အော်ပရာဟောက်စ်

October 10, 2018

သြစတြေးလျ အော်ပရာဟောက်စ်ကို လောင်းကစားအဆောက်အဦအဖြစ် အသုံးချနေမှု ဆန္ဒပြ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က အထင်ကရအဆောက်အဦ အော်ပရာဟောက်စ်ကို လောင်းကစား အားပေးတဲ့ အဆောက်အဦအဖြစ် အသုံးချနေတာကို ဆန့်ကျင်အနေနဲ့ အောက်တိုဘာ ၉  ရက်က သြစတြေးလျပြည်သူ ရာနဲ့ချီပြီး ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ အော်ပရာဟောက်စ် အဆောက်အဦရဲ့ အပြင်ပန်း မျက်နှာစာမှာ မြင်းပြိုင်ပွဲကြော်ငြာတွေကို ပရိုဂျက်တာနဲ့ထိုးပြီး ကြော်ငြာနေတာကို ဆန့်ကျင်ကန့်ကွက်ကြတာပါ။ နယူးဆောက်သ်ဝေးလ် ပြည်နယ်အစိုးရက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဆောက်အဦ ထိန်းသိမ်းရေးအဖွဲ့အပေါ် သြဇာအာဏာသုံးပြီး သြစတြေးလျဒေါ်လာ ၁၃ သန်း ဆုချီးမြှင့်မယ့် အဲဗရက်စ်ဖလား မြင်းပြိုင်ပွဲအတွက် အော်ပရာဟောက်စ်မှာ ကြော်ငြာထိုးခွင့်ပြုလိုက်ပြီးနောက်မှာ ခုလို ဓာတ်မီးရောင်တလက်လက်ထိုးပြီး ဆန္ဒပြ ကန့်ကွက်ကြတာဖြစ်ပါတယ်။ နယူးဆောက်သ်ဝေးလ် ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒီစ် ဘယ်ရဂျစ်ကလီယန်ကတော့ သူဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ အများပြည်သူ သဘောထားနဲ့ ပြည်နယ်အရေး မြှင့်တင်တဲ့ကိစ္စအကြား ဘက်မျှအောင် ဆောင်ရွက်သွားမှာပါလို့ ပြောပါတယ်။ ဆန္̔ဒပြ ကန့်ကွက်မှုတွေ ရှိနေပေမယ့် ကြော်ငြာရုပ်ပုံတွေကို နဂိုစီစဉ်ထားချိန်ထက် မိနစ် ၂၀ စောပြီး ပရိုဂျက်တာထိုး ပြသခဲ့တာမှာ ပြိုင်ပွဲဝင် မြင်းတွေရဲ့အရောင်တွေနဲ့ သတိထားရမယ့် မြင်းနံပါတ်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဆစ်ဒနီက အော်ပရာဟောက်စ် အဆောက်အဦမှာ အနုပညာပြပွဲတွေ ခင်းကျင်းပြသတာတွေနဲ့ ရပ်ဘီယူနီယံ ကမ္ဘာ့ဖလားလို ပွဲမျိုးတွေအတွက် ကြော်ငြာတာတွေမှာ အသုံးပြုပြီး စီးပွားရေးကြော်ငြာတွေကိုတော့ ခွင့်မပြုထားပါဘူး။
3 years Ago
Up