ပြန်လည်တွေ့ရှိ

December 30, 2017

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ရှားပါးကျားသစ်မျိုးစိတ်များ ပြန်လည်တွေ့ရှိ(ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင် ပြည်နယ်မှာ ရှားပါးကျားသစ်တွေကို ပြန်တွေ့နေရတဲ့ ကိစ္စဟာ အဒီဒေသရဲ့ ဂေဟစနစ် ပိုမိုကောင်းမွန်လာတဲ့ အထောက်အထားဖြစ်တယ်လို့ တရုတ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စင်တာတခုရဲ့ ဒါရိုက်တာက ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ပင်လယ်ရေးမျက်နှာပြင်အထက် ပေ ၄ ထောင်ကျော်မှာ တည်ရှိတဲ့ ချင်းဟိုင် ပြည်နယ်မှာ ၂၀၁၇ ခုနှစ် တစ်နှစ်တည်းမှာပဲ ကျားသစ်ကောင်ရေ ၁၀ ကောင်လောက် တွေ့ရှိခဲ့ပါတယ်။ ကျားသစ်တွေ ပြန်လည်နေထိုင်ကျက်စားနေတာကို အဲဒီဒေသမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေ သိရှိခဲ့ရတာပါ။ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတွေမှာ ချင်းဟိုင်ပြည်နယ်  ကျားတို သစ်တောဒေသနဲ့ လန်ကန်းမြစ်မြစ်ညာပိုင်းတလျောက်မှာ ကျားသစ်တွေ ကျက်စားနေထိုင်တာကို တွေ့ရပါတယ်။ “ဒါဟာ ဂေဟစနစ် မပျက်စီးသေးဘူး၊ ကျန်းမာသန်စွမ်းနေတယ်ဆိုတဲ့ အမှတ်လက္ခဏာပါ။ ကျားသစ်တွေ ပြန်လာတာကို ကြည့်ရင် ဒီဒေသရဲ့ ဂေဟစနစ်ဟာ ပိုကောင်းလာတယ်ဆိုတဲ့ သက်သေအထောက်အထားပါ။ အရင်နှစ်အတော်များများမှာ အဲဒီနေရာမှာ အစက်ပါတဲ့ကျားသစ်မျိုးနဲ့ နှင်းကျားသစ်မျိုးနွယ်တွေ တိုးလာနိုင်ခြေရှိတာကို ကျနော်တို့ လေ့လာသိရှိရပါတယ်။ အဲဒီလိုတိုးလာနိုင်တဲ့ အခြေအနေကို နေရာတစ်ခုတည်း၊ ကင်မရာတစ်ခုတည်းမှာပဲ လေ့လာတွေ့ရှိရပါတယ်။ ကျနော်တို့ယူဆတာက ရာသီဥတုပြောင်းလဲမှုနဲ့ တခြားအကြောင်း အချက်တွေကြောင့် ကျားသစ်တွေရဲ့ နေထိုင်ကျက်စားမှုကို ပိုပြီး ခပ်စိတ်စိတ်တွေ့လာရတာ ဖြစ်ပါတယ်” လို့ ဘေဂျင်းအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစင်တာရဲ့ ပရောဂျက်ဒါရိုက်တာ ကျေ့ရှန်ကပြောကြားသွားတာ ဖြစ်ပါတယ်။
3 years Ago

December 22, 2017

ကျားဖောင် ၇ ဖောင်နှင့် အလုပ်သမား ၂၁ ဦးကို ပြန်လည်တွေ့ရှိ

အမာမြို့အနီးရှိ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့ ကျားဖောင်တွေနဲ့ အလုပ်သမားတွေထဲက ဒီနေ့ ကျားဖောင် ၇ ဖောင်နဲ့ အလုပ်သမား ၂၁ ဦးကို ပြန်လည်တွေ့ရှိပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ အမာမြို့၊ ခါးပြတ်ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က  ပင်လယ်ပြင်ထဲ ငါးပုစွန် ဖမ်းဆီးတဲ့ အလုပ်သမား ၃၉ ဦးပါ ကျားဖောင် ၁၃ ဖောင်ဟာ လေနီကြမ်းဝင်ပြီး ကြိုးပြတ်ကာ  ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကျားဖောင်တဖောင်မှာ အလုပ်သမား ၃ ဦးစီ ပါသွားခဲ့ပြီး အခုတော့ ကျားဖောင် ၆ ဖောင်နဲ့ အလုပ်သမား ၁၈ ဦး ဆက်လက်ပျောက်ဆုံးနေတာကြောင့် ဒေသခံကျွမ်းကျင်တဲ့ ရေလုပ်သားတွေနဲ့ ဒေါ်ညိမ်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။ “လေနီကြမ်းဝင်လို့ မျောသွားတာလို့ သိရတယ်။ ဒီအချိန် လေနီကြမ်းဝင်တာမျိုး မရှိတော့ မျောကုန်ကြတာ ဖြစ်မယ်။ ဒီမနက်တော့ တိုက်နေတဲ့လေတွေက ကမ်းဘက်ပြန်တိုက်နေတော့ ဒေသခံတွေက ပျောက်နေတဲ့ ကျားဖောင်တွေ ကမ်းကို လေနဲ့ ပြန်ကပ်လာမလား မျှော်နေကြတယ်။” ပျောက်ဆုံးနေတဲ့ ကျားဖောင်တွေကတော့ ဦးအောင်ခင် ဆိုသူ ပိုင်ဆိုင်တာ ဖြစ်ပြီး ကျားဖောင်အားလုံးမှာ ရွှေစင်ဖြိုးအလုပ်ရုံ အမှတ်အသားဖြစ်တဲ့ အင်္ဂလိပ်စာလုံး အတိုကောက် (SZP)ကို ဖောင်ပေါ်ရှိ အလုပ်သမားတွေ နေတဲ့ တဲအိမ်နံရံတွေက မြင်သာတဲ့ နေရာမှာ ရေးသားထားပြီး ကမ်းကပ်ချိန်မှာ တွေ့ရှိပါက ဖောင်နဲ့ အလုပ်သမားတွေကို ကယ်ဆယ်ပေးထားပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
4 years Ago
Up