မြောက်ကိုရီးယားက တာတိုပစ်ကျည်ဖူး အများအပြား ပစ်ခတ်

March 10, 2016

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ၂ စင်း ပင်လယ်ထဲ ပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် ၂ စင်း ပင်လယ်ထဲ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က မတ်လ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။ မြောက်ကိုရီးယားနိုင်ငံ၊ အရှေ့ဘက်ကမ်းကနေ မိုင် ၃၀၀ ကျော်အကွာ ပင်လယ်ပြင်ထဲကို ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ် ကြေညာချက်က ဆိုပါတယ်။ ဒီဒုံးကျည်ပစ်ခတ်မှုတွေအပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံထဲမှာရှိတဲ့ တောင်ကိုရီးယားပိုင် ပစ္စည်းတွေ အားလုံးကို ဖျက်သိမ်းမယ်လို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာပါတယ်။ တောင်ကိုရီးယားနိုင်ငံပိုင် ပစ္စည်းတွေကတော့ နှစ်နိုင်ငံနယ်စပ်မှာ ဖွင့်လှစ်ခဲ့တဲ့ ကေစုံ (Kaesong) စက်မှုဇုန်မှာ အများစုရှိတာပါ။ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း အဲဒီစက်မှုဇုန်က ဖက်စပ်စီမံကိန်းတွေ အားလုံးကို တောင်ကိုရီးယားနိုင်ငံက ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီလို ပြန်ရုပ်သိမ်းလိုက်တာကို မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ကြေညာတာလို့ မြောက်ကိုရီးယားနိုင်ငံက သတ်မှတ်ခဲ့ပြီး စက်မှုဇုန်ကိုလည်း “စစ်ဇုန်” အဖြစ် ကြေညာခဲ့ပါတယ်။
5 years Ago

March 3, 2016

မြောက်ကိုရီးယားက တာတိုပစ်ကျည်ဖူး အများအပြား ပစ်ခတ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ဖို့ ခြွင်းချက်မရှိ မဲပေးထောက်ခံအပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားက  မတ်လ ၃ ရက်နေ့မှာ တာတိုပစ်ကျည်ဖူး အတော်များများကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီက ဝမ်ဆန်ဒေသကနေ အရှေ့ပင်လယ်ထဲကို တာတိုပစ်ကျည်ဖူး အတော်များများ ပစ်ခတ်ခဲ့တယ်၊ အဲဒီနောက် တောင်ကိုရီးယားစစ်တပ်က တပ်လှန့်မှုအပြည့် ဆောင်ရွက်ထားပြီး သက်ဆိုင်ရာ လှုပ်ရှားမှုတွေကို စစ်ဆေးနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မွန်းဆန်းဂျန်း (MOON SANG-GYUN) က ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ကျည်ဖူးတွေက တာတိုပစ် ဒုံးကျည်တွေလား၊ အမြောက်ဆန်တွေလား ဆိုတာ သိရဖို့ တောင်ကိုရီးယားစစ်တပ်က ကြိုးစားစိစစ် တွက်ချက်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
5 years Ago
Up