ဖေမြင့်

March 17, 2016

အစိုးရသစ် တာထွက်ချိန်

အစိုးရသစ် အာဏာလွှဲပြောင်းရယူရန် ရက်သတ်္တသုံးပတ်မျှ ကြာမြင့်ဦးမည် ဖြစ်သော်လည်း အစိုးရသစ်ကို အကဲခတ်မည့် သူများကတော့ တပြင်ပြင် ရှိနေကြပြီ။ ထုံးစံအားဖြင့်တော့ ပထမဆုံး ရက် ၁၀၀ မှာ ဘာတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာ ကို ကြည့်ကာ၊ သူ့သက်တမ်းအတွင်း ဘာတွေ ဘယ်လောက် ဖြစ်မြောက်မည် မဖြစ်မြောက်မည် ဆိုတာ အကဲဖြတ် မှတ်ချက်ချလေ့ ရှိကြသည်။ ရက် ၁၀၀ စိစစ်ချက်တွေသည် သက်တမ်း ၄-၅ နှစ် ဆောင်ရွက်မည့် အစိုးရတွေကို ဘယ်လောက် နီးစပ် မှန်ကန်စွာ အကဲဖြတ်နိုင်မလဲ မသေချာသော်လည်း သည်အကဲဖြတ်ချက်တွေက အစိုးရတစ်ရပ်အပေါ် အများပြည်သူ၏ အထင်အမြင်များ၊ အားပေးမှု အားမပေးမှုများအပေါ် သက်ရောက်နိုင်သဖြင့် အစိုးရသစ်တို့ကတော့ အဆိုပါ ရက် ၁၀၀ ကာလအတွင်း စွမ်းဆောင်ရည် များ ထင်သာမြင်သာ ပြနိုင်အောင် သတိထား ဆောင်ရွက်လေ့ ရှိကြသည်။ အန်အယ်လ်ဒီအစိုးရက မတ်လကုန်တွင်မှ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်ပြီး၊ ကနဦး အစ ဧပြီလမှာကလည်း ရုံးပိတ်ရက်ရှည်ကြီးက လတစ်ဝက်စာ နေရာယူထားသည် ဖြစ်ရာ၊ ပြင်ရင်းဆင်ရင်းနှင့်ပင် ဧပြီတလ ကုန်သွားလိမ့်မည် ထင်သည်။ သို့သော် ပြင်ဆင်သည့် ကိစ်္စတွေ ဧပြီထဲမှာ ပီပီသသ လုပ်နိုင်လျှင် အစိုးရသစ် လက်ထက်မှာ ဘာတွေ ပြောင်းလဲမည်၊ သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အသီးသီးမှာ အသစ်ဖြစ်ပေါ်လာမည့် အရာတွေက ဘယ်လိုဘယ်ပုံရှိမည် ဆိုတာကို အများပြည်သူ မြင်ယောင်နိုင် အကဲဖြတ် နိုင်လောက်အောင်တော့ နောက် နှစ်လအတွင်းလောက် မှာပင် အစပျိုး အစီအစဉ်တွေ လုပ်ပြနိုင်လိမ့်မည်ဟု ယူဆသည်။ လောလောဆယ်မှာပဲ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီစီးပွားရေး ကော်မတီဝင် များ တွေ့ဆုံကာ ရက် ၁၀၀ အတွင်း စီးပွားရေးနှင့် စပ်လျဉ်းသည့် မည်သည့်ကိစ္စရပ်များ မည်သို့မည်ပုံ ဆောင်ရွက်မည်ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထွက်ပေါ်လာသည်။ ဒါက ရက် ၁၀၀ အတွက် ကြိုတင် ပြင်ဆင်မှုတခု ဖြစ်သလို ရှည်ကြာသော အလွှဲအပြောင်းကာလကြီးကို တနည်းတဖုံ အကျိုးရှိအောင် အသုံးချနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ တစ်ဖက်မှာတော့ ရက် ၁၀၀ တွေ ဘာတွေတွက်သည်ဖြစ်စေ မတွက်သည်ဖြစ်စေ၊ အစိုးရသစ် လက်ထက်မှာ မိမိတို့ စိတ်ဝင်စားသည့် မည်သည့်ကိစ္စတွေကို မည်သို့ ဆောင်ရွက်လေမည်လဲဟု စောင့်မျှော်နေသူတွေလည်း အများအပြား ရှိနေသည်။ ပထမ ထင်ထင်ရှားရှားကတော့ မြစ်ဆုံကိစ္စ။ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံပြဿနာဖိုင်တွဲကို ကြိုးနှင့်ချည်၊ ဆိုင်းငံ့ဟု စာတန်းထိုးကာ ဗီရိုထဲ သော့ခတ် ထားခဲ့သည်။ အာဏာလွှဲသည့်အခါ သည်ဖိုင်တွဲသည် အစိုးရသစ်လက်ထဲ ရောက်လာ မည်။ ယခုပင်လျှင် တရုတ်သံအမတ်က မြစ်ဆုံကိစ္စကို အန်အယ်လ်ဒီအစိုးရနှင့် ဆွေးနွေးအဖြေရှာ မည့်အကြောင်း စတင်ပြောဆိုနေပြီး၊ မြစ်ဆုံကို လက်မခံနိုင်သည့် ပုဂ်္ဂိုလ်အဖွဲ့အစည်းများထံမှ လည်း ကန့်ကွက်သံများ ထွက်ပေါ်လာပြီ။ သည်ပြဿနာက သယံဇာတ ထုတ်ယူသုံးစွဲမှု (စီးပွားရေး) နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား အငြင်းပွားမှု ပြဿနာသာမက နိုင်ငံရေး လူမှုရေး ပြဿနာလည်း ဖြစ်သည်။ သည်အထဲမှာ နိုင်ငံတွင်း သယံဇာတ ခွဲဝေမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ဆက်ဆံရေး၊ နယ်စပ်ဒေသအရေး၊ လက်နက်ကိုင်သော လက်နက် မကိုင်သော လူမျိုးစု တိုင်းရင်းသားများအရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးတို့အထိ ဆက်စပ် ပတ်သက်မှု ရှိနေသည်။ မြစ်ဆုံနှင့်တကွ အလားတူ ပြဿနာများကို အန်အယ်လ်ဒီက ဘယ်နည်းဘယ်ပုံ ကိုင်တွယ်သလဲ ဟူသည် အစိုးရသစ်ကို အကဲဖြတ်ရာမှာ အသုံးပြုမည့် အရေးပါသော ပေတံတစ်ချောင်း ဖြစ်လိမ့် မည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ပါတီ၏ မူဝါဒများ၊ ပါတီက ဆောင်ရွက် မည့် အစီအစဉ်များသည်လည်း တိုင်းပြည်သို့ အန်အယ်လ်ဒီ က ပေးခဲ့သည့် ရွေးကောက်ပွဲအကြို ကတိက၀တ်များဖြစ်ရာ၊ အဲသည် ကတိက၀တ်များအတိုင်း မည်မျှ ဆောင်ရွက် မဆောင်ရွက်ဟူသည်ကိုလည်း အကဲဖြတ်သူတို့ စောင့်ကြည့် တိုင်းတာကြလိမ့်မည် ဖြစ်သည်။ ကြေညာစာတမ်းပါ ဖော်ပြချက်များအရ အန်အယ်လ်ဒီသည် တိုင်းရင်းသားအားလုံးတို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တန်းတူညီမျှရှိသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည်၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ် ပြဿနာများကို ဖြေရှင်းရန်အတွက် ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်လိမ့်မည်ဟု အများနားလည်ထားကြရာ ပြီးခဲ့သည့် သုံးလေးနှစ်တာ ကာလ ပတ်လုံး ပြည်သူလူထု ကြားသိ နေရသည့် မအောင်မြင် မပြီးစီးသေးသော အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အန်အယ်လ်ဒီက မည်သို့သော ပုံသဏ္ဌာန်ဖြင့် ကိုင်တွယ်ဆောင်ရွက် သွားမည် ဟူသည်မှာလည်း ပြည်တွင်းရော ပြည်ပကပါ စောင့်ကြည့်ကြမည့် အရေးကြီးသော ကိစ္စရပ်တခု ဖြစ်သည်။ အန်အယ်လ်ဒီ၏ မူဝါဒများထဲတွင် အရေးပါသော အရာတခုက တရားဥပဒေစိုးမိုးရေး (rule of law) ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြီးခဲ့သည့် နှစ်ကာလများအတွင်း စတင်ကိုင်တွယ်ခဲ့၍ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း ပြည်သူ လူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ ပြည်သူလူထုအကျိုးကို ရှေးရှုသည့်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရေး၊ တရားမျှတပြီး ဘက်လိုက်မှု ကင်းသည့် တရားစီရင်ရေး စနစ် ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးအောက်တွင် ဥပဒေများနှင့် အညီ ဆောင်ရွက်သော လွတ်လပ်သော ရဲတပ်ဖွဲ့ဖြစ်ရေး စသည်ဖြင့် ပြည့်စုံစွာ ဖော်ပြထားရာ၊ လက်ရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အပေါ် ကျေနပ်မှု မရှိကြသူတို့အနေဖြင့် အစိုးရသစ် လက်ထက်၌ သည်ကဏ္ဍများ ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှမြန်ဆန်စွာ ဆောင်ရွက်နိုင် မည်လဲ ဟူသည်ကို စောင့်ကြည့်ကြမည် ဖြစ်ပြီး၊ အထူးသဖြင့် လောလောဆယ်တွင် ငြိမ်းစုစီ ပုဒ်မ ၁၈ အပါအ၀င် အငြင်းပွားဖွယ် ဥပဒေများ လုပ်ထုံးလုပ်နည်း များဖြင့် အရေးယူခြင်း ခံနေရသည့် ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ၎င်းတို့အား ထောက်ခံ အားပေး သူများထံမှ တောင်းဆိုသံ မေးမြန်းသံများ မကြာမတင်ပင် ထွက်ပေါ်လာကြမည် ဖြစ်သည်။ သည့်နောက်တော့ ပြီးခဲ့သော နှစ်များအတွင်း တောက်လျှောက် ပေါ်ပေါက်ခဲ့သည့် မြေယာသိမ်းယူမှုများ၊ ယင်းနှင့် ဆက်စပ် ဖြစ်ပေါ်သည့် ပြဿနာများ။ အန်အယ်လ်ဒီ ကြေညာစာတမ်းတွင် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ် လုံခြုံမှုရှိရေးနှင့် ယင်းအတွက် တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ရေး၊ လယ်ယာမြေကို ဥပဒေနှင့် အညီ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခွင့်၊ ဥပဒေမဲ့ ဆုံးရှုံးသော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေး နစ်နာကြေးများ ရရှိရေး၊ ခေတ်ကာလနှင့် လျော်ညီမှု မရှိသည့် လယ်ယာမြေ ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းရေး စသည်တို့ကိုပါ ဖော်ပြထားရာ၊ ဘယ်ဖော်ပြချက် တွေကို ဘယ်အချိန်အခါ စတင်ကာ ဘယ်လိုအကောင်အထည်ဖော်မလဲဟူသည်လည်း အရေးကြီး သော တိုင်းတာ အကဲဖြတ်စရာ တခု ဖြစ်လိမ့်မည်။ အန်အယ်လ်ဒီအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများစွာအနက် ယခု နောက်ဆုံးတွင်မှ ဖော်ပြရ သော်လည်း အရေးကြီးဆုံး တခုဟု ဆိုရမည့်အရာက တပ်မတော်နှင့် မည်မျှအဆင်ပြေစွာ ပူးတွဲ ဆောင်ရွက်နိုင်မည်လဲ ဟူသော အချက်ဖြစ်၏။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် တိုးတက်ရန်အတွက် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက် နိုင်ရေးသည် အန်အယ်လ်ဒီအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်၏။ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်၊ “တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေး ယန္တရားတရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက် မည်” ဟု ဖော်ပြထားရာ၊ ဤသည်ကမူ ရက် ၁၀၀ နှင့် အကဲဖြတ်၍ မရနိုင်ဘဲ ရေရှည် စောင့်ကြည့် ရမည့် ဒီမိုကရေစီရေး ရည်မှန်းချက်တရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း တင်ပြအပ်ပါသည်။ ဖေမြင့်
5 years Ago

February 25, 2016

အစိုးရသစ်နှင့် သတင်းမီဒီယာ ဆက်ဆံရေး

အစိုးရသစ်က ယခုထိ ပေါ်မလာသေးပေ။ သို့သော် အစိုးရသစ်၏ ရှေ့ပြေးဖြစ်သော အန်အယ်လ်ဒီပါတီ ဦးဆောင်သည့် လွှတ်တော်ကတော့ စတင်နေပြီ။ အစိုးရက တစိတ်ချင်း တပိုင်းချင်း ကူးပြောင်းဆဲ ဆိုပါတော့။ သည်အချိန်မှာပင် သို့မဟုတ် သည့်ထက် စောစောကပင် အန်အယ်လ်ဒီအစိုးရ တက်ခဲ့သော် မီဒီယာတွေ ဘယ်နေရာက ရပ်တည်ကြမည်နည်းဟု မေးမြန်း စောကြောမှုများ ရှိခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က လက်သံပြောင်ပြောင်နှင့် ထိုးနှက် ဝေဖန်ခဲ့ကြသော စာနယ်ဇင်းများသည် လူထုထောက်ခံမှု ကြီးမားသော အန်အယ်လ်ဒီအစိုးရ (ဒေါ်အောင်ဆန်းစုကြည် အစိုးရ) ကို ဝေဖန်နိုင်ကြမည်လား...ဟူ၍။ သည်အသံများ ရှိသောကြောင့်လား မသိ။ ၂၀၁၆ ဖေဖော်ဝါရီ ၁၄-၁၅-၁၆ က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံ၌ ဆွေးနွေးကြသည့်အခါ “အစိုးရသစ်နှင့် ပင်မ မီဒီယာ၏ အခန်းကဏ္ဍ” ဟူသော ခေါင်းစဉ်တရပ် ပါဝင်လာတာ တွေ့ရသည်။ ယေဘုယျသဘော ပြောရသော်... အစိုးရနှင့် သတင်းမီဒီယာတို့သည် ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်း မဟုတ်ပေ။ သို့သော် မိမိအလုပ်ကို မိမိလုပ်ရင်း အပြန်အလှန် ပုံမှန် ဆက်ဆံနေကြရမည့်သူများ ဖြစ်၏။ မီဒီယာ၏ ပင်မအလုပ်က အများပြည်သူကို သတင်းအချက်အလက်ပေးခြင်း ဖြစ်၏။ တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၌ ထွန်းကားနေသော သို့မဟုတ် အသစ်ဝင်ရောက်လာသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာကိစ္စများ၊ လူ့အ၀န်းအ၀ိုင်းထဲက ထူးခြားသော ဖြစ်စဉ်ဖြစ်ရပ်များ... စတာတွေထဲမှာ အများပြည်သူတို့၊ သို့မဟုတ် မိမိစာနယ်ဇင်းဖတ် ပရိသတ်တို့ စိတ်ဝင်စားမည့်အရာ၊ စိတ်ဝင်စားသင့်၊ သတိပြုသင့်သည့် အရာများကို သက်ဆိုင်ရာ အယ်ဒီတာ အသီးသီးက ရွေးချယ်စုစည်း တင်ဆက်ပေးရ၏။ သည့်အပြင် အများပြည်သူ စိတ်ဝင်စားနေသော အရာများ၊ အများပြည်သူ၏ သဘောထားများ၊ ရပ်တည်ချက်များ၊ လိုလားသောအရာများ၊ မလိုလားသောအရာများ တို့ကိုလည်း ဖော်ထုတ် တင်ပြပေးရ၏။ ယင်းနှင့်ဆက်စပ်ကာ ပိုအရေးကြီးသည့် သတင်းမီဒီယာ၏ လုပ်ငန်းတာဝန်တရပ်က နိုင်ငံ အစိုးရတို့ လုပ်ကိုင် ဆောင်ရွက်နေသည့် ကိစ္စအ၀၀တို့ကို အများပြည်သူ အကျိုးစီးပွား ရှုထောင့်မှ ရပ်တည် စောင့်ကြည့်ကာ အမြော်အမြင်နည်းသော အစီအစဉ်များ၊ မမှန်ကန်သော လုပ်ရပ်များကို ဝေဖန် ထောက်ပြပေးရခြင်း ဖြစ်၏။ ယင်းသို့ တိုင်းပြည်၏ အာဏာမဏ္ဍိုင် ၃ ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ထောက်ပြ ဝေဖန်ခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်း ပြုနိုင်သဖြင့်လည်း သတင်းမီဒီယာတို့ကို စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။ သည်အခါ မီဒီယာသမားနှင့် အစိုးရတို့အကြား ဆက်ဆံရေးတရပ် ရှိလာသည်။ မီဒီယာသမားသည် အစိုးရအကြောင်း အများပြည်သူကို အသိပေးနိုင်ရန်အတွက်၊ ကိုယ်တိုင်သိရန် အရင် ကြိုးစားရ၏။ စုံစမ်းရ မေးမြန်းရ၏။ သတင်းရရှိနိုင်သော နေရာများ (သတင်းရင်းမြစ်များ) သို့ ချဉ်းကပ်ရ၏။ အစိုးရပိုင်း သတင်းကို အဆင့်ဆင့်သော အစိုးရပိုင်း ပုဂ်္ဂိုလ်တို့ထံမှသာ တိကျ သေချာစွာ ရရှိနိုင်ရာ၊ သည်အတွက် ဆက်ဆံ ပေါင်းသင်းရ၏။ တဘက်တွင် အစိုးရပိုင်းသည်လည်း မိမိလုပ်ရပ်ကို အများသိအောင် သို့မဟုတ် ကောင်းသောဘက်မှ အများရှုမြင်မိကြအောင် မီဒီယာများမှတဆင့် ဖြန့်ချိရ၏။ သည်အတွက် မီဒီယာများနှင့် ဆက်ဆံရ၏။ သတင်းထုတ်ပြန်ရ၏။ မေးလာသည်များကို ဖြေကြားရ၏။ မဖြေနိုင်တာ မဖြေချင်တာများကို ရှောင်ရှားကာ မိမိဘက်ပါအောင် စည်းရုံးနိုင်ဖို့၊ မိမိအလုပ်ကို မြှင့်တင်နိုင်ဖို့ အားထုတ်ရ၏။ ထိုသဘောကိုမြင်ကာ အစိုးရနှင့် မီဒီယာတို့ အကြားတွင် အပြန်အလှန် မှီခိုရပ်တည်သည့် သဟဇီဝ ဆက်ဆံရေးစနစ် (symbiosis) ရှိသည်ဟု အချို့က ဆိုကြ၏။ သို့သော် မီဒီယာနှင့် အစိုးရ ဆက်ဆံရေး နီးစပ်လွန်းလျှင် (၀ါ) အလွမ်းသင့်လွန်းလျှင် မီဒီယာသမားသည် အစိုးရတို့အား စောင့်ကြည့် ဝေဖန်ရမည့် တာဝန် လစ်ဟင်းမည် ဖြစ်၏။ အဲဒါဆိုလျှင် အစိုးရ၏ လက်ကိုင်တုတ် မီဒီယာ သို့မဟုတ် အစိုးရ၏ ၀ါဒဖြန့်ချိရေး ယန္တရား ဖြစ်သွားနိုင်၏။ အကယ်၍ ဆက်ဆံရေး ဝေးလွန်းပြန်လျှင်လည်း အစိုးရ၏ မူဝါဒများ၊ လုပ်ရပ်များကို ပီပီပြင်ပြင် မသိမြင်နိုင်ဘဲ အများပြည်သူကို အသိပေးရာ၌လည်း တိမ်းစောင်း လွဲချော်နိုင်သည်။ ထို့ပြင် ဆက်ဆံရေး ဝေးခြင်းသည် အပြန်အလှန် မနှစ်သက်သော အနေအထားကြောင့် ဖြစ်ပါက မီဒီယာကလည်း အစိုးရလုပ်သမျှကို အမှားကြည့်နေ၊ ဝေဖန်နေမည်၊ အစိုးရကလည်း အခွင့်သာလျှင် သာသလို မီဒီယာကို နှိပ်ကွပ်နေမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် မီဒီယာတို့ ရန်သူသဖွယ် ဖြစ်ခဲ့ကြ၍ အစိုးရက မီဒီယာကို နှစ် ၅၀ မျှ အစွမ်းကုန် နှိပ်ကွပ်ခဲ့ပြီး၊ ပြီးခဲ့သော ၄-၅ နှစ်တွင် အခွင့်သာလာသည့် မီဒီယာကလည်း စွမ်းအားရှိသမျှ ပြန်လှန်ထိုးနှက် တိုက်ခိုက်ခဲ့တာ အားလုံးအသိဖြစ်သည်။ သင့်မြတ်လွန်းလျှင် မကောင်းသလို ရန်သူဖြစ်လျှင်လည်း မကောင်းပေ။ မကောင်းတာက အစိုးရအတွက်လည်း မကောင်း၊ မီဒီယာလည်း မကောင်း၊ တိုင်းပြည်အဖို့လည်း မကောင်းဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် မီဒီယာနှင့် အစိုးရကြား သင့်တော် မှန်ကန်သည့် ဆက်ဆံရေးရှိရန် ဘာတွေ လိုအပ်သနည်း။ စဉ်းစားကြည့်သော်.... ၁။ အစိုးရတို့အနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ယေဘုယျအားဖြင့် အသိအမှတ်ပြုဖို့ လိုပါမည်။ မီဒီယာသမားတို့၏ ရေးသားချက်များနှင့် စပ်လျဉ်း၍ အချို့ အသေးစိတ်များတွင် လွတ်လပ်ခွင့် နယ်နိမိတ်ကို ကျော်လွန်မှု ရှိ မရှိ အငြင်းပွားကောင်း ပွားနိုင်သော်လည်း ပုံမှန်အားဖြင့်မူ လွတ်လပ်စွာ ရေးသားခွင့်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်တရပ်အဖြစ် လက်ခံရ တန်ဖိုးထားရမည် ဖြစ်ပါသည်။ ၂။ သတင်းမီဒီယာသမားများ၊ အယ်ဒီတာများအနေနှင့် အစိုးရရော ငွေရှင်ကြေးရှင်များ၏ သြဇာမှပါ ကင်းလွတ်ကာ သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းရှိဖို့ လိုပါသည်။ ဥပမာ၊ အစိုးရပိုင်း ပုဂ်္ဂိုလ်များ၊ သတင်းရင်းမြစ်များနှင့် နီးစပ်လွန်းသဖြင့် ၎င်းတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အားနာ ထိမ်ချန်ခြင်း၊ ဖေးမ ထောက်ခံ ရေးသားခြင်းများ ပြုသော် မီဒီယာ၏ ဖြောင့်မတ်မှန်ကန်မှု ပျက်ယွင်းမည် ဖြစ်သည်။ ၃။ မီဒီယာက စတုတ္ထမဏ္ဍိုင် ပီသစွာ ဝေဖန် ထောက်ပြရာမှ အစိုးရတို့နှင့် အငြိအတင်ဖြစ်၍ အစိုးရပိုင်းက တရားစွဲဆိုခြင်း၊ စာနယ်ဇင်းသမားတို့ လွတ်လပ်စွာ ရေးသားမှု မပြုနိုင်အောင် ချုပ်ချယ် ကန့်သတ်ခြင်း၊ မမှန်မကန် ထိန်းချုပ်ဟန့်တားခြင်း စသည်များ ပြုလုပ်ပါက တရားရေးမဏ္ဍိုင်က မျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်ပေးနိုင်ဖို့ လိုသည်။ သည်အတွက် တရားရေးမဏ္ဍိုင် ကိုယ်တိုင်သည် သီးခြား လွတ်လပ်သော မဏ္ဍိုင်တခု ဖြစ်ဖို့လိုသည်။ အစိုးရသစ်လက်ထက်တွင် အထက်က အနေအထားများသည် ယခုထက် ပိုမို တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်သည်။ အစိုးရသစ်သည် ဒီမိုကရေစီစနစ် ပိုမိုပီပြင်အောင် ဖော်ဆောင်မည့် အစိုးရဖြစ်ရာ၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်ရေးကိုလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် သန့်ရှင်းရေးကိုလည်းကောင်း၊ ဥပဒေပြုမဏ္ဍိုင် အရည်အသွေး ပြည့်ဝရေးကိုလည်းကောင်း ဆောင်ရွက်သကဲ့သို့ စတုတ္ထမဏ္ဍိုင်၏ လွတ်လပ်ခွင့်များကိုလည်း ပို၍ လေးစား တန်ဖိုးထားလိမ့်မည်ဟု မျှော်လင့်သည်။ သို့သော် တဘက်တွင် ပကတိ အနေအထားအရ စဉ်းစားစရာ နှစ်ချက် ရှိပါသည်။ အစိုးရသစ်တွင် အန်အယ်လ်ဒီအင်အားစုနှင့် တပ်မတော်တို့ ပူးတွဲ ပါဝင်ကြမည်ဖြစ်ရာ အဆိုပါ အင်အားစု နှစ်ခုအကြား အဆင်ပြေစွာ ပေါင်းသင်းနိုင်ကြမည်လား၊ သို့မဟုတ် ပွတ်တိုက်မှုများ တောက်လျှောက် ရှိနေမည်လား မပြောနိုင်။ ထို့ကြောင့် တစ်အချက်၊ အကယ်၍ ပွတ်တိုက်မှု များပြားပြင်းထန်သော အနေအထားမျိုးဖြစ်က မီဒီယာသမားတို့ မည်သို့ ရပ်တည်မည်လဲ၊ မီဒီယာသမား၏ လွတ်လပ်ခွင့် အဆင့်အတန်း မည်သို့ ပြောင်းလဲသွားမည်လဲ ပြောဖို့ခက်သည်။ သို့သော် အချို့ တိုင်းပြည်များ၌ ဒီမိုကရေစီ အကူးအပြောင်း ထိခိုက် ပျက်စီးနိုင်သည့် အနေအထားမျိုးတွင် နိုင်ငံရေးအင်အားစုများအကြား ပွတ်တိုက်မှု လျော့ပါးအောင် မီဒီယာသမားတို့ ထိန်းသိမ်း ဆောင်ရွက်ပေးကြတာမျိုးကား ရှိပါသည်။ ဒုတိယအချက်၊ အန်အယ်လ်ဒီ အင်အားစုနှင့် တပ်မတော်တို့ အဆင်ပြေသည်၊ ပွတ်တိုက်မှု နည်းပါးသည် ဟူသော အနေအထားတွင် လွှတ်တော်၊ အစိုးရနှင့် တရားရေးမဏ္ဍိုင်တို့သည် တသားတည်း ရပ်တည်တာမျိုး ဖြစ်လာနိုင်သည်။ ထိုအခါ မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းမှု လျော့နည်းလိမ့်မည်။ အစိုးရအနေဖြင့် အဂတိလိုက်စားမှု အပိုင်းတွင် သိသိသာသာ လျော့နည်းအောင် ထိန်းသိမ်းနိုင်သည်ထားဦး၊ ပေါ်လစီ မူဝါဒ ချမှတ်သည့် အပိုင်းတွင် တသံတည်း ဖြစ်နေပါက မူဝါဒများအား မတူသော ရှုထောင့်အသီးသီးမှ သုံးသပ် ဝေဖန်ရန် တာဝန်သည် အခြား အတိုက်အခံပါတီများသာမက မီဒီယာများအပေါ်သို့လည်း ကျရောက်လာမည် ဖြစ်သည်။ မီဒီယာသမားတို့သည် မိမိတို့ စာနယ်ဇင်းများ၌ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို သုံးသပ်ဝေဖန်ရာ စင်မြင့်များ ဖန်တီးပေးနိုင်ကြမည်ဆိုက စတုတ္ထမဏ္ဍိုင်၏ အလုပ်ကို သာမက တိုင်းပြုပြည်ပြု တာဝန်ကိုပါ သယ်ပိုးထမ်းရွက်သူများ ဖြစ်လာနိုင်ကြောင်း တင်ပြအပ်ပါသည်။ ဖေမြင့် ၂၂၊ ၂၊ ၂၀၁၆ (မှတ်ချက်-ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၄၊ ဖေမြင့် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
5 years Ago
More News
Up