ရေလုပ်သား

September 14, 2018

အင်္ဂပူမြို့နယ်တွင် ရေလုပ်သားများဆန္ဒပြ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ရေလုပ်သားအစုဖွဲ့တွေ စုပေါင်းပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ငါးလုပ်ငန်းဦးစီးအရာရှိနဲ့ တောင်သူလယ်သမား ရေးရာ ကော်မတီတို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ရာမှာ ရေလုပ်သားအစုအဖွဲ့သုံးဖွဲ့က လူဦးရေ ၁၈၀ ကျော်ပါဝင်ပြီး  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဇင် အလိုမရှိ၊ ငါးလုပ်ငန်းဦးစီးအရာရှိ ဒေါ်မော်မော်ဝင်း အလိုမရှိ၊ တောင်သူလယ်သမားကော်မတီဝင် ဦးဘိုတင်ဦး အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကျော်သိမ်းက “ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ မနှစ်က ၂၀၁၇ ခုနှစ်မှာ ကျနော်က အစုအဖွဲ့မှာ အင်းလုပ်ပါတယ်။ ဒီနှစ်ကျတော့ ကျနော်ကို အစုအဖွဲ့က ထုတ်ပယ်ပါတယ်။ အင်းမလုပ်ခိုင်းတာ ဘာကြောင့် မလုပ်ခိုင်းလဲ၊ အထက်အဆင့်ဆင့်ကို စာတင်ပါတယ်၊ သူတို့က ဘာမှဖြေရှင်းပေးခြင်းမရှိတဲ့ အတွက် ခုလိုဆန္ဒပြရတာ”လို့ ပြောပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးသောင်းဟန်က “ဌာနဆိုင်ရာတွေကို စာတင်တယ်၊ တစုံတရာ အရေးယူမပေးလို့ ဒီနေ့ ဆန္ဒထုတ်ဖော်ရတယ်။ သက်ဆိုင်ရာအစိုးရကို ဖြေရှင်းပေးပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ အင်္ဂပူမြို့နယ်မှာ အင်း ၅၃ အင်းကို စိစစ်ပြီး အစုအဖွဲ့ပေးတာတွေ၊ လေလံ ရောင်းချတာတွေ လုပ်ဆောင်နေပြီး ဘုံစား ၄၊ အင်းဘေးမဲ့ ၁၊ အင်းပိတ်သိမ်း ၁ ရှိနေတာပါ။ အင်းတွေကို ချထားရာမှာ မြို့နယ်အဆင့် ၅ ဦးကော်မတီဆိုတာရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးမှူးက ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးက အဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ဒုရဲတပ်ဖွဲ့မှူး၊ တောင်သူလယ်သမားကိုယ်စားလှယ် ၁ ဦး၊ အင်းလုပ်ငန်းကျွမ်းကျင်သူ ၁ ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့် ညှိနှိုင်းရေး အနေနဲ့ ပါဝင်ရတာလည်း ဖြစ်ပါတယ်။ အင်္ဂပူမြို့နယ်မှာ အစုအဖွဲ့ ပေါင်း ၇၀ က တင်ပြတောင်းဆိုတာကို စိစစ်ပြီး ၃၀ ကျော်ကိုသာ ချထားပေးတာလို့ သိရပါတယ်။ အခုလို ဆန္ဒပြတဲ့အပေါ် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဒေါ်မော်မော်ဝင်းက “ခုဆန္ဒပြတာကတော့ အင်းမရတဲ့သူတွေက ပြတာပါ။ ကျမတို့အနေနဲ့က မြို့နယ်က ၅ ဦးကော်မတီနဲ့ စိစစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့်ညှိနှိုင်းတယ်။ ပြီးတော့ တိုင်းအစိုးရကို တင်ပြရတာပါ။ အစုအဖွဲ့တွေကများတော့ အားလုံးတော့ မရနိုင်ဘူး၊ အင်းမရတော့ ဆန္ဒပြကြတာပေါ့” လို့ ပြောပါတယ်။ ဟသာင်္တခရိုင်အတွင်းအခုနှစ် အင်းပြဿနာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဇလွန်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သန်းထိုက်မြင့်
3 years Ago

May 25, 2018

အင်းလေလံပေးမှု မကျေနပ်၍ ရေလုပ်သား ၄၀၀ ခန့် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့နယ် ၅ မြို့နယ်က ရေလုပ်သား ၄၀၀ လောက်က ၂၀၁၃ ခုနှစ် ဥပဒေနဲ့ အင်းလေလံချထားပေးတဲ့အပေါ် မကျေနပ်လို့ မေ ၂၅ ရက်နေ့မနက် ၉ နာရီအချိန်က ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူ သာယာဝတီရေလုပ်သားအစုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက "ကျနော်တို့ ရေလုပ်သားအစုအဖွဲ့ကို မနှစ်ကစပြီး ဖွဲ့စည်းခဲ့ပြီး ရေချိုငါးလုပ်ငန်းနဲ့အင်း အိုင်လုပ်ငန်းလုပ်ကိုင်ခွင့်တောင်းဆိုခဲ့တယ်။ ၂၀၁၃ ခုနှစ် ရေချိုငါးလုပ်ငန်းဥပဒေ မပြောင်းလဲသေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော်တို့၊ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနအသီးသီးကို သွားရောက်တွေ့ဆုံခဲ့တယ်။ ၂၀၁၈ ခုနှစ် ဥပဒေရေးဆွဲနေတဲ့အတွက် ပြီးရင်ချထားပေးမယ်လို့ပြောပြီး ခုချိန်ထိ ချထားမပေးဘဲ ၂၀၁၃ ခုနှစ် ဥပဒေနဲ့ ချထားပေးတဲ့အတွက် မကျေနပ်လို့ အခုလို ဆန္ဒထုက်ဖော်ရတာပါ" လို့ ပြောပါတယ်။ လက်ပံတန်းရေလုပ်ငန်း အစုအဖွဲ့ပိုင်ဥက္ကဋ္ဌ ဦးထွန်းနိုင်ဝင်းက "ငါးလုပ်ငန်းက လေလံချထားပေးတဲ့သူတွေက ကျနော်တို့ဒေသက သူတွေမဟုတ်ဘဲ တခြားဒေသက လုပ်ငန်းရှင်ခရိုနီတွေကို ချထားပေးခဲ့တာ အနှစ် ၃၀ ရှိပါပြီ။ ကျွဲစာ၊ နွားစာ ရှာတာတို့၊ ငါးရှာ ဖားရှာတာတို့လုပ်ရင် အင်းလုပ်ငန်းရှင်တွေဘက်က  ပြဿနာရှာ ရန်လုပ်တယ်။ လုပ်ကြံဖမ်းဆီးပြီး ထောင်ချတာတွေ လုပ်တယ်။ အစိုးရကောင်းလို့ ကျနော်တို့ပြည်သူတွေ လုပ်ကိုင်ခွင့်ရရင် ကျနော်တို့ဒေသရဲ့ အရှင်သခင်ဖြစ်ရမှာ၊ အခုတော့ ခရိုနီတွေဆီကနေ ငွေကြေး အဆမတန်ပေးပြီး ပြန်ဝယ်လုပ်စားနေရတဲ့ သူရင်းငှားဘဝ ကျွန်ဘဝတွေ ဖြစ်နေပါတယ်" လို့ ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်းက သာယာဝတီမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တို့မှာ ကြေးတိုင်အင်းနဲ့ လေလံအင်း စုစုပေါင်း၂၀၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်း ဥပဒေကို မတ် ၂၉ ရက်နေ့က အတည်ပြုပြီး ဝန်ကြီးချူပ်ထံ တင်ထားကြောင်း သိရပါတယ်။ သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနကို ဒီဗွီဘီက အင်တာဗျူး သွားရောက် တောင်းဆိုရာ အစည်းအဝေးရှိနေလို့ တွေ့ခွင့်မရခဲ့ပါဘူး။ သတင်း - မေသွယ်
3 years Ago
More News
Up