တောင်ဆူဒန်

September 10, 2018

တောင်ဆူဒန်တွင် လေယာဉ်ငယ်တစီး ပျက်ကျ၊ အနည်းဆုံး ၁၉ ဦး သေဆုံး

တောင်ဆူဒန်နိုင်ငံမှာ စက်တင်ဘာ ၉ ရက်နေ့က လေယာဉ်ငယ်တစီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ လေယာဉ်ငယ်ပေါ်မှာ လူ ၂၂ ဦး လိုက်ပါလာခဲ့ပြီး မြို့တော် ဂျူဘာကနေ ယီရော်မြို့ကို မောင်းနှင်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လိုက်ပါလာသူ ခရီးသည်တွေထဲမှာ ကလေးငယ် ၃ ဦး ပါလာခဲ့တယ်လို့လည်း တခြားသတင်းရင်းမြစ်တခုက ဆိုပါတယ်။ စစ်ဖြစ်ပွားနေတဲ့ တောင်ဆူဒန်မှာ မကြာသေးခင်နှစ်တွေက လေယာဉ်ပျက်ကျမှုတွေ ခဏခဏ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

August 10, 2018

တောင်ဆူဒန် ငြိမ်းချမ်းရေးစာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရန် အရေးကြီး

တောင်ဆူဒန်နိုင်ငံမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကို အောင်ပွဲခံနေကြတဲ့ တချိန်တည်းမှာပဲ ဒီစာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်ဆောင်ဖို့က အရေးကြီးတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ တောင်ဆူဒန် ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတဝှမ်း အောင်ပွဲခံနေကြပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ တောင်ဆူဒန်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လက်ရှိအရှိန်အဟုန်ကို တည်ဆောက်ပေးနေဖို့ အရှေ့အာဖရိကဒေသဟာ ဦးဆောင်ကဏ္ဍမှာ ပါဝင်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေကတော့ နိုင်ငံစစ်တပ်နဲ့ မပေါင်းခင် အတိုက်အခံတပ်တွေကို ဘယ်နေရာမှာ တပ်စွဲမလဲဆိုတာနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်တွေကို အပြီးသတ်ဖို့ ဆူဒန်နိုင်ငံထဲမှာ ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ “ကျနော်တို့ခေါင်းဆောင်တွေဆီကနေ မျှော်လင့်တာက တည်ငြိမ်အေးချမ်းတဲ့နိုင်ငံ ဖြစ်စေချင်တာပါ။ ကျနော်တို့ နိုင်ငံသားတွေ အခြေအနေ ဆိုးရွားနေတယ်။ နိုင်ငံရေးအရရော စီးပွားရေးအရရော မကောင်းတဲ့ အခြေအနေ ဖြစ်နေတာ။ ဒီနိုင်ငံရဲ့ စီးပွားရေး တကယ်တိုးတက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံသားတိုင်း ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့လိုပါတယ်” လို့ ဂျူဘာမြို့ခံ မာဒင်ချိုးက ပြောပါတယ်။ “ဒေသတွင်းအနေနဲ့ အခုလုပ်ရမယ့် အရေးအကြီးဆုံးအချက်က အတူတူရပ်တည်ပြီး တောင်ဆူဒန်စစ်ပွဲ အဆုံးသတ်ဖို့ တသံတည်း ထွက်ရမှာပါ။ ဆူဒန်ရဲ့ကဏ္ဍက အရေးပါပါတယ်။ ဘာကြောင့်လဲဆို သမ္မတ အယ်လ်ဘာရှာအနေနဲ့ တောင်ဆူဒန် နိုင်ငံရေးသမားတွေရဲ့စိတ်ကို နားလည်သလို တောင်ဆူဒန် အခြေအနေကိုလည်း သူနားလည်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဂျိမ်းစ်အုတ်ခ်က ပြောပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထောက်ခံပွဲတွေမှာ တောင်ဆူဒန် လွတ်လပ်ရေးရပြီးကတည်းက မမြင်ဘူးတဲ့ ပမာဏနဲ့ နိုင်ငံတဝှမ်း ပြုလုပ်နေတာပါ။ ဒါဟာ တောင်ဆူဒန်နိုင်ငံသားတွေ ငြိမ်းချမ်းရေး ဘယ်လောက်လိုချင်နေတယ်ဆိုတာ တိုက်ပွဲဖြစ်နေသူတွေကို ပြသရာလည်း ရောက်နေပါတယ်။
3 years Ago
More News
Up