မြွေ

June 26, 2019

ဘန်ကောက်ရှိ စာတိုက်တခုတွင် ပါဆယ်ထုပ်အတွင်းမှ မြွေအရှင် ထွက်လာ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်းခဲနယ်မြေ ဖားဆီကျလွန်း စာတိုက်ကြီးမှာ စာပို့ကားနဲ့ ရောက်ရှိလာတဲ့ ပါဆယ်တထုပ်ထဲကနေ မြွေအရှင်တကောင် ထွက်လာပါတယ်။ စာတိုက်ဝန်ထမ်းတဦးဟာ မနေ့မနက်က အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ပါဆယ်ထုပ်တွေကို လိပ်စာအလိုက် ခွဲပြီးစုပုံနေစဉ် မိုးရေစိုပြီး ပေါက်ပြဲနေတဲ့ အထုပ်တခုကို ရွှေ့လိုက်ရာမှာ အရှည် ၂ မီတာလောက်ရှိတဲ့ မြွေတကောင် လျှောထွက်လာတာကြောင့် စာတိုက်ထဲကလူတွေ အားလုံး ထိတ်လန့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။ ကံအားလျော်စွာ စာတိုက်ဝန်ထမ်းတဦးက မြွေဖမ်းရာမှာ အတွေ့အကြုံရှိတဲ့အတွက် အဲဒီမြွေကို ဖမ်းယူပြီး အိတ်ထဲပြန်ထည့်လိုက်ကြောင်း၊ အဲဒီနောက် လိပ်စာပိုင်ရှင်ကို အကြောင်းကြားလိုက်ရာမှာ ပိုင်ရှင်က အထုပ်ကိုယူပြီး ကားနဲ့ အမြန်ပြန်ထွက်သွားတယ်လို့  ဝန်ထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။ မြွေပါတဲ့အထုပ်ဟာ ချချိန်းဆောင်းခရိုင်ဘက်ကနေ ပို့လာာတာဖြစ်ပြီး လိပ်စာပိုင်ရှင်မှာလည်း တလတကြိမ် ပါဆယ်ထုပ် လာယူလေ့ရှိကြောင်း၊ အခုလို သက်ရှိသတ္တဝါ၊ အဆိပ်ရှိသတ္တဝါတွေ စာတိုက်ကနေ ပို့ဆောင်တာဟာ တရားဥပဒေနဲ့ ညီမညီ သေချာမသိကြောင်း၊ ဒါပေမယ့် သက်ရှိသတ္တဝါတွေကိုတော့ ပါဆယ်နဲ့ မပို့သင့်ကြောင်း၊ အများပြည်သူကို အန္တရာယ်ပြုနိုင်ပြီး တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်ရာရောက်ကြောင်း၊ အခန့်မသင့်က အဲဒီသတ္တဝါ မွန်းကျပ် သေဆုံးနိုင်ကြောင်း စာတိုက်မှူးက ပြောပါတယ်။ အရင်ကလည်း ပိုးဟပ်အကောင်ရေ တရာကျော် ပို့ဆောင်လာတာ ရှိခဲ့ဖူးပြီး အထုပ်ပေါက်ထွက်လို့ စာတိုက်ထဲက မိန်းကလေးတွေ အကုန်ထွက်ပြေးကုန်တယ်လို့ စာတိုက်မှူးက ပြောသွားပါတယ်။
2 years Ago

April 22, 2019

မြွေကြောင့် ရုံးမတက်ရဲသည့် လိုက်ဘေးရီးယား သမ္မတ

တလအတွင်း နှစ်ကြိမ်တိုင်တိုင် မြွေတွေ့ခဲ့လို့ လိုက်ဘေးရီးယား သမ္မတကြီး ဂျော့ခ်ျဝီယာဟာ ရုံးမှာ မနေရဲဘဲ ရုံးအလုပ်တွေကို အိမ်မှာယူလုပ်နေရတယ်လို့ ဧပြီ ၁၉ ရက်နေ့ Sky News သတင်းမှာ ဖော်ပြပါတယ်။ သမ္မတကြီးရုံးထိုင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်း အောက်ထပ်မှာ မြွေကို နှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့ရတာဖြစ်ပြီး ဒီရုံးကို ပြန်လည်ရှင်းလင်းဖို့ လိုအပ်တာကြောင့် သမ္မတကြီး အပါအဝင် တခြားဝန်ထမ်းတွေဟာ ဒီရုံးမှာ သွားရောက် အလုပ်လုပ်လို့ မရတာပါ။ လိုက်ဘေးရီးယားနိုင်ငံဟာ အဆိပ်ပြင်းတဲ့မြွေတွေ ပေါများရာနေရာဖြစ်ပြီး ဒီလိုအခြေအနေမှာ စွန့်စားဖို့ မသင့်တော်တာကြောင့် ကျွမ်းကျင်သူတွေက သမ္မတကြီးကို ရုံးမတက်ဖို့ ညွှန်ကြားထားတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတဲ့ မြွေက အနက်ရောင်မြွေဖြစ်ပြီး ဒီမြွေဟာ ရုံးရဲ့ ဧည့်ကြိုကောင်တာနံရံမှာ ရှိတဲ့ အပေါက်တခုကနေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် သီတင်းပတ် အနည်းငယ်ကလည်း မြွေတကောင်ကို မြင်တွေ့ခဲ့ရတာကြောင့် ရုံးကိုပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ရတာပဲ ဖြစ်ပါတယ်။ လိုင်ဘေးရီးယားသမ္မတ ဂျော့ခ်ျဝီယာဟာ သမ္မတမဖြစ်ခင်က နာမည်ကျော် ဘောလုံးသမားတဦးဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ၊ အေစီမီလန်၊ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးကာ ၁၉၉၅ ခုနှစ်မှာ ဖီဖာရဲ့တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဆယ်စုနှစ်တခုအတွင်း အာဖရိကရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အပြင် Ballon d’Or ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
2 years Ago
More News
Up