အော်စကာဆု

February 25, 2019

အစဉ်အလာမှခွဲထွက်ပြီး အော်စကာသမိုင်းမှတ်တိုင် စိုက်ထူခဲ့သည့် ဆု ၂ ဆုရ စူပါဟီးရိုးရုပ်ရှင် - Black Panthar

နာမည်ကြီး အော်စကာ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ Black Panthar ရုပ်ရှင်ကားဟာ ဆု ၂ ဆုရရှိခဲ့ပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အခုနှစ်ရဲ့ ၉၁ ကြိမ်မြောက် အော်စကာ ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၇ ဆု လျာထားခံခဲ့ရပြီး ရုသ်ကာတာက အကောင်းဆုံး Costume Design ဆုနဲ့ ဟန်နာဘိက်လာက Production Design ဆုကို ပူးတွဲ ဆွတ်ခူးရရှိခဲ့တာပါ။ သူတို့ ၂ ဦးစလုံးဟာ လူမည်းအနုပညာရှင်တွေ ဖြစ်ကြပြီး အော်စကာဆု သမိုင်းမှာတော့ သူတို့ဆွတ်ခူးရရှိခဲ့တဲ့ ဒီဆုအမျိုးအစားတွေအတွက် ပထမဆုံး ချီးမြှင့်ခံရတဲ့ လူမည်းအနုပညာရှင်တွေ ဖြစ်လာခဲ့တာပါ။ လူမည်းအမျိုးသမီးသရုပ်ဆောင်ဆုရှင် ဟေးလ်ဘယ်ရီကလည်း ရုသ်ကာတာကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကာတာကတော့ “ဒါဟာ အချိန်အကြာကြီး စောင့်စားခဲ့ရပြီးမှ ဖြစ်လာခဲ့တာ” လို့ ပြောလိုက်ပါတယ်။ လူမည်းသရုပ်ဆောင်တွေ အများစုပါဝင်တဲ့ Black Panther ရုပ်ရှင်ကားဟာ တကမ္ဘာလုံး လက်မှတ်ရောင်းချမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် တနှစ်တာ ဝင်ငွေအများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ဇာတ်ကားတွေဟာလည်း အစဉ်အလာကို ချိုးဖောက်ပြီး လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းမှာ အောင်မြင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ခဲ့တာကိုလည်း ထူးထူးခြားခြား တွေ့ရပါတယ်။ အခုနှစ်မှာ အော်စကာရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးဇာတ်ကားဆုအတွက် လျာထားခံရတဲ့ ရုပ်ရှင်ကား ၈ ကားအထိ ပါဝင်ခဲ့ပြီး အဲဒီစာရင်းထဲမှာတော့ လူဖြူလူမျိုးကြီးဝါဒနဲ့ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး လျှို့ဝှက်လှုပ်ရှားမှုကို စုံစမ်းခဲ့တဲ့ လူမည်းစုံထောက်တဦး အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင် BlacKkKlansman၊ ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ Queen အကြောင်းရုပ်ရှင် Bohemian Rhapsody၊ ရာဇဝင်သမိုင်းနောက်ခံ ဇာတ်မြူးရုပ်ရှင် The Favourite၊ ဒရာမာဇာတ်မြူးရုပ်ရှင် Green Book၊ ဂီတဇာတ်မြူးရုပ်ရှင် A Star Is Born နဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Vice တို့လည်း ပါဝင်ခဲ့ပါတယ်။
2 years Ago

၉၁ ကြိမ်မြောက် အော်စကာဆုရ အနုပညာရှင်များနှင့် ရုပ်ရှင်ဇာတ်ကားများ

အခုနှစ်ရဲ့ ၉၁ ကြိမ်မြောက် နာမည်ကြီး အော်စကာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ ဆုရရှိခဲ့တဲ့ ရုပ်ရှင်ကားတွေ၊ သရုပ်ဆောင်မင်းသား မင်းသမီးတွေ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်မှာတော့ စပိန်ဘာသာစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ Roma ရုပ်ရှင်ကားက အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုတွေ အပါအဝင် ဆု ၃ ဆုနဲ့ ဦးဆောင်ခဲ့ပါတယ်။ နာမည်ကြီးရုပ်ရှင်ကား Bohemian Rhapsody ထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသား ရာမီမလက်ခ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ The Favourite ရုပ်ရှင်ကားနဲ့ သရုပ်ဆောင်မင်းသမီး အိုလစ်ဗီယာကိုးလ်မန်းက ရရှိသွားပါတယ်။ မနှစ်က စံခ်ျိန်တင်ဝင်ငွေ အများဆုံးရရှိခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင် Black Panthar ကတော့ Production Design၊ Costune Design ဆုတွေ အပါအဝင် ၃ ဆု ရရှိခဲ့တာပါ။ အခုနှစ် ဆုရရှိသူစာရင်း အပြည့်အစုံ
  • Best Picture: - “Green Book”
  • Director: - Alfonso Cuarón, “Roma”
  • Actor: - Rami Malek, “Bohemian Rhapsody”
  • Actress: - Olivia Colman, “The Favourite”
  • Supporting Actor: - Mahershala Ali, “Green Book”
  • Supporting Actress: - Regina King, “If Beale Street Could Talk”
  • Original Screenplay: - “Green Book”
  • Adapted Screenplay: - “BlackKklansman”
  • Foreign Language Film: - “Roma”
  • Animated Feature: - “Spider-Man: Into the Spider-Verse”
  • Sound Editing: - “Bohemian Rhapsody”
  • Visual Effects: - “First Man”
  • Film Editing: - “Bohemian Rhapsody”
  • Animated Short: - “Bao”
  • Live Action Short: - “Skin”
  • Documentary Short: - “Period. End of Sentence.”
  • Original Score: - “Black Panther”
  • Original Song: - “Shallow” from “A Star Is Born”
  • Production Design: - “Black Panther”
  • Cinematography: - “Roma”
  • Costume Design: - “Black Panther”
  • Makeup and Hairstyling: - “Vice”
  • Documentary Feature: - “Free Solo”
  • Sound Mixing: - “Bohemian Rhapsody”
2 years Ago

မင်းသား ရာမီမလက်ခ် Bohemian Rhapsody ရုပ်ရှင်ဖြင့် အော်စကာဆုရရှိ

လက်ရှိကျင်းပနေတဲ့ ၉၁ ကြိမ်မြောက် အော်စကာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန် သရုပ်ဆောင်မင်းသား ရာမီမလက်ခ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင် (ဒရာမာ) ဆု ရရှိသွားပါတယ်။ သူဟာ ဖြစ်ရပ်မှန်အခြေပြု တေးသံစုံ ဂီတဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Bohemian Rhapsody ရုပ်ရှင်ကားနဲ့ ဒီဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတဲ့ နာမည်ကြီး A Star Is Born ရုပ်ရှင်ကားရဲ့ အဓိက သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးကတော့ ဒီဆုနဲ့ လွဲချော်သွားခဲ့ပါတယ်။ Bohemian Rhapsody ရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Bryan Singer က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန် ကာလကနေ ဆယ်စုနှစ်ချီ ကျော်ကြားခဲ့တဲ့ Queen အဖွဲ့ ဖြစ်ပေါ်လာပုံနဲ့ သူတို့အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury ရဲ့ ဘဝအကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ရာမီမလက်ခ်က အဓိကဇာတ်ကောင် Freddie Mercury အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.4 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ ၅၅ သန်းကြား အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၀ ဒသမ ၉ သန်း ရရှိခဲ့ပြီး စံချိန်တင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း အကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။
2 years Ago

March 6, 2018

ဆုပေးပွဲအပြီး အော်စကာဆု အခိုးခံခဲ့ရသည့် ဟောလီးဝုဒ်မင်းသမီး

ပြီးခဲ့တဲ့ အော်စကာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအပြီးမှာ မင်းသမီး ဖရန့်စ် မက်က်ဒေါမန်ဒ်စ်ရဲ့ အော်စကာရုပ်တု အခိုးခံခဲ့ရတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒါပေမယ့် သံသယရှိသူ အမျိုးသားကို လော့စ်အိန်ဂျလိစ်ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထူးချွန်ဆုချီးမြှင့်ပွဲအပြီးမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ခိုးယူတယ်လို့ သံသယရှိတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသားရဲ့ အမည်ကိုတော့ တယ်ရီ ဘရိုင်ယန့်လို့ သိရပြီး လက်ရှိမှာတော့ ရဲတွေက ပေါင် ၂ သောင်းနဲ့ အာမခံပေးထားကာ နောက်ပိုင်းမှာ အမှုရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ မင်းသမီးကို  အော်စကာရုပ်တု ပြန်ပေးခဲ့ပြီးဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူက ဆိုပါတယ်။ “အော်စကာနဲ့ ဖရန် (မင်းသမီး) ဟာ ပျော်ရွှင်စွာပဲ ပြန်ပေါင်းစည်းနိုင်ခဲ့ပြီ။ In-N-Out ဘာဂါလိုမျိုးပေါ့။” မင်းသမီး ဖရန့်စ် မက်က်ဒေါမန်ဒ်စ်ဟာ Three Billboards Outside Ebbing, Missouri ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့တာဖြစ်ကာ ဒါဟာ သူ့အတွက် ဒုတိယမြောက်ရရှိတဲ့ဆု ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up