နေရပ်စွန့်ခွာ

January 25, 2019

နေရပ်စွန့်ခွာထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စံပြုရွာ ၄၁ ရွာတွင် နေရာချပေးမည်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေ ပြန်လည်ဝင်ရောက်လာပါက စုစည်းနေရာ စံပြုရွာ ၄၁ ရွာမှာ နေရာချပေးသွားမယ်လို့ မောင်တောခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောပါတယ်။ "အခုအဆောက်အအုံတွေ တည်ဆောက်နေတာတွေရှိသလို မြေပြင်ကွင်းဆင်းပြီးတော့ တိုင်းတာမှုတွေ လုပ်နေတာတွေ ရှိပါတယ်။ Village Plan အရ လာလို့ရှိရင် သူတို့ မူလနေခဲ့တဲ့ အနေအထားထက် မူလနေခဲ့တဲ့ လူနေမှုစနှစ်ထက် ကောင်းမွန်အောင် ပြန့်ကြဲနေတဲ့ရွာတွေကို စုစည်းပြီး စုစည်းနေရာ ၄၁ နေရာ တည်ဆောက်ပေးသွားမယ်။ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ ဈေးတွေ၊ အားကစားကွင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ စတဲ့ လိုအပ်တာတွေ အကုန်လုံးထည့်သွသွင်းပြီး ဆောင်ရွက်မှာဖြစ်တယ်။ ရေရရှိရေးနဲ့ မီးရရှိရေးကိစ္စတွေကိုပါ အဆိုပါစံပြုရွာတွေ ထည့်သွင်းပြီး plan ရေးဆွေးနေတာ" လို့ ပြောပါတယ်။ အခုလက်ရှိ နေအိမ်တွေ တည်ဆောက်ပေးနေတာက မောင်တောမြို့ ၁၉ နေရာမှာ အိမ်အလုံးပေါင်း ၁၅၈၄ လုံး၊ ဘူးသီးတောင်မြို့နယ် ၂ နေရာမှာ အိမ် ၁၇၁၀ လုံးအား လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နေအိမ်တွေကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ရဲ့ အစီအမံတွေနဲ့ တည်ဆောက်နေတာရှိသလို အလှူရှင်တွေအနေနဲ့လည်း တည်ဆောက်ပေးနေတာတွေ ရှိပါတယ်။ ပြန်လည်လက်ခံရေးကိစ္စတွေနဲ့အတူ မောင်တောခရိုင်ဖွံ့ဖြိုးရေးအတွက် ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတရှိရှိနေထိုင်နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေးဇုန် တည်ထောင်ပြီး ကုန်သွယ်မှုလုပ်နိုင်ရေးတို့အတွက် plan ဆွဲပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
3 years Ago

August 12, 2018

နေရပ်စွန့်သူများပြန်လာရေး အခြေအနေ ကောင်းမွန်အောင် ဖန်တီးပေးရန်လိုဟု ဘင်္ဂလားဒေ့ရှ် ပြော

နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေး အခြေအနေတွေ ကောင်းမွန်အောင် ဖန်တီးပေးဖို့ အရင်ဆုံး လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာဝန်ကြီး ကာမွတ်အလီက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သြဂုတ် ၁၁ ရက်နေ့က သွားရောက်ပြီး ပြန်လည် လက်ခံရေးစခန်းတွေ၊ ကြားစခန်းတွေနဲ့ နယ်စပ်ခြံစည်ရိုးတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီကနေအပြန်မှာ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးနဲ့ ပက်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီကို ဒီဗွီဘီက မေးမြန်းရာမှာ အခုလို ဖြေကြားသွားပါတယ်။ “အရင်ဆုံး အခြေအနေတွေ ကောင်းမွန်အောင်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဒုက္ခသည်တွေ ပြန်လာကြမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့က ကိုယ့်အိုးကိုယ်အိမ်မှာ နေထိုင်ရဖို့ လိုပါတယ်။ အခုကျနော်တို့ အိမ်တွေကို မြင်တွေ့ပြီးပါပြီ။ ဒီတော့ကာ ဒုက္ခသည်တွေအနေနဲ့ပြန်လာပြီး အဲဒီအိမ်တွေမှာ ယာယီနေထိုင်နိုင်ပါတယ်။ နောက်ပြီး သူတို့အိုးအိမ်တွေကိုလည်း သူတို့တည်ဆောက်နိုင်ပါတယ်။ သူတို့တွေအနေနဲ့ ရွက်ဖျင်တဲတွေမှာ လာနေလို့ ရပါတယ်။ ဒါတွေက အရန်ထားရှိတာပါ။ ဒါ့အပြင် ပထမအသုတ်ပြန်လာတဲ့ သူတွေအဖို့ အခုဆောက်လုပ်ထားတဲ့ အိမ်တွေမှာ နေကြရပါမယ်။ လက်ခံရေးစခန်းတွေမှာ နေကြရမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟာ မောင်တောဒေသ ပန်းတောပြင်မှာ ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေ၊ ကိုင်းကြီး မြိုရွာမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေကိုပါ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့တို့ အတူလိုက်ပါခဲ့ကြပါတယ်။ သြဂုတ်လ ၁ဝ ရက်နေ့ကလည်း နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အချက် ၈ ခုသဘောတူ အတည်ပြုနိုင်ခဲ့တာပါ။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နှစ်ငံသဘောတူစာချုပ်ရှိတယ်။ အဲ့ဒီအပြင် UNDP, UNHCR တို့နဲ့လည်း စာချုပ်ထားတယ်။ MOU ထိုးထားတာ ရှိတယ်ပေါ့။ ဒီစာချုပ်တွေနဲ့ မူတည်ပြီးတော့ နှစ်နိုင်ငံလုံးက လိုက်ပါဆောင်ရွက်ရမှာပဲလေ” လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီအဖွဲ့ရဲ့ ခရီးစဉ်အတွင်းမှာ လေဆိပ်အပါအဝင် စစ်တွေမြို့နေရာ အနှံ့အပြားမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သိန်းချီ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ၂ နှစ်အတွင်း နေရပ် ပြန်လာရေးအတွက် နှစ်နိုင်ငံ အစိုးရတွေ ဒီနှစ်အစပိုင်းမှာ သဘောတူထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဆင်ပြေဖို့အတွက် မောင်တောမှာရှိတဲ့ စခန်းတွေကို လာရောက်လေ့လာတာပါ။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
3 years Ago
More News
Up