ရေးမြို့နယ်တွင်

April 7, 2018

ရေးမြို့နယ်တွင် ကကတစ်ငါး စီးပွားဖြစ်မွေးမြူတင်ပို့နိုင်ရေးအလားအလာကောင်း

ရေငန်ငါးတမျိုးဖြစ်တဲ့ ကကတစ်ငါးကို စီးပွားဖြစ် ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် ရေးမြို့နယ်အတွင်းမှာ အလားအလာကောင်းတွေရှိနေပါတယ်။ ရေခံမြေခံကောင်းမွန်ခြင်းနဲ့ သဘာဝအရင်းအမြစ်များကရတဲ့ ငါးစာတွေကြောင့် ကြီးထွားနှုန်းနဲ့ အထွက်နှုန်းပိုမိုမြန်ဆန်ကာ မကြာခင် ပြည်တွင်းပြည်ပကို တင်ပို့နိုင်တော့မယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။ “ထိုင်းကနည်းပညာ၊ ပညာရှင်တွေနဲ့ အကောင်ပေါက်တွေဝယ်ပြီး ခုလကစလို့ စမွေးနေပြီ၊ ကန်ပေါင်း ၁၀၀ ကျော်အထိ လုပ်မယ်၊ ခု လာရောက်ပြသပေးနေတဲ့ ထိုင်းပညာရှင်တွေရဲ့အဆိုအရ ငါးစာတွေ၊ ငါးတွေအတွက် ရေခံမြေခံတွေက သူတို့နိုင်ငံထက် အများကြီးကောင်းနေတယ်။ သူတို့မှာ ၃ လနဲ့ စီးပွားဖြစ်ထုတ်တဲ့အနေအထားမှာ ဒီမှာဆိုရင် ၂ လဆိုရင် စီးပွားဖြစ်ထုတ်လို့ရပြီ၊ ၅ လအထိ ထားမယ်ဆိုရင် ပိုပြီးတော့ ဈေးကောင်းရမှာပေါ့။ ဒေသတွင်းနဲ့ ပြည်ပဈေးကွက်မှာ ရောင်းတန်းဝင်တဲ့ ငါးတမျိုးပါ'' လို့ အံဒင်ကျေးရွာနေ ရေငန် ကကတစ်ငါးမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်သူ ဦးမင်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ ဒေသပေါက်ဈေးအနေနဲ့ ကကတစ်ငါးတစ်ပိဿာလျှင် အကောင်အရွယ်အစားအပေါ် မူတည်ကာ ငွေကျပ် ၈၀၀၀ မှ ၂၃၀၀၀ အထိပေါက်ဈေးရှိနေပြီး ရေးမြို့နယ် ကဗျာဝကျေးရွာမှာလည်း စမ်းသပ်မွေးမြူအောင်မြင်နေပါတယ်။ ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးက ''ဒီလိုမွေးမြူရေးလုပ်တာကို ကြိုဆိုပါတယ်၊ မြိတ်ဘက်မှာလည်း လုပ်နေတာ အောင်မြင်နေကြပြီ၊ နိုင်ငံခြားကိုလည်း တင်ပို့နိုင်ဖို့ အလားအလာကောင်းတယ်။ ရေမြေသဘာဝကပေးပြီးသားကို ဒေသကလူတွေက ဖမ်းဆီးမှုကောင်းနေသေးတော့ စိတ်မ၀င်စားကြဘူး၊ ခုလိုမွေးမြူရေးအနေနဲ့လုပ်ကိုင်လာတာဟာ ငါးပြုန်းတီးမှုထိန်းသိမ်းရာလည်း ရောက်တယ်၊ အားပေးပါတယ်''လို့ ဒီဗွီဘီကို မှတ်ချက်ပြုပါတယ်။ အခုလကစလို့ အံဒင်ကျေးရွာအုပ်စုမှ ရေမိုင် ၅ မိုင်အကွာမှာရှိတဲ့ သုံးစွဲကျွန်းအနီးမှာ အံဒင်ဒေသခံလုပ်ငန်းရှင်နှစ်ဦးက စီးပွားဖြစ် စတင်မွေးမြူနေတာလည်း ဖြစ်ပါတယ်။ သတင်း - ၀င်းနိုင်သက် ဓါတ်ပုံ - AD
3 years Ago

February 10, 2018

ရေးမြို့နယ်တွင် သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှုဂေဟာ လိုအပ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ ဆင်းရဲချို့တဲ့စွာ ရပ်တည်နေရတဲ့ ဘိုးဘွားတွေအတွက် အားကိုးရာနေရာတခု လိုအပ်နေတယ်လို့ ရေးမြို့အခြေစိုက် လူမှုရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ ရေးမြို့နယ်အတွင်းမှာ အမှန်တကယ်ဆင်းရဲ့ချို့တဲ့ပြီး ထောက်ပံ့မှုနည်းပါးတဲ့ သက်ကြီးဘိုးဘွား ၁၀၀ နီးပါးလောက်ရှိနေပြီး မြို့နယ်အတွင်း ဘိုးဘွားတွေကို စောင့်ရှောက်မှုပေးတဲ့ ဂေဟာတွေနဲ့ ကျန်းမာရေးအတွက် လိုအပ်သလို စောင့်ရှောက်ပေးမှုမျိုး လိုအပ်နေတယ်လို့ ဆင်းရဲချို့တဲ့စွာ ရပ်တည်နေရတဲ့ သက်ကြီးဘိုးဘွားတွေကို လစဉ်ထောက်ပံ့မှုတွေ ပေးနေတဲ့ ရေးမြို့နှလုံးလှ လူငယ်အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးတင့်က က ပြောပါတယ်။ “အထောက်အပံ့နည်းတဲ့ သက်ကြီးဘိုးဘွားတွေကို အစိုးရအစီအစဉ်နဲ့ မြို့နယ်ကျေးရွာ ရပ်ကွက်အလိုက် သက်ကြီးဘိုးဘွားစောင့်ရှောက်မှု လုပ်ပေးသင့်တယ်။ သီတင်းကျွတ်တို့၊ သင်္ကြန်တို့မှာ ကန်တော့တာမျိုးထက်စာရင် ရပ်ကွက်မှာ တကယ်လိုအပ်နေတဲ့ သက်ကြီးဘယ်နှဦးရှိလဲ၊ ဘယ်အဖွဲ့တွေက ဒါကိုလုပ်နေသလဲ။ အခက်အခဲတွေကို မေးမြန်းပြီးတော့ တာဝန်ရှိတဲ့ အပိုင်းအနေနဲ့ အားပေးတာတို့၊ ကူညီစောင့်ရှောက်မှုပေးတာတို့၊ ကျန်းမာရေးနဲ့ပတ်သက်လို့ တခုခုဖြစ်လာလို့ရှိရင် ဆက်သွယ်ဆောင်ရွက်ဖို့ ဘိုးဘွားတွေအတွက် အားကိုးရာတခုအဖြစ် ရှိစေချင်ပါတယ်။ သက်ကြီးပူဇော်ပွဲဆိုပြီးတော့ ရာသီအလိုက် ပူဇော်ကန်တော့တာတွေ ရှိပေမယ့် အိမ်တိုင်ရာရောက် လိုက်လံကြည့်ရှုတဲ့ အစီအစဉ်မျိုးတော့ မတွေ့သေးဘူး” လို့ ဦးကျော်စိုးတင့်က ပြောပါတယ်။ နိုင်ငံတော်အစိုးရ အစီအစဉ်နဲ့ ရေးမြို့နယ်အတွင်းမှာရှိတဲ့ အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွား ၂၆၇ ဦးကို ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထောက်ပံ့မှုနဲ့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးကြပ်ပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် အိမ်တိုင်ရာရောက် ၃ လကို တကြိမ် ငွေကျပ် ၃၀၀၀၀/- စီ ထောက်ပံ့ပေးနေတာမျိုးလည်း ရှိပါတယ်။ ရေးမြို့အခြေစိုက် နှလုံးလှလူငယ်အဖွဲ့အနေနဲ့ အသက် ၇၀ နဲ့အထက် အမှန်တကယ် ထောက်ပံ့မှုနည်းပါးစွာ ရပ်တည်နေရတဲ့ ဘိုးဘွား ၂၃ ဦးကို ၂၀၁၆ ခုနှစ်ကစလို့ လစဉ်ငွေကျပ် ၁ သောင်း၊ ဆန်(၆)ပြည်နဲ့ အာဟာရအပါအ၀င် ထောက်ပံ့ပစ္စည်းတွေ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးအပ်နေပါတယ်။ ၀င်းနိုင်သက် (ရေး)
3 years Ago
More News
Up