ဘောလုံးအသင်း

March 10, 2019

အမေရိကန် အမျိုးသမီးဘောလုံးအသင်းသားများ ဘောလုံးအသင်းချုပ်ကို တရားစွဲ

ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဝင်အားလုံးက အမေရိကန် နိုင်ငံလုံးဆိုင်ရာ ဘောလုံးအသင်းချုပ်ကို မတ်လ ၈ ရက်က တရားစွဲလိုက်ပါတယ်။ ဘောလုံးအသင်းချုပ်ဟာ သူတို့ကို အမျိုးသား ဘောလုံးသမားတွေထက် လျော့ပြီး လစာပေးတယ်၊ တူညီတဲ့ သင်တန်း၊ ခရီးသွားလာခွင့်နဲ့ ကစားရတဲ့ အခြေအနေတွေ မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့လည်း အခိုင်အမာ ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က ပြည်ထောင်စုတရားရုံးမှာ နိုင်ငံတကာ အမျိုးသမီးနေ့က တရားစွဲလိုက်တာပါ။ ကစားသမား အများအပြားက တန်းတူညီမျှတဲ့ အလုပ်အကိုင် အခွင့်အလမ်း ကော်မရှင်မှာ အလားတူ တိုင်တန်းလာတာ ၃ နှစ်ကျော်ခဲ့ပါပြီ။ ကစားကွင်းထဲမှာ ပြိုင်ဘက်ကင်းအောင်မြင်လာခဲ့ပေမယ့် ကျမတို့ဟာ အားကစား နယ်ပယ်မှာ ထည့်ဝင်အားထုတ်မှုနဲ့ အောင်ပွဲတွေကို ထင်ဟပ်တဲ့ ဆက်ဆံပြုမူပုံတွေအတွက် တိုက်ပွဲဝင်နေရတုန်းပဲဆိုတဲ့ အချက်က ရှက်စရာ ကောင်းပါတယ်လို့ ဒုတိယအသင်းခေါင်းဆောင် ကာလီလွိုဒ်က ပြောပါတယ်။ အမျိုးသား ဘောလုံးအသင်းထက် အမျိုးသမီးအသင်းက စွမ်းပကား ပိုမြင့်ပေမယ့် အမျိုးသား ဘောလုံးသမားတွေထက် အမြဲလျော့ပြီး လစာရနေတယ်လို့ အမျိုးသမီး ဘောလုံး အားကစားသမားတွေက ပြောပါတယ်။ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် ဘောလုံးအသင်းချုပ်ကို ဆက်သွယ်မေးမြန်း ပေမယ့် မရခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

March 19, 2018

ပြောင်းလဲသွားသည့် အိပ်မက်များ (သို့) အိန္ဒိယကလေးသတို့သမီး ဘောလုံးအသင်း

  ဒီအမျိုးသမီးဘောလုံးအသင်းမှာတော့ ကစားသမားတွေဟာ မတူကွဲပြားခြားနား ကြပေမယ့် သူတို့ရဲ့ ထပ်တူညီမှုကတော့ ကလေးသတို့သမီးတွေ ဖြစ်နေကြတာပါပဲ။ ရိုးရာအစဉ်အလာအရ သူတို့တွေဟာ အသက်ငယ်ငယ်နဲ့ လက်ထပ်ထိမ်းမြားဖို့ စီမံခံခဲ့ကြရသူတွေဖြစ်ကြကာ အရွယ်ရောက်ပြီးချိန်မှာတော့ သဘောတူညီချက်အတိုင်း အဆိုပါ အမျိုးသားနဲ့ လက်ထပ်ထိမ်းမြားကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ရာဂျက်စ်သန်ပြည်နယ်မှ ပရဟိတ လူမှုအဖွဲ့ အစည်းတခုကတော့  ဒီမိန်းကလေးတွေရဲ့ စိတ်ခွန်အားနဲ့ လူမှုဘ၀မြှင့်တင်ရေးအတွက် ခုလို ဘောလုံးအသင်းဖွဲ့ပေးဖို့ စီစဉ်ခဲ့ကြတာလို့ မေရာသတင်းတပုဒ်မှာ မတ် ၁၈ ရက်နေ့က ဖော်ပြပါတယ်။ သူတို့ထဲမှ အလယ်တန်းကစားသမား မိန်းကလေးတဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ပါရယ်ပရာဂျာပတ်ကတော့ အသက် ၇ နှစ်အရွယ်မှာ လက်ထပ်ထိမ်းမြားခဲ့ရပြီး ခုချိန်မှာတော့ သူ့ခြေထောက်ပေါ် သူရပ်တည်နေထိုင်ချင်ပြီလို့ ပြောပါတယ်။ “မိဘတွေက သမီး ခုလိုဘောလုံးကစားတာကို ပထမဆုံး မြင်လိုက်ရချိန်မှာ အရမ်းကို အံ့သြသွားကြတယ်။ ကျမရဲ့ အစွမ်းအစတွေကို သူတို့ မယုံကြည်ကြဘူးလေ။ ဒါကို ကျမ နှစ်သက်တာ သူတို့မြင်နိုင်ပြီပေါ့။ ကျမအချိန်တခုရောက်တဲ့အခါ ယောက်ျားတယောက်နဲ့ လက်ထပ်ဖို့ အတင်းအကြပ်တိုက်တွန်းတော့မှာ မဟုတ်ပါဘူး။” မာဟီလာဂျန်အက်ဒ်ဟီကာ ဆမ်မီတီ(အမ်ဂျေအေအက်စ်) ပရဟိတအဖွဲ့ရဲ့ ပြော ရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ကာရူနာဖိလစ်က “ဒါက ဒီမိန်းကလေးငယ်တွေရဲ့ ဘ၀ကို ပြောင်းလဲပစ်လိုက်တာပါပဲ။ တချို့ကတော့ ဒီကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရလာတယ်။ အားကစားလုပ်တာက အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုကို တားမြစ်ပေးနိုင်ပြီး သူတို့ရဲ့ မိဘတွေကိုလည်း ပညာရေးကို မြှင့်တင်သင်ကြားပေးစေဖို့ အားပေးရာရောက်ပါတယ်” လို့ ဆိုပါတယ်။ အမ်အေဂျေအက်စ်အဖွဲ့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တတပ်တအား ပါဝင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ မိန်းကလေး ပါရယ်ကတော့ “သမီး လင်ယောက်ျားနဲ့ မဆက်သွယ်ချင်ပါဘူး။ သမီးက တခါမှလည်း မမြင်ဖူးဘူးလေ။ သမီးရဲ့ အိပ်မက်က ဘောလုံးပဲ။ သမီးအိပ်မက်အတွက် တိုက်ရမယ်” လို့ ပြောခဲ့တာပါ။ အိန္ဒိယနိုင်ငံ ဆင်းရဲမွဲတေတဲ့ ကျေးလက်ဒေသတွေမှာ မိန်းကလေးတွေရဲ့ ၂၇ ရာ ခိုင်နှုန်းဟာ အသက် ၁၈ နှစ်မပြည့်ခင်မှာ လက်ထပ်ထိမ်းမြားခြင်း ခံနေကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up