ဆော်ဒီနိုင်ငံ ဗလီတလုံးတွင် အသေခံဗုံးကွဲ၊ လူ ၂၀ ခန့်သေဆုံး

May 23, 2015

ဆော်ဒီနိုင်ငံ ဗလီတလုံးတွင် အသေခံဗုံးကွဲ၊ လူ ၂၀ ခန့်သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းက ရှီးယိုက်ဗလီတလုံးမှာ သောကြာဝတ်ပြုပွဲအတွင်း အသေခံဖောက်ခွဲမှုတရပ် ဖြစ်ပွားခဲ့လို့ လူအယောက် ၂၀ လောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဆေးရုံအရာရှိတဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှုတော့ မရှိသးပါဘူး။ နိုဝင်ဘာလတုန်းကလည်း နိုင်ငံတွင်း ရှီးယိုက်လူနည်းစုတွေ အများစုနေထိုင်ရာ နိုင်ငံ အရှေ့ပိုင်းမှာ သေနတ်သမားတွေက ရှီးယိုက် ဘာသာရေး နှစ်ပတ်လည်ပွဲတခုကို တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။ အယ်လ်ကာဒီးယားရွာရဲ့ အိုင်မန်အလီ ဗလီထဲမှာ လူအယောက် ၁၅၀ ကျော် ဝတ်ပြု ဆုတောင်းနေတုန်း ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်တဦးက ပြောပါတယ်။ ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ တိုက်ခိုက်မှုကို အကြမ်း ဖက်ဝါဒလှုပ်ရှားမှု ဖြစ်ကြောင်း၊ ဗုံးခွဲသမားဟာ ဗလီထဲမှာ သူ့အဝတ်တွေအောက်မှာ ဝှက်ထားတဲ့ အသေခံတိုက်ခိုက်ရေး ခါးပတ်ကို စနက်တံဖြုတ် ဖောက်ခွဲခဲ့လို့ လူတချို့ သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပင်လယ်ကွေ့ဒေသအတွင်း ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တို့ကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်တာပါ။ ဆွန်နီမွတ်စလင် ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ဒေသတွင်း အင်အားကြီး ရှီးယိုက်မွတ်စလင် အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ ပိုမြင့်လာနေပါတယ်။
6 years Ago
Up