မြန်မာဒုက္ခသည်

August 24, 2018

ထိုင်းရောက် မြန်မာဒုက္ခသည်များကို တတိယအသုတ်အဖြစ် အောက်တိုဘာလ၌ ပြန်လည်လက်ခံမည်

ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး ဆန္ဒအလျောက် နေရပ်ပြန်လာလိုတဲ့ မြန်မာဒုက္ခသည်တွေကို အခုနှစ် လာမယ့် အောက်တိုဘာလမှာ တတိယအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံကနေ ဆန္ဒအလျောက် နေရပ်ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြည်လည်လက်ခံဖို့ကိစ္စနဲ့ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို ဒီကနေ့ သြဂုတ် ၂၄ ရက် မနက်က နေပြည်တော်မှာ ကျင်းပပါတယ်။ အစည်းအဝေးမှာ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေကို ပြန်လည်စိစစ် လက်ခံရာမှာ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားဖို့နဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေဖို့ ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်သွားမယ့် ကိစ္စတွေ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ဒါ့အပြင် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစိစစ်ဖို့နဲ့ ထိုင်းနိုင်ငံရှိ စခန်းတွေမှာ လူမှုရေးရာ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆောင်ရွက်ထားရှိမှုနဲ့ ဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေကို တတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ ပြန်လည်လက်ခံရာမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အစီအမံတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်တွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ ကရင်နဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးတို့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ၂၀၁၆ အောက်တိုဘာမှာ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ပါတယ်။ ၂၀၁၈ မေလမှာတော့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၉၃ ဦးတို့ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ဒုတိယအသုတ်  ပြန်လည်ဝင်ရောက်လာပါတယ်။
3 years Ago

July 10, 2017

မယ်လစခန်းမှ မြန်မာဒုက္ခသည် ၁၀၀ ကျော် ဆန္ဒအလျောက်နေရပ်ပြန်မည်

  ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၁၀၈ ဦး ဆန္ဒအလျောက်  မြန်မာနိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာရေးသား ဖော်ပြပါတယ်။ ဒုက္ခသည် မိသားစု ၂၈ စုဟာ သူတို့ရဲ့ မူလနေရပ်မြို့ကို ပြန်ချင်နေကြတယ်လို့ သာစောင်ရမ်းမြို့နယ် အကြီးအကဲက သတင်းမှာပြောပါတယ်။ နိုင်ငံခြားရေးဌာနကနဲ့ မြန်မာသံရုံးက  တာဝန်ရှိသူတွေနဲ့ ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းကို လာရောက်ခဲ့ပြီး ဒုက္ခသည်တွေ တရားဝင်နေရပ်ပြန်နိုင်ဖို့ အထောက်အထား စာရွက်စာတမ်းတွေ ဆက်လုပ်လုပ်ဆောင်ဖို့ရှိနေတယ်လို့လည်းပြောပါတယ်။ ၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ မယ်လ ဒုက္ခသည် စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးစခန်းဖြစ်ပြီး  ကရင်လူမျိုးအများစု အပါအ၀င် ဒုက္ခသည်  ၅ သောင်းလောက် နေထိုင်နေပါတယ်။ မယ်လ ဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တရှိန်ထိုးမြင့်တက်လာနေ တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်)က မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မယ်လဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၂၈ ဦးနဲ့ သေကြောင်းကြံစည်သူ ၆၆ ဦးရှိခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်းထက် ၃ ဆကျော်ရှိနေတယ်လို့ ဆိုပါတယ်။
4 years Ago
Up