မြောက်ကိုရီးယားက လေကြောင်းပြပွဲ ကျင်းပ

September 26, 2016

မြောက်ကိုရီးယားက လေကြောင်းပြပွဲ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံရဲ့ လေကြောင်းပြပွဲတခုကို အရှေ့ဘက်ကမ်းခြေမြို့ တမြို့ဖြစ်တဲ့ ၀မ်ဆန် (Wonsan) မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကနေ ၂၅ ရက်နေ့ထိ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ မြောက်ကိုရီးယားလေတပ်က စစ်လေယာဉ်တွေနဲ့ အစိုးရပိုင် ကော်ယို (Koryo) လေကြောင်းလိုင်းက လေယာဉ်တွေ အစီး ၂၀ ကျော် ပြသခဲ့ပြီး နိုင်ငံတကာမီဒီယာတွေကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်တစင်း ပရိသတ် ၁၅၀၀၀ ရှေ့မှာ အလှပြ ပျံသန်းပြခဲ့ပြီး စစ်ရဟတ်ယာဉ် ၄ စီးကလည်း အုပ်စုဖွဲ့ အနိမ့်ပျံသန်းပြသခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တခြားခေါင်းဆောင်တွေ ဒီပြပွဲကို လာရောက်ကြည့်ရှုတာ မတွေ့ရပါဘူး။ လေယာဉ်တွေရဲ့ ပျံသန်းမှုစွမ်းရည်၊ လေကြောင်းပြပွဲ လက်ခံကျင်းပတဲ့ လေဆိပ်ရဲ့ အရည်အသွေး၊ လာရောက်ကြည့်ရှုအားပေးတဲ့ ပရိသတ်အင်အား အရမ်းအားရဖို့ ကောင်းတယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီဝင် ဗြိတိန်ခရီးသွားဝန်ဆောင်မှုအေဂျင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ပင်မှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာ ဒီလေကြောင်းပြပွဲကို ပြသခဲ့တာပါ။
5 years Ago
Up