မြောက်ကိုရီးယား

July 29, 2019

မြောက်ကိုရီးယား ငါးဖမ်းသမား ၃ ဦးကို နေရပ်ပြန်လွှတ်ပေးမည်ဟု တောင်ကိုရီးယား ပြော

တောင်ကိုရီးယား ရေပိုင်နက်ထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား ငါးဖမ်းသမား သုံးယောက်ကို နေရပ်ပြန်လွှတ်ပေးသွားမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ လီဆန်းမင်က ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောတွေဟာ တောင်ကိုရီးယား ရေပိုင်နက်ထဲကို မကြာခဏ ကျူးကျော်ဝင်ရောက်လာတာ ဒါမှမဟုတ် မတော်တဆ မျောပါလာတာတွေ ဖြစ်လေ့ရှိပါတယ်။ ဇူလိုင် ၂၇ ရက်က တောင်ကိုရီးယား ရေပိုင်နက်ထဲကို ရောက်လာတဲ့ မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောဟာ ရွက်တိုင်မှာ အဖြူရောင်အဝတ်စ လွှင့်ထူထားတာကြောင့် အဲဒီသင်္ဘောတွေ ဆွဲခေါ်ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ အဖြူရောင်အဝတ်စ လွှင့်ထူထားတာဟာ ခိုလှုံခွင့်တောင်းခံတဲ့ သင်္ကေတ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် ငါးဖမ်းသင်္ဘောပေါ်မှာပါလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား သုံးယောက်ကို စစ်ဆေးမေးမြန်းမှုအတွင်း သူတို့ဟာ တောင်ကိုရီးယား ရေပိုင်နက်ထဲကို မတော်တဆ မှားဝင်လာခဲ့တာဖြစ်ပြီး နေရပ်ပြန်ချင်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားအစိုးရ အနေနဲ့ ဒီကိစ္စကို မြောက်ကိုရီးယားဘက် အကြောင်းကြားထားပြီး အဲဒီသင်္ဘောသားသုံးယောက်ဟာ ဇူလိုင် ၂၉ ရက် နှောင်းပိုင်းလောက်မှာ မြောက်ကိုရီးယားကို ပြန်ကြမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago

July 26, 2019

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု တောင်ကိုရီးယားကို သတိပေးခြင်းဖြစ်

မြောက်ကိုရီးယားရဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ပုံစံသစ်တွေ စမ်းသပ်တာဟာ တောင်ကိုရီးယားကို သတိပေးလိုက်တာပဲလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ကေစီအန်အေ သတင်းဌာနက ဇူလိုင် ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားအနေနဲ့ နည်းပညာမြင့်လက်နက်တွေ တင်သွင်းတာနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေကို ရပ်ဖို့ သတိပေးလိုက်တာပါ။ ဇူလိုင် ၂၅ ရက်နေ့က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်အသစ် နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်စဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြီးခဲ့တဲ့လက သဘောတူပြီးနောက် ဒါဟာ  မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ ပြုလုပ်တဲ့ တောင်ကိုရီးယား အာဏာပိုင်တွေကို ခေါင်းဆောင် ကင်ဂျုံအန်းက ဝေဖန်ခဲ့တယ်လို့လည်း ကေစီအန်အေ သတင်းဌာနက ပြောပါတယ်။ သမ္မတ ထရမ့် ဒါမှမဟုတ် အမေရိကန်နိုင်ငံကို တိုက်ရိုက် မရည်ညွှန်းခဲ့ပေမယ့် တောင်ကိုရီးယားဟာ အမေရိကန်စစ်တပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်လေ့ ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂရဲ့ ကန့်သတ်ချက်တွေဟာ နိုင်ငံ့ကာကွယ်ရေး အခွင့်အရေးကို ထိပါးတာပဲလို့ တုံ့ပြန်ခဲ့ပါတယ်။
2 years Ago
More News
Up