ပြည်ခိုင်ဖြိုးပါတီ

May 20, 2018

ဆန္ဒပြပွဲများကို နောက်ကွယ်မှ ပံ့ပိုးခြင်းမရှိဟု ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီ ငြင်းဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ဘယ်ဆန္ဒပြပွဲကိုမှ နောက်ကွယ်က ပံ့ပိုးတာ မရှိဘူးလို့ ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ငြင်းဆိုလိုက်ပါတယ်။ မေလ ၂၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတဆီကို အိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားရေးသမားတွေရဲ့ ဆန္ဒပြပွဲတွေက တောင်းဆိုချက်တွေနဲ့ ပါတီရဲ့ အိတ်ဖွင့်ပေးစာပါ အချက်တွေ တူညီနေတဲ့အပေါ် အဲဒီဆန္ဒပြပွဲတွေကို ပြည်ခိုင်ဖြိုးက ဦးဆောင်တာလား၊ ဒါမှမဟုတ် နောက်ကွယ်က ပံ့ပိုးတာလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။ ဧရာဝတီတိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးသက်လင်းက “ဒါကတော့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ ဆန္ဒတူရာ ယုံကြည်ချက်တူရာ စုစည်းပြီးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ ပါတီကတော့ ဆူပူအုံကြွမှုဖြစ်အောင်လုပ်ပြီးတော့မှ နိုင်ငံရေးအမြတ်ထုတ်မယ့် အထဲမှာ မပါပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးကိုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလှုပ်ရှားမှုတွေက ကျနော်တို့နဲ့ မဆိုင်ပါဘူး။ အကယ်၍ လုပ်စရာရှိရင်လည်း ပြတ်ပြတ်သားသားနဲ့ ပေါ်ပေါ်တင်တင် လုပ်သွားမှာပါ။ နောက်ကွယ်ကတော့ ပံ့ပိုးစရာမရှိပါဘူး”လို့ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ NVC ကတ်ကိစ္စ၊ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းလို့ ခေါ်တဲ့ကိစ္စ၊ လွတ်ငြိမ်းချမ်းသာပေးတဲ့ကိစ္စ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကိစ္စတွေနဲ့ အန်အယ်လ်ဒီ ပါတီအစိုးရလက်ထက် စီးပွားရေးအခြေအနေတွေကို ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
3 years Ago

November 29, 2016

ရှမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်တွင် တင်သွင်းသည့်အရေးကြီးအဆို ဆက်ဆွေးနွေးမည်

ရှမ်းပြည်အရှေ့မြောက်ဒေသ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုး အမတ်တဦးက တင်သွင်းတဲ့ အရေးကြီးအဆိုကို ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ်းခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် ကေအိုင်အေ၊ အမ်အန်ဒီအေအေနဲ့ တီအမ်အယ်လ်အေ ပူးပေါင်း အဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု ဗုံးခွဲမှုများကြောင့် အပစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာစစ်ပြေးဒုက္ခရောက်ခြင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ အား ထိခိုက်စေခြင်းတို့ကိုလွှတ်တော်မှာ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ပါတယ်။ အခုလို အရေးကြီးအဆိုတင်သွင်းရတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဆောင်ရွက် နေတဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထိခိုက်မှာ စိုးရိမ်မိတဲ့အတွက် တင်ရတာဖြစ်တယ်လို့ ဒေါက်တာမောင်သင်းက ဆိုပါတယ်။ အဲ့ဒီအဆိုကို ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသန်းစိုးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေး သွားမှာလည်းဖြစ်ပါတယ်။
4 years Ago
Up