အော်ရီဒူး

February 9, 2016

မြန်မာ့မိုဘိုင်းကွန်ရက်တိုးချဲ့ရန် ချေးငွေဒေါ်လာသန်း ၃၀၀ အော်ရီဒူးရရှိ

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခေတ်မီ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ပိုမိုတိုးချဲ့ဖို့ အတွက် အော်ရီဒူးမြန်မာကုမ္ပဏီကို အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ရှင်း (အိုင်အက်ဖ်စီ)တို့က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေ ထုတ်ပေးမယ်လို့ အော်ရီဒူးကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အော်ရီဒူးက အကောင်အထည်ဖော်နေတဲ့ သရီးဂျီနည်းပညာသုံး ခေတ်မီမိုဘိုင်း ဆက်သွယ်ရေး ကို မြန်မာပြည်သူတွေအတွက် အသံကြည်လင်ပြတ်သားစွာနဲ့ အကောင်းဆုံး ဒေတာ ၀န်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပေးအပ်တာလို့ အော်ရီဒူးကုမ္ပဏီရဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အော်ရီဒူးအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ရှိတ်ဆာဒ်ဘင် နက်စ်ဆာ အယ်လ်သာနီက “လွန်ခဲ့တဲ့ ၂ နှစ်ကာလမှ အော်ရီဒူးဟာ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အဆင့် တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် ပံ့ပိုးပေးရေးအစီအစဉ်နဲ့ပတ်သက်ပြီး သိသိသာသာတိုးတက် ဆောင်ရွက် နိုင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတဦးချင်းအကြား ဆက်သွယ်ရေးတိုးမြှင့်အောင် အောင်ရွက်ပြီး တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် တယ်လီဖုန်းဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးပြီး ပံ့ပိုးသွားမယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အေဒီဘီရဲ့ ညွန်ကြားရေးမှူး ခရစ်စတိုဖာသီမီ ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ တယ်လီဖုန်းဆက်သွယ်မှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ဒီလို အရေးပါတဲ့ တယ်လီဖုန်း ၀န်ဆောင်မှု တိုးမြှင့်လိုက်တာကနေ အနည်းဆုံး ဆင်းရဲတဲ့သူတွေနဲ့ အမျိုးသမီးတွေသုံးစွဲခွင့်ရလာမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အေဒီဘီရဲ့ အကူအညီဟာ မြန်မာလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း တယ်လီဖုန်းသုံးစွဲနိုင်ရေး အစိုးရရဲ့ ရည်မှန်းချက်ကို အထောက်အကူအဖြစ်စေမယ်လို့လည်းဆိုပါတယ်။ အော်ရီဒူးမြန်မာကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရ ၀င်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး နိုင်ငံတ၀န်း သန်းနဲ့ချီတဲ့မိုဘိုင်းဖုန်းသုံးစွဲ သူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။
6 years Ago

July 28, 2015

ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလုပ်မည့် အထူးကုမ္ပဏီဖွဲ့စည်းရန် အစိုးရဖိတ်ခေါ်

မြန်မာနိုင်ငံမှာ ၄ ခုမြောက် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် အထူးလုပ်ငန်းကုမ္ပဏီတခု ဖွဲ့စည်းလုပ်ကိုင်လိုသူတွေအနေနဲ့ အဆိုပြုလွှာတင်သွင်း လျှောက်ထားနိုင်တယ်လို့ အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက  အဆိုပြုလွှာတွေ ခေါ်ယူလိုက်တာဖြစ်ပြီး စိတ်ဝင်စား လျှောက်ထားမယ့်ကုမ္ပဏီဟာ ကျပ်ငွေ ၃ ဘီလီယံ မတည်ရင်းနှီး ထည့်ဝင်ထားတဲ့ အနည်းဆုံးသက်တမ်း ၃ လရှိ အများပိုင်ကုမ္ပဏီဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အခုလို အများပိုင်ကုမ္ပဏီတွေနဲ့ အထူးလုပ်ငန်းကုမ္ပဏီ ဖွဲ့စည်းတာဟာ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရယူသုံးစွဲနိုင်မယ့် အထူးလုပ်ငန်းကုမ္ပဏီတစ်ခု (Special Purpose Vehicle) ဖြစ်လာဖို့ ရည်ရွယ်ပြီး  ဒီကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ရှာဖွေမယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန  ညွှန်ကြားရေးမှူး ဦးချစ်ဝေက ဒီဗွီဘီကို ပြောပါတယ်။ “ကုမ္ပဏီဖွဲ့စည်းပြီးမှ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်လုပ်နိုင်ဖို့ ပရောဂျက်ဆွဲရမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏကို လောလောဆယ် မသိနိုင်သေးပါဘူး။ ဒီကုမ္ပဏီဖွဲ့ပြီးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူရှာမယ်။ အစိုးရအနေနဲ့ကတော့ ရှယ်ယာ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက် ပါနိုင်ပါတယ်။” ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံမရှိတဲ့ အများပိုင်ကုမ္ပဏီတွေလည်း လျှောက်ထားနိုင်ပြီး သြဂုတ်လ ၂၄ ရက် နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ လက်ရှိ မြန်မာပြည်တွင်း ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီ၊ ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အမ်ပီတီတို့ကို အစိုးရက တရားဝင်ချပေးထားတာပါ။ မြန်မာ့စီးပွားရေးဦးပိုင်က လုပ်ဆောင်နေတဲ့ အမ်အီးစီကတော့ သီးခြားလိုင်စင်နဲ့ လုပ်ဆောင်နေတာမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အမ်ပီတီလက်အောက်မှာ ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
6 years Ago
Up