ပျောက်ဆုံးနေသည့်

October 21, 2017

ပျောက်ဆုံးနေသည့် ကယ်လီဖိုးနီးယားစုံတွဲ ကိုယ့်ကိုယ်ကိုယ်သတ်သေဟု ယူဆ

အမေရိကန်နိုင်ငံ ဂျော့ရူဝါသစ်ပင် အမျိုးသားပန်းခြံအတွင်း ဇူလိုင်လတုန်းက ပျောက်ဆုံးနေတဲ့ ကယ်လီဖိုးနီးယားက စုံတွဲဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ယူဆရကြောင်း ရဲတွေက ပြောလိုက်ပါတယ်။ ရေချယ်ငုယင် အသက် ၂၀ နှစ်နဲ့ ဂျိုးဇက်အော်ဘက်စို အသက် ၂၂ နှစ်တို့ကို မစ္စတာအော်ဘက်စိုရဲ့ ဖခင်အပါအဝင် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ရှာဖွေတွေ့ခဲ့ပြီး မြင်ကွင်းသက်သေအရ မစ္စတာအော်ဘက်စိုက သူ့ကိုယ်သူ သေနတ်နဲ့ ပစ်မသတ်ခင် မစ္စငုယင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲတွေက ယူဆနေကြတာလို့ ဘီဘီစီသတင်းမှာ အောက်တိုဘာ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။ အဲ့ဒီနေရာမှာ သူတို့ ၂ ဦး အစာရေစာ ပြတ်လတ်ခဲ့ပုံရတယ်လို့ အာဏာပိုင်တဦးက ပြောလိုက်ပြီး ဆန်ဘာနာဒီနိုမြို့ ငြိမ်ဝပ်ပိပြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး စင်ဒီဘက်ခ်ျမန်းက စုံတွဲကို သစ်ပင်အောက်မှာ တဦးနဲ့တဦး ပွေ့ဖက်တဲ့ပုံသဏ္ဌာန်မျိုးနဲ့ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ ၂ ဦးက အပူဒဏ်က ကာကွယ်ဖို့ သူတို့ရဲ့ခြေထောက်အောက်ပိုင်းတွေကို အဝတ်အစားတွေနဲ့ ကာထားပြီး မစ္စတာအော်ဘက်စိုရဲ့မှတ်ပုံတင်ပြီး ကိုင်ဆောင်ထားတဲ့ သေနတ်ကိုလည်း အခင်းဖြစ်ရာနေရာမှာ တွေ့ခဲ့တယ်လို့ စုံစမ်းရေးအရာရှိတွေက ပြောကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စစင်ဒီက ပြောခဲ့တာပါ။ ဒါပေမယ့် သူက အမျိုးသမီးကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်လို့ ယူဆရတဲ့ သက်သေအထောက်အထား တခုမှမတွေ့ရဘူးလို့လည်း သူမက ဆက်ပြောပါတယ်။ မစ္စတာအော်ဘက်စိုနဲ့ မစ္စငုယင်တို့က မိုရွန်ဂိုဘေစင်ဒေသမှာ အဲဘီအန်ဘီ (Airbnb) ကုမ္ပဏီက ဌားရမ်းခဲ့တဲ့ အခန်းကို ပြန်အပ်ဖို့ ပျက်ကွက်ရာကနေ ဇူလိုင် ၂၈ ရက်နေ့မှာ သူတို့ ၂ ဦး ပျောက်ဆုံးနေကြောင်း သတင်းပို့ခဲ့တာလို့ သိရပါတယ်။ ပန်းခြံရဲ့လုံခြုံရေးတွေက သူတို့ ၂ ဦးရဲ့ ကားကို တွေ့ရာကနေ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ ၂ ဦးကိုရှာဖို့ နာရီပေါင်း ၂၁၀၀ ကျော် ကြာခဲ့ပါတယ်။ နောက်ဆုံး စုံတွဲကို မေ့ဇ်လုပ်လမ်းမြောက်ဘက် တောင်ကြားမှာ တွေ့ခဲ့တယ်လို့ ဂျော့ရူဝါ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး အဖွဲ့ရဲ့အပြောအရ သိရပါတယ်။ တွေ့ခဲ့တဲ့ရုပ်အလောင်းမှာ သံသယဖြစ်ဖွယ် ဒဏ်ရာတွေနဲ့ အခြေအနေကိုတွေ့လို့ ထောက်လှမ်းရေးတွေကို အကူအညီတောင်းဖို့ ဖုန်းခေါ်ဆိုခဲ့တာလို့ ဆန်ဘာနာဒီနိုမြို့ငြိပ်ဝပ်ပိပြားရေးဌာနက အောက်တိုဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပြီး စုံစမ်းမှုတွေ ဆက်လက်လုပ်နေကြောင်းလည်း ပြောပါတယ်။ မစ္စတာအော်ဘက်စိုရဲ့ ဖခင်ကတော့ သူ့သားကို ကြင်နာဂရုစိုက်တတ်ပြီး ဆင်ခြင်တွေးခေါ်တတ်သူအဖြစ် သတိရစေချင်တာလို့ ဆောက်သန်းကယ်လီဖိုးနီးယားသတင်းဌာနကို ပြောပါတယ်။ “သူ့တို့ အရိပ်ရဖို့ ရှာခဲ့တာ၊ သူ့ရဲ့ဘေးမှာ ရေချယ်ကို ပွေဖက်ထားတာတွေကို တွေ့ပြီး ဒါတွေအားလုံးက သူ့ကို လူသားဆန်သူတယောက်အနေနဲ့၊ အမျိုးသား တယောက်အနေနဲ့ ပြနေတယ်” လို့ မစ္စတာ အော်ဘက်စိုရဲ့ ဖခင်ဖြစ်သူက ပြောလိုက်ပါတယ်။
4 years Ago

October 14, 2017

ပျောက်ဆုံးနေသည့် သြစတြေးလျအမျိုးသမီးကြီး မိချောင်းကိုက်ခံရဟု ရဲပြော

သြစတြေးလျနိုင်ငံမှာ ပျောက်ဆုံးနေလို့ ရဲက ရှာဖွေနေတဲ့ အမျိုးသမီးကြီး မိချောင်း ကိုက်ခံရလို့ သေဆုံးနိုင်ကြောင်း ရဲတွေက ပြောလိုက်ပါတယ်။ ကွင်းစလန်ပြည်နယ် ပို့ဒေါက်ဂလက်စ်မြို့နားက ဘိုးဘွားရိပ်သာကနေ အသက် ၇၉ နှစ်အရွယ် စိတ်ရောဂါဖြစ်နေတဲ့ မစ္စအန်းကမ်ရွန် အောက်တိုဘာလ ၁၀ ရက်နေ့က ပျောက်သွားခဲ့တာပါ။ မစ္စကင်မရွန်အမည်ပါ တုတ်ကောက်နဲ့ အဝတ်အစားတွေကို ချောင်းဘေးမှာ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ချောင်းအနီးအနားမှာ တွေ့တဲ့ အသားအပိုင်းအစတွေက လူခန္ဓာကိုယ် အပိုင်းအစတွေဖြစ်တယ်လို့ ရဲတွေကအတည်ပြုလိုက်ပြီး ဒီအပိုင်းအစတွေက မစ္စကင်မရွန်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ဖြစ်ဖို့များတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က ရဲတွေက ပြောပါတယ်။ “ကျနော်တို့ အခုသံသယရှိနေတာက ဒီပျောက်ဆုံးမှုက မိချောင်းကိုက်ခံရတာ ဖြစ်မယ်လို့” စုံစမ်းရေးအရာရှိ အက်လူကင်က ပြောပါတယ်။ “ခန္ဓာကိုယ်အပိုင်းအစတွေကို မှုခင်းစစ်ဆေးမှု လုပ်မယ်။ ဒါပေမယ့် ပို့တ်ဒေါက်ဂလက်စ်ဒေသမှာ အခြား လူပျောက်ဆုံးမှုတွေ ရှိမှာလည်း ကျနော် စိုးရိမ်တယ်” လို့ စုံစမ်းရေးအရာရှိက ပြောပါတယ်။ ဘိုးဘွားရိပ်သာက ၂ ကီလိုမီတာအကွာ ချုံပုတ်တွေဘက်ကို မစ္စကင်မရွန်း လမ်းလျှောက်သွားလို့ မိချောင်းကိုက်ခံရတာလို့ ရဲတွေက ယူဆနေကြပါတယ်။ ဆွေမျိုးတွေနဲ့နီးအောင် သိပ်မကြာသေးခင်က သူမကို ဘိုးဘွားရိပ်သာ ပြောင်းရွှေ့ခဲ့တာလို့ ဒေသခံသတင်းဌာနက ပြောပြီး ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့တဲ့နေရာနားမှာ မိချောင်းကို ထောင်ဖမ်းမယ်လို့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ကွင်းစလန်ပြည်နယ်မှာ မတ်လတုန်းက ငါးဖမ်းသမားတဦး မိချောင်းကိုက်ခံရတာ အပါအဝင် ၁၉၈၅ ခုနှစ်မှ ခုချိန်ထိ မိချောင်းကိုက်ခံရတာ လူ ၉ ဦး ရှိပြီလို့ ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up