ဖေ့စ်ဘွတ်ခ်

June 19, 2019

ဖေ့စ်ဘွတ်ခ်က လီဘရာ ဒစ်ဂျစ်တယ်ငွေကြေး မိတ်ဆက်မည့်အစီအစဉ် ထုတ်ပြော

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် နိုင်ငံတကာ ကော်ပိုရေးရှင်းက လီဘရာလို့ နာမည်ပေးထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို မိတ်ဆက်မယ့် သူ့အစီအစဉ်ကို ဇွန်လ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ လူမှုကွန်ရက်ကို ကျော်လွန်ပြီး အီလက်ထရောနစ် စီးပွားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုတွေထိ တိုးချဲ့လုပ်ကိုင်ဖို့ အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ စတင်မိတ်ဆက်မယ့် ဒစ်ဂျစ်တယ်ငွေကြေး အသစ်ကို စီမံအုပ်ချုပ်မယ့် လီဘရာအဖွဲ့အတွင်း ဂျီနီဗာအခြေစိုက် မိတ်ဘက် ၂၈ ဖွဲ့နဲ့လည်း ချိတ်ဆက်ပြီးပြီလို့ အမှုဆောင်တွေနဲ့ လူတွေ့မေးမြန်းခန်းတွေ အရရော၊ ဈေးကွက်ဆိုင်ရာ လှုပ်ရှားမှုတွေအရပါ သိရပါတယ်။ လီဘရာ ဒစ်ဂျစ်တယ်ငွေကြေးကို စုဆောင်းသုံးစွဲ လွှဲပြောင်းနိုင်ဖို့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ကာလီဘရာကိုပါ ဖေ့စ်ဘွတ်ခ်က ဖန်တီးပြီးပါပြီ။ ကာလီဘရာကို ဖေ့စ်ဘွတ်ခ်ရဲ့ စာတိုပေးပို့တဲ့ ပလက်ဖောင်းတွေဖြစ်တဲ့ မက်ဆင်ဂျာ၊ WhatsApp တို့နဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။ မက်ဆင်ဂျာနဲ့ WhatsApp တို့ကို လောလောဆယ် လူသန်းတထောင်ကျော် သုံးစွဲနေပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာတလွှား ရှိပြီးသား သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြား ငွေလွှဲနိုင်စွမ်းကို တိုးမြှင့်ပေးရုံသာမက ဘဏ်လုပ်ငန်းကိုမသုံးတဲ့ သုံးစွဲသူတွေအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ ရယူသုံးစွဲနိုင်ဖို့ ပထမဆုံး ကမ်းလှမ်းလိုက်တာပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago

June 12, 2019

ဇူကာဘတ်ကိုလိမ်ရန် ကြိုးပမ်းခဲ့သည့် အမေရိကန်နိုင်ငံသားအား အီကွေဒေါ အကျဉ်းထောင်မှ ပြန်လွှတ်

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ ဇူကာဘတ်ကို လိမ်လည်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က အလိုရှိနေတဲ့ အမေရိကန်နိုင်ငံသားကို အီကွေဒေါ အကျဉ်းထောင်ကနေ ဇွန်လ ၁၁ ရက်နေ့က လွှတ်ပေးခဲ့ပါတယ်။ အီကွေဒေါသမ္မတက ပေါလ်ဆယ်ဂလီယာလို့ အမည်ရတဲ့ အဲဒီအမျိုးသားကို အမေရိကန်နိုင်ငံ ပြန်ပို့မယ့် တောင်းဆိုချက်ကို ငြင်းဆိုကြောင်း ဇွန်လ ၄ ရက်နေ့က စာရေးသားခဲ့တာပါ။ ဇူကာဘတ် ဟားဗတ်တက္ကသိုလ် ကျောင်းသားဘဝက ဆိုရှယ်နက်ဝါ့ခ် ဝက်ဘ်ဆိုက်တဝက် သူ့ကိုပေးမယ်လို့ စာချုပ်မှာ လက်မှတ်ထိုးခဲ့တယ်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ နယူးယောက်မြို့သား ဆယ်ဂလီယာက ဇူကာဘတ်ကို အမေရိကန် တရားရုံးမှာ တရားစွဲခဲ့တာပါ။ တရားသူကြီးတယောက်က အဲဒီစာချုပ်ဟာ လိမ်လည်စာချုပ်ဖြစ်တယ်လို့ ပြောပြီးနောက်မှာ ခရိုင်တရားရုံးက သူ့ရဲ့ တရားစွဲဆိုမှုကို ပယ်ချခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဆယ်ဂလီယာကို ဆက်သွယ်ရေးလိမ်လည်မှုနဲ့ ရာဇဝတ်ကြောင်းအရ စွဲချက်တင်ခဲ့ပြီး ၂၀၁၅ တရားရင်ဆိုင်မှုမတိုင်မီ သူဟာ မိသားစုနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ ဆယ်ဂလီယာဟာ ဝရမ်းပြေးအဖြစ် ၃ နှစ်ခွဲနီးပါး ထွက်ပြေးခဲ့ပြီးနောက် မနှစ်က အီကွေဒေါနိုင်ငံမှာ အဖမ်းခံရပါတယ်။ အခု လွတ်မြောက်လာတဲ့ ဆယ်ဂလီယာက သူ့အနေနဲ့ မိသားစုအတွက် အချိန်ပိုပေးချင်တယ်လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
2 years Ago
More News
Up