဲ့တာလို့ သင်္ဘောလိုင်းက စွပ်စွဲပေမယ့် အီရန်အစိုးရကတော့ အီရန်ရေပိုင်နက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
6 years Ago
Up