ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးမည်

June 23, 2016

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ရောက်ရှိ (ဓာတ်ပုံ)

ဒီနေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းလေကြောင်းလိုင်နဲ့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် တို့ လိုက်ပါလာကြပါတယ်။ ထိုင်းအစိုးရကိုယ်စား ထိုင်းဒုတိယ၀န်ကြီးချုပ် နိုင်ဆုန်ခေတ် ကျဒူစီဖိထပ် က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို သုဝဏ္ဏဘူမိလေဆိပ်မှာ သွားရောက်ကြိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းက ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီနေ့ ညနေပိုင်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဓာတ်ပုံ - ဦးအောင်စိုး  
5 years Ago

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက် ၉ နာရီ ၅၀ မိနစ်အချိန်က ထိုင်းနိုင်ငံကို ထိုင်းလေကြောင်းလိုင်းနဲ့ ထွက်ခွာသွား ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ဖို့     ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် တို့ လိုက်ပါသွားကြပါတယ်။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar)  
5 years Ago

June 18, 2016

ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မတိုင်မီ မြန်မာအလုပ်သမားများကို ဖမ်းဆီး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီး မစတင်မီ အထောက်အထားမဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းတာဝန်ရှိသူတွေက နေ့စဉ် ဖမ်းဆီးနေပါတယ်။ ထိုင်းမဲဆောက်အနီးမှာရှိတဲ့ စက်ရုံတွေကို ထိုင်းတာဝန်ရှိသူတွေက ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာ အလုပ်သမား အနည်းဆုံး ၁၀ ဦးလောက်ကို နေ့စဉ် ဖမ်းဆီးတယ်လို့ ထိုင်းနေရှင်းသတင်းက ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းခရီးစဉ်ဟာ ဇွန် ၂၃ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းက ရေးပါတယ်။ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ညွန်ကြားရေးမှူး ဦးကျော်သောင်းကတော့ ဘန်ကောက်၊ မဟာချိုင်နဲ့ တခြားနေရာတွေမှာ အလုပ်သမားတွေကို ဖမ်းဆီးမှုက ပုံမှန်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိမရှိကတော့ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။ “ ဖမ်းဆီးတာကို ကျနော့်သဘောထားကို ပြောမယ်ဆို ပိုတောင်ကောင်းတယ်လို့ ပြောမှာ၊ မြန်မာတွေကို ဖမ်းလို့ ပြောတာမဟုတ်ဘူး။ အဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည် ပိုမို အသေးစိတ် သိစေတဲ့အတွက် ကျနော် ကျေးဇူးတောင် တင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့ လုံခြုံမှု ဘယ်လိုရှိလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းအချက်အလက်ပိုရတဲ့ အတွက် ကျနော်က ကျေးဇူးတောင်တင်သေးတယ်” လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာနေတဲ့ မြန်မာအလုပ်သမားတွေဟာ ပတ်စပို့ပဲလုပ်ထားထား၊ ပန်းရောင်ကတ်ပဲ ကိုင်ထားထား မြန်မာမြင်လို့ ဖမ်းလိုက်ရင် ငွေထွက်တဲ့ အေတီအမ် ငွေထုတ်စက်အဖြစ်ကို ထိုင်းရဲတွေက သတ်မှတ်ထားတယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။ ထိုင်းဥပဒေအရ တနေ့ကို အလုပ်သမားတဦးရဲ့ အနိမ့်ဆုံးဝင်ငွေ ဘတ် ၃၀၀ ရရှိဖို့ သတ်မှတ်ထားပေမယ့် မြန်မာစက်ရုံအလုပ်သမားတွေဟာ ဘတ် ၁၀၀ ကနေ ၂၀၀ အကြားသာ ရကြပါတယ်။ တချို့ စက်ရုံတွေမှာလည်း အလုပ်သမားတွေ ရရှိခြင်းမရှိတဲ့ တနေ့ လုပ်အားခ ဘတ် ၃၀၀ ရတယ်လို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာတွေ ရှိနေပါတယ်။ နေ့စဉ် သတ်မှတ်လုပ်အားခ ဘတ် ၃၀၀ မရသလို အချိန်ပိုကြေး ၁ နာရီ ၅၆ ဘတ် ကိုမရဘူးလို့ မဲဆောက်က အလုပ်သမားတဦးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။ မြန်မာအလုပ်သမား ၁၀၀ ကျော်ဖမ်းဆီးခဲ့ပြီး ဖြစ်သလို အလုပ်ရှင်က ဘတ် ၁၅၀၀-၂၀၀၀ အကြား ပေးရင် ပြန်လွှတ်တယ်လို့ ဆိုပါတယ်။ ထိုင်းစက်ရုံတွေမှာ မြန်မာ အလုပ်သမား ၄ သိန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။
5 years Ago
Up