ဂျော်ဒန်

May 17, 2019

ယီမင်စစ်ပွဲအတွင်း ပါဝင်သည့် အဖွဲ့အစည်းများ ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

ဂျော်ဒန်နိုင်ငံ မြို့တော် အမန်မှာ ကျင်းပတဲ့ ယီမင်စစ်ပွဲအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲဟာ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ သန်းချီတဲ့ ယီမင်နိုင်ငံသားတွေရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဟိုဒေးဒါ ဆိပ်ကမ်းကရတဲ့ ဘဏ္ဍာငွေတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ဆွေးနွေးဖို့ ကုလသမဂ္ဂ ဦးစီးပြီး အဲဒီ အစည်းအဝေးကို ကျင်းပခဲ့တာလို့ ကုလသမဂ္ဂ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မေလ ၁၄ ရက်နေ့က စတင်တဲ့ အဲဒီတွေ့ဆုံပွဲမှာ ဟိုဒေးဒါ၊ ဆာလိဖ်နဲ့ ရတ်စ်အီဆာ စတဲ့ ယီမင်ဆိပ်ကမ်းသုံးခုကနေရတဲ့ ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲဖို့နဲ့ အဲဒီငွေတွေကို အများပြည်သူဆိုင်ရာ ကဏ္ဍတွေက ဝန်ထမ်းတွေကို လစာပေးရာမှာ သုံးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဟူသီသူပုန်အဖွဲ့ဟာ မေလ ၁၁ ရက်နေ့ကစပြီး အဲဒီဆိပ်ကမ်းသုံးခုကနေ တပ်တွေ ပြန်ဆုတ်ပြီး ကုလသမဂ္ဂ ကြီးကြပ်တဲ့ ဒေသခံတပ်ဖွဲ့တွေဆီကို လွှဲပြောင်းပေးနေပါတယ်။ ၂၀၁၈ ဒီဇင်ဘာလက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ယီမင်အစိုးရနဲ့ သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူချက်အရ အဲဒီလို တပ်ပြန်ဆုတ်တာလို့ ဟူသီအဖွဲ့က ပြောပါတယ်။ ဆော်ဒီ ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရအဖွဲ့နဲ့ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်တပ်ဖွဲ့အကြား ၄ နှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် ယီမင်နိုင်ငံမှာ သိန်းချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။ ဆိပ်ကမ်းသုံးခုကနေ ရလာတဲ့ ဘဏ္ဍာငွေတွေကို ယီမင်ဗဟိုဘဏ်ကို လွှဲပေးရေးအချက်ကို ဟူသီသူပုန်အဖွဲ့က လက်မခံတာဟာ ဟူသီတွေအနေနဲ့ ၂၀၁၈ ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း လိုက်နာဖို့ ဆန္ဒမရှိဘူးလို့ ဂျော်ဒန်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ယီမင်အစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။
2 years Ago

December 14, 2018

ဂျော်ဒန်အစိုးရ၏ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဆန္ဒပြ၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့

ဂျော်ဒန်အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း  ဒီဇင်ဘာ ၁၃ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက ဆန္ဒပြသူတွေဟာ ကြိုးကြားကြိုးကြား ဆန္ဒပြခဲ့ပါတယ်။ ဘုရင် အဗ္ဗဒူလာနဲ့ အစိုးရကို ဝေဖန်တဲ့ သံချပ်တွေ ကြွေးကြော်ခဲ့တဲ့အတွက် လူပေါင်းများစွာကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ IMF ထောက်ခံတဲ့ အခွန်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နွေရာသီက ပြုလုပ်ခဲ့တဲ့ ဆန့်ကျင် ဆန္ဒပြပွဲကြီးတွေဟာ ပြီးခဲ့တဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဲဒီနောက် လူကြိုက်မများတဲ့ အခွန်ဥပဒေကြမ်းကို အနည်းငယ်ပြင်ဆင်ပြီးနောက် ပြီးခဲ့တဲ့လက ပါလီမန်ဟာ အခွန်ဥပဒေကြမ်းကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပြည်သူ့ကြွေးမြီ ဒေါ်လာ ဘီလျံ ၄၀ ဝန်းကျင် တင်ရှိပြီး အခွန်ငွေ အပူတပြင်း လိုအပ်နေတဲ့ ဂျော်ဒန်အစိုးရဟာ လူဆင်းရဲနဲ့ လူလတ်တန်းစားတွေရဲ့ ဝင်ငွေတွေဆီကနေ အခွန်ညှစ်ယူနေပြီး လူချမ်းသာတွေကိုတော့ ဘေးမဲ့ပေးထားတယ်လို့ ဂျော်ဒန်ပြည်သူတွေက ပြောကြပါတယ်။
2 years Ago
More News
Up