ရေငုပ်သမား

December 20, 2018

စပိန်တွင် ရေငုပ်သမား ၂ ဦးက ငါးမန်းများနှင့်အတူ ခရစ္စမတ်ရာသီ ရေငုပ်ဖျော်ဖြေတင်ဆက် (ရုပ်သံ)

စပိန်နိုင်ငံ မက်ဒရစ် တိရစ္ဆာန်ရုံ ရေသတ္တဝါပြတိုက်က ရေငုပ်သမား ၂ ဦးဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ခရစ္စမတ်ရာသီ ရေငုပ် ဖျော်ဖြေတင်ဆက်မှုတခု အနေနဲ့ ငါးမန်းတွေနဲ့ ရေသတ္တဝါ အမျိုး ၂၀ လောက်နဲ့အတူ ခရစ်တော်ဖွားတော်မူခန်း သရုပ်ဖော် ပြသတာကို ရေအောက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဂျီးဇက် (Jesus) ရယ်၊ မယ်တော်မာရီရယ်၊ ဂျိုးဆက်(ဖ်) နဲ့ ပညာရှိသုံးယောက်တို့ကို ဦးစားပေး ပုံဖော်ထားတဲ့ ရေအောက်ဖွားတော်မူခန်းဟာ လာရောက်လည်ပတ်ကြသူတွေအတွက် ခရစ္စမတ် ကြည်နူးမှုရသတမျိုး ထပ်တိုးလာစေပါတယ်။ ခရစ္စမတ်ရာသီမှာ တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေဟာ ရေအပူချိန်ကို လျှော့ချပြီး ကန်ထဲမှာ ဖွားတော်မူခန်းကို စီစဉ်ပုံဖော်ကြပါတယ်။ အဲဒီကန်ထဲမှာ ပင်လယ်လိပ်တကောင်နဲ့အတူ ငါးမန်းတွေ၊ တခြားငါးတွေ အတူရှိနေပါတယ်။ ဒီ ရေသတ္တဝါပြတိုက်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကစလို့ ခရစ္စမတ် ရေငုပ်မှုကို ဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago

August 17, 2018

တောဝက်လူငယ်များကိုကယ်ခဲ့သည့် ရေငုပ်သမား ၂ ဦး ချောင်းထဲမျောပါ၊ ကျောင်းသူလေးက ပြန်ကယ်တင် (ရုပ်သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်လူငယ် ၁၃ ဦး ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသား ရေငုပ်သမား ၂ ဦးဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်တွင်း မော်တော်ကားနဲ့ ခရီးသွားစဉ် တောင်ကျချောင်းရေထဲ မျောပါသွားလို့ အသက် ၁၃ နှစ်ရွယ် ကျောင်းသူလေးက ပြန်ကယ်တင်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံသား ရေငုပ်သမား ခရောင်း (အသက် ၄၅ နှစ်) နဲ့ စင်ကာပူနိုင်ငံသား ရေကူးသင်တန်း နည်းပြဆရာ ခိမ်း (အသက် ၃၇ နှစ်) တို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က နခွန်းဆီထမရတ်ခရိုင် ထုန့်ယိုင်မြို့နယ်ထဲမှာ ဟိုင်းလပ်ကားတစီးနဲ့ မောင်းလာစဉ် တောင်ကျချောင်းရေ လျှံလာတာနဲ့ တိုးမိပြီး ရေထဲမျောပါသွားခဲ့တာပါ။ သူတို့ကားဟာ ဆီအုန်းပင်တွေကြားမှာ သွားခံနေပြီး ၂ ဦးသား ကားပေါ်က တိုးထွက်လာကာ ကားခေါင်မိုးပေါ်ကနေ လာကယ်မယ့်သူ စောင့်မျှော်နေစဉ် အသက် ၁၃ နှစ်ရွယ် ကျောင်းသူ ၁ ဦးက တွေ့ရှိပြီး ကမ်းနဲ့ မီတာ ၁၀၀ အကွာအဝေးမှာ ရှိနေတဲ့ သူတို့ဆီကို ကူးခတ်သွားကာ အင်္ဂလိပ်စကားနဲ့ ခဏစောင့်ဆိုင်းဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် မိဘအုပ်ထိန်းသူနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားပြီး လူရော ကားကိုပါ ပြန်လည်ကယ်တင်ခဲ့ကြတာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေစီးသန်တဲ့ ချောင်းရေထဲ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂ ဦးကို သွားကယ်စဉ် ၁၃ နှစ်ရွယ် မိန်းကလေးကလည်း ရေထဲကူးခတ်ပြီး လိုက်ပါကူညီခဲ့ပါတယ်။ သူတို့ကားကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေရော ရပ်ကွက်ထဲကလူတွေပါ အားလုံး ထွက်လာပြီး ဝိုင်းဝန်းဆွဲတင်ခဲ့တာပါ။ အဲဒီမိန်းကလေးဟာ နောင့်ကားဖေး ခေါ် ကျရုဝမ်း ဆီဆုခ်ကျိုင်ဆိုသူ အလယ်တန်းကျောင်းသူလေးဖြစ်ပြီး ရေကူးကျွမ်းကျင်ကာ စာလည်းတော်သူတဦး ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ခဲ့တဲ့ နိုင်ငံခြားသား ရေငုပ်သမား ၂ ဦးက သူမကို အထူးကျေးဇူးတင်ရှိပြီး ဆုချတဲ့အနေနဲ့ အသက် ၁၅ နှစ်ပြည့်ရင် နိုင်ငံခြားကို အလည်အပတ် ခေါ်မယ့်အကြောင်း ပြောခဲ့ပါတယ်။ သူမကတော့ အဲဒီရေငုပ်သမားတွေဟာ ဂူတွင်းပိတ်မိခဲ့တဲ့ လူငယ် ၁၃ ဦးကိုတောင် ကယ်တင်ခဲ့တာ သူ့အနေနဲ့ သူတို့ ၂ ယောက်ကိုပဲ ပြန်ကယ်ခဲ့တာ ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။ လူမှုဝန်ထမ်းစိတ်ရှိသူ မိန်းကလေးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုလက်မှတ်နဲ့ ပညာသင်ဆုကိုပါ ချီးမြှင့်ခဲ့ပါတယ်။ ရုပ်သံ - MCOT
3 years Ago
More News
Up