ကြောင်မျက်နှာ

June 18, 2019

ဖေ့စ်ဘွတ်ခ်လိုက်လွှင့်ချိန် မှားယွင်းပြီး ကြောင်မျက်နှာပုံဖြင့် ကိုးရိုးကားယားဖြစ်ခဲ့သည့် ပါကစ္စတန် ၀န်ကြီး

ပါကစ္စတန်အစိုးရ တာဝန်ရှိသူ ၀န်ကြီးတဦးဟာ စာနယ်ဇင်းရှင်းလင်းပွဲတခုအတွင်း ဖေ့စ်ဘွတ်ခ်မှတဆင့် လိုက်ဖ်လွှင့်ခဲ့ချိန်မှာ ကြောင်ရုပ်ပုံ အထူးပြုလုပ်ချက်တွေနဲ့ မှားယွင်းလွှင့်ခဲ့မိပြီး လူမှုကွန်ရက်မီဒီယာတွေပေါ် နာမည်ကြီးသွားခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ခါဘာပက်ခ်ထွန်ခ၀ါခရိုင်မှ သတင်းအချက်အလက် နည်းပညာဝန်ကြီး ယူဆွတ်ဖ်ရှောက်ခက်ဇိုင်းဟာ အာဏာရပါတီဖြစ်တဲ့ ပီတီအိုင်(PTI) ပါတီဝင်တွေနဲ့အတူ တွေ့ဆုံချိန်မှာ ခုလိုဖြစ်ခဲ့ရတာလို့ အက်စ်ဘီအက်စ်သတင်းတပုဒ်မှာ ဇွန်လ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ လိုက်ဖ်ဗွီဒီယိုမှာ ပေါ်လာခဲ့တဲ့ ကြောင်နားရွက်၊ နှုတ်ခမ်းမွေးတွေနဲ့ ၀န်ကြီးရဲ့ပုံဟာ ရုတ်တရက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး ရုပ်သံထဲက တခြားသူတွေရဲ့ မျက်နှာတွေမှာလည်း ခုလိုပုံတွေနဲ့အတူ ဖြစ်သွားခဲ့တာပါ။ မှားယွင်းလိုက်ဖ်လွှင့်ခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ တမဟုတ်ချင်း အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ ပါတီက သူ့ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်ကနေ ဖယ်ရှားပစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီစိတ်ပျက်စရာကောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပီတီအိုင်ပါတီရဲ့ လူမှုကွန်ရက်ပြန် ကြားရေးအဖွဲ့က ဒါဟာ မှားယွင်းမှုတခုဖြစ်ပြီး နောင်မှာ ခုလိုမဖြစ်အောင် ဆင်ခြင်သွားမယ်လို့ ပြောလိုက်ပါတယ်။ ပါတီရဲ့ သတင်းထုတ်ပြန်ချက်တစောင်မှာတော့ ခါဘာပက်ခ်ထွန်ခ၀ါခရိုင် သတင်း အချက်အလက် နည်းပညာဝန်ကြီး ယူဆွတ်ဖ်ရှောက်ခက်ဇိုင်းရဲ့ မျက်နှာပေါ်မှာ ကြောင်မျက်နှာပုံနဲ့ ဖြစ်သွားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို မိနစ်ပိုင်းအတွင်းမှာပဲ ဖျက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ပျံ့နှံ့သွားခဲ့ပြီး စနောက် ပြောင်စရာ စာသားတွေ၊ ၀န်ကြီးရဲ့ ကြောင်မျက်နှာရုပ်ပုံတွေနဲ့အတူ ဟိုးလေးတကြော် ဖြစ်နေခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတဦးကတော့ “ခါဘာပက်ခ်ထွန်ခ၀ါခရိုင်အစိုးရ လူမှုကွန်ရက် မီဒီယာအဖွဲ့ကြောင့် ခုဆို တို့အစိုးရအဖွဲ့ထဲမှာ ကြောင်တကောင်ရှိနေပြီ” လို့ ရေးခဲ့သလို နောက်တယောက်ကတော့ “ဘယ်သူက ဒီကြောင်တွေကို လွှတ်လိုက်တာလဲ”လို့ နောက်ပြောင်ကာ မှတ်ချက်တွေ ရေးနေကြပါတယ်။ ၀န်ကြီးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးတကြီး အရေးယူသွားဖို့ အကြောင်းမရှိဘဲ “ကျနော့်တယောက်တည်းလည်း မဟုတ်ပါဘူး။ ကျနော်နဲ့အတူ ထိုင်နေတဲ့ အစိုးရ တာဝန်ရှိသူ ၂ ယောက်လည်း ကြောင်ပုံနဲ့ ဖြစ်သွားခဲ့တာပဲ” လို့ အေအက်ဖ်ပီသတင်းကို ဖြေခဲ့တာပါ။
2 years Ago
Up