တော့တင်ဟမ်ဟော့စပါး

July 22, 2019

အိုင်စီစီဖလားပြိုင်ပွဲတွင် တော့တင်ဟမ်ဟော့စပါးက ဂျူဗင်တပ်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင် (ရုပ်သံ)

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာချန်ပီယံများဖလားပြိုင်ပွဲ (အိုင်စီစီ) အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဂျူဗင်တပ်တို့ မနေ့ကယှဉ်ပြိုင်ရာ စပါးအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်းဟာ ဆွန်ဟောင်မင်၊ အယ်လီ၊ လာမယ်လာ၊ ဟယ်ရီဝင့်တို့ကို လူငယ်ကစားသမားတွေနဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ လူးကပ်စ်မော်ရာနဲ့ ဒီရာသီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒမ်ဘီလီတို့ကို လူစားလဲ အသုံးပြုခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းမှာလည်း တကျော့ပြန် ဝါရင့်ဂိုးသမား ဘူဖွန် ပွဲထွက်ခဲ့သလို တိုက်စစ်မှာ ရော်နယ်ဒို၊ မန်ဇူကစ်တို့ကို အသုံးပြုသွားပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ လာမယ်လာက စပါးအသင်းအတွက် ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမှာ စပါးက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် ဂျူဗင်တပ်အသင်းက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားလာပြီး ဒုတိယပိုင်း ၅၆ မိနစ်မှာ တိုက်စစ်မှူး ဟီဂူအင်နဲ့ မိနစ် ၆၀ မှာ ရော်နယ်ဒိုတို့က ဂိုးတွေဆက်တိုက်သွင်းယူပြီး နှစ်ဂိုး တဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ လူစားဝင်ကစားသမားတွေဖြစ်တဲ့ လူးကပ်စ်မော်ရာက ပွဲချိန် ၆၅ မိနစ်၊ ပွဲပြီးကာနီးမှာ တိုက်စစ်မှူး ဟယ်ရီကိန်းတို့က သွင်းယူပြီး စပါးအသင်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
2 years Ago

May 9, 2019

လူးကပ်စ်မိုရာ၏ ဟက်ထရစ်ဂိုးဖြင့် အေဂျက်ကိုနိုင်ပြီး စပါး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံ)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အေဂျက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ကယှဉ်ပြိုင်ရာ စပါးအသင်းက သုံးဂိုး နှစ်ဂိုးနဲ့နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က အေဂျက်က တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးစီ တူညီနေပေမယ့် အဝေးဂိုးစည်းမျဉ်းအရ စပါးအသင်း နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်သွားတာပါ။ စပါးအသင်းမှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ ဆွန်ဟောင်မင်၊ လူးကပ်စ်မိုရာ၊ အယ်လီ၊ အဲရစ်ဆင်၊ ဝမ်ယာမာ၊ ဆစ်ဆိုကို စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေကိုတော့ အိမ်ရှင် အေဂျက်အသင်း ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၅ မိနစ်မှာ ဒီလိုက်နဲ့ ၃၅ မိနစ်မှာ ဇီယက်ခ်ျတို့က သွင်းယူခဲ့ပြီး ပထမပိုင်းမှာ အေဂျက်က နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်မှာလည်း အိမ်ရှင်အသင်းထက် ပိုများခဲ့ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ လူးကပ်စ်မိုရာ တဦးတည်းက ပွဲချိန် ၅၅ မိနစ်၊ ၅၉ မိနစ်နဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအတွက် ဟက်ထရစ်သွင်းယူပေးခဲတဲ့ လူးကပ်စ်မိုရာကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ စပါးအသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနဲ့ လာမယ့် ဇွန်လ ၁ ရက်နေ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အင်္ဂလန်အသင်းနှစ်သင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖြစ်ပါတယ်။
2 years Ago
More News
Up