ကျော်ရင်မြင့်

September 13, 2015

ရွှေချစ်တဲ့ မြန်မာတွေ

မြန်မာနိုင်ငံ နေရာဒေသအနှံ့ကလည်း ရွှေတွေမကုန်နိုင်မခမ်းနိုင်ထွက်ဆဲ၊ မြန် မာတွေကလည်း ရွှေကို တန်ဖိုးထားမြတ်နိုးဆဲမို့ ရွှေဈေးကွက်ကတော့ တွင်ကျယ်ပါတယ်။ မြို့ရွာတိုင်းမှာ ရွှေဆိုင်တွေ ရှိကြတယ်။ ရွှေဆိုင်တိုင်းလိုလိုမှာ ၀ယ်သူ၊ ရောင်းသူတွေနဲ့ အမြဲလိုလို စည်ကားနေတာ မြင်နိုင်ပါတယ်။ နာမည်ကြီး ရွှေဆိုင်တွေမှာဆိုရင် ဟင်းရွက်ကန်စွန်း ရောင်းဝယ်နေကြတာလား ထင်ရလောက်အောင် လူတွေ ကြိတ်ကြိတ်တိုးနေပါတယ်။ [caption id="attachment_111929" align="aligncenter" width="771"]ရွှေသန့်စင်တဲ့ ရွှေလှော်ဖို ရွှေသန့်စင်တဲ့ ရွှေလှော်ဖို[/caption] အစဉ်အဆက် ရွှေတွေထွက်ခဲ့တဲ့စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် ချစ်တွင်းမြစ်တရိုးကလည်း ရွှေတွေ မကုန်နိုင်မခန်းနိုင်ထွက်နေဆဲ ဖြစ်ပါတယ်။ မန္တလးတိုင်းက သပိတ်ကျင်း၊ စဥ့်ကူး၊ ရမည်းသင်း ရွှေတောတွေကလည်း ရွှေတွေက တူးဖော်ထုတ်ယူလို့ မကုန်အောင်ပဲ ထွက်နေဆဲပါ။ ကချင်ပြည်နယ်ဘက်၊ တနင်္သာရီတိုင်းဘက်၊ ရှမ်းပြည်ဘက်နဲ့ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်၊ သံတောင်၊ ကျောက် ကြီးဘက်ကလည်း ရွှေလုပ်ကွက်သစ်တွေ ထပ်မံပေါ်ထွက်လာနေတယ်။ အချို့ဒေသတွေမှာဆိုရင် ရွှေတွေ အတုံးအခဲအဖြစ်နဲ့ရရှိကြတယ်။ ကချင်၊ ရှမ်း၊ တနင်္သာရီနဲ့ ပဲခူးတိုင်းရွှေကွက် ရပ်သစ်တွေမှာတော့ လုံခြုံရေးက အားနည်းတယ်။ ရွှေ တူးဖော်ထုတ်လုပ်သူတွေက နှစ်ဘက်ဆက်ကြေးပေးပြီးမှ လုပ်ရတာကြောင့် စရိတ်စကကြီးတယ်။ မထင်ရင် မထင်သလို အနှောင့်အရှက်တွေကလည်းရှိတော့ စနစ်တကျ အခြေချလုပ်ကိုင်လို့ မရဘူးလို့ ဆိုတယ်။ [caption id="attachment_111930" align="alignright" width="343"]ကြိုထားတဲ့ ရွှေရည်တွေကို ပြန်လည်အအေးခံစဉ် ကြိုထားတဲ့ ရွှေရည်တွေကို ပြန်လည်အအေးခံစဉ်[/caption] မြန်မာ့မြေထဲမှာ ရွှေတွေ က ရွှေကြောကြီးတွေအဖြစ်နဲ့ တည်ရှိနေပါတယ်။ ဒါကို ရွှေမုဆိုးတွေက ရှာဖွေ တူးဖော်ယူတယ်။ မြေထဲက တူးဖော် ကျင်ယူခါစရွှေတွေက မ သန့်စင်သေးဘူး။သတ္ထု အမျိုးစုံ ရောနှောပါဝင်ဆဲဖြစ်တယ်။ ဒါကိုရွှေလှော်ဖိုလို့ ခေါ်တဲ့ နေရာတွေ မှာ ရွှေနဲ့ ရောနှောနေတဲ့ သတ္တုတွေကို ငရဲမီးစားပြီး ဖယ်ထုတ်သန့်စင်ပါတယ်။ သန့်စင်ပြီးတဲ့ ရွှေတွေကို သန့်စင်မှုအလိုက် ၁၆ ပဲရည်၊ ၁၅ ပဲရည်၊ ၁၄ ပဲရည် စသဖြင့်ခေါ်တယ်။ ရွှေသန့်စင်ဖိုတွေကို သွားပြီးလေ့လာရင် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ သတ္တုအချို့ရောပါနေတဲ့ ရွှေအ ရိုင်းတွေကို လုံထဲမှာ မီးပြင်းပြင်းနဲ့ကြို၊ မလိုလား တဲ့ သတ္တုတွေကို ဖယ်ထုတ်ပစ် တယ်။ မြန်မာ့နည်းမြန်မာ့ ဟန်နဲ့ ရွှေကိုသန့်စင်ရာမှာ ၉၉.၉၉ ရာခိုင်နှုန်းလောက် သန့်စင်တဲ့ရွှေကို ရနိုင်ပါတယ်။ သန့်စင်ထားတဲ့ ရွှေကို အတုံး အခဲအဖြစ် ပုံလောင်းတယ်။ လူတွေက ရွှေကို အဆင်တန်းဆာအဖြစ် ဆင်မြန်းလိုကြတယ်။ ဒါကြောင့် ရွှေပန်း ထိမ်တွေက သန့်စင်ထားတဲ့ ရွှေတုံးရွှေခဲတွေနဲ့လက်ဝတ်လက်စား ရွှေထည်တွေကို ဖန်တီးတယ်။ ရွှေအရောင်းအ၀ယ်ဈေးကွက်မှာ အသွင်နှစ်မျိုးနဲ့ အရောင်းအ၀ယ်ဖြစ်တယ်။ တမျိုးကတော့ ဆင်မြန်းစရာ လက်ဝတ်လက်စားအဖြစ် လုပ်ထားတာကို ၀ယ်ယူဝတ်ဆင်တာပါ။ မြန်မာတွေက ရွှေကို ‘မရှိဝမ်းစာ၊ ရှိတန်ဆာ’ လို့ သဘောထားကြတယ်။ ငွေပို ငွေလျှံရှိရင် ၀တ်ဆင်ဖို့ ရွှေထည်လက်ဝတ်လက်စားတွေကို ၀ယ်ယူကြတယ်။ မြန်မာပြည် က တောင်သူလယ်သမားများတယ်။ ဒါကြောင့် ကောက်ပဲသီးနှံပေါ်တဲ့အချိန်မှာ ရွှေဆိုင်တွေ အရောင်းရပိုလေ့ရှိတယ်။ [caption id="attachment_111931" align="aligncenter" width="771"]ရွှေဆိုင် ရွှေဆိုင်[/caption] ၀ါလကင်းလွတ် သီတင်းကျွတ်လလောက်ဆိုရင် ပဲ၊ နှမ်း၊ စပါး ကောက်ပဲသီးနှံ စ ပေါ်တယ်။ ပွဲလမ်းသဘင်တွေ များလာပြီ။ ရွှေဆိုင်တွေ ရောင်းအားတက်တယ်။ သင်္ကြန်ပြီးနောက် ကဆုန်နယုန် မိုးသံလေသံကြားလာပြီဆိုရင် တောင်သူလယ်သမားတွေ စိုက်ကြပျိုးကြ လုပ်ငန်းခွင်ဝင်ရ စရိတ်စကလိုလာကြတော့ လက်ဝတ်လက်စား ရွှေထည်တွေ ပြန်ရောင်းကြတယ်။ ဒါက နှစ်စဉ် လည်ပတ်မြဲသံသရာပါ။ ဈေးကွက်ရဲ့ သဘာဝက ၀ယ်လိုအားများရင် ဈေးတက်တယ်၊ ရောင်းလိုအားများရင် ဈေးကျတယ်။ ဒါပေမယ့် ရွှေဈေးက တောင်သူလယ်သမားတို့ရဲ့ ၀ယ်လိုအား ရောင်းလိုအားတခုတည်းကို မူမတည်ဘူး။ မြန်မာ့ရွှေဈေးက မြန်မာ့နိုင်ငံရေး တိမ်သလ္လာဖုံးတာအပေါ်မှာလည်းတည်တယ်။ နိုင်ငံရေး ရုတ်ရုတ်ရုတ်ရုတ် လုပ်ရင် ရွှေဈေးတက်တယ်။ လူတွေက ခံရဖန်များတော့ လက်ထဲ ကျပ်ငွေကိုင်မထားချင်ဘူး။ ရုတ်ရုတ်ရုတ်ရုတ် ဆိုရင် ရွှေပြေးဝယ်ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဆိုတော့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေ ရွှေစီးကြောင်းရှိတယ်။ မြန်မာနိုင်ငံထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီးရွှေဈေး တက်ရင် တရုတ်၊ ထိုင်းနိုင်ငံတွေက ရွှေတွေ နယ်စပ်ဖြတ်ကျော်ကာ စီးဝင်လာပါတယ်။ ရွှေအရောင်းအ၀ယ်က အခြားနိုင်ငံတွေနဲ့ပါ ဆက်စပ်နေတာကြောင့် အမေရိ ကန်ဒေါ်လာဈေးတက်ရင် ရွှေဈေးတက်လေ့ရှိတယ်။ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေ ဈေးလည်းကြွတယ်။ [caption id="attachment_111932" align="aligncenter" width="771"]ရွှေဆိုင် ရွှေဆိုင်[/caption] ရွှေကို အလုံးအရင်းနဲ့ ရောင်းကြ၀ယ်ကြတာကတော့ လက်ဝတ်ရတနာတွေကို မဟုတ်ပါဘူး။ ရွှေချောင်း အတုံးအခဲတွေကို လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေ ဈေးတက်လို့ပဲဖြစ်ဖြစ် နိုင်ငံရေး ရုတ်ရုတ်ရုတ်ရုတ်ကြောင့်ဖြစ်ဖြစ် ဒေါ်လာဈေးတက်လို့ ဖြစ်ဖြစ် ရွှေဈေးတက်ရင်တော့ ကျွဲကူးရေပါ လက်ဝတ်လက်စားရွှေတွေလည်း ဈေးတက် တာပါပဲ။ [caption id="attachment_111933" align="aligncenter" width="771"]တူးဖော်ရရှိတဲ့ ရွှေအရိုင်းကို ရွှေတောက ရွှေဆိုင်မှာ လာသွင်းသူတစ်ဦး တူးဖော်ရရှိတဲ့ ရွှေအရိုင်းကို ရွှေတောက ရွှေဆိုင်မှာ လာသွင်းသူတစ်ဦး[/caption] မြန်မာ့ရွှေလောကမှာ ရွှေလှိုင်းစီးနေသူတွေလည်း ရှိတယ်။ သူတို့က ရွှေဈေး ကျရင်ဝယ် တွက်ချေကိုက်ရင် ပြန်ရောင်းလုပ်ပြီး အကျိုးအမြတ်ဖန်တီးကြတာပါ။ ဘာကိုမျှ ကံသေကံမ ပြောမရပေမယ့် စတော့ရှယ်ယာ ဈေးအတက်အကျနဲ့ အကျိုးရှာသူ တွေလိုပဲ အပင်ကောင်းမိအောင် ဖမ်းတတ်ပြီး ရွှေလှိုင်းစီးသူတွေလည်း အလုပ်ဖြစ်ကြပါတယ်။ ကျော်ရင်မြင့်  
6 years Ago

August 26, 2015

ရွှေနိုင်ငံက ခရီးသွား အိတ်စပရက်ကား

မြန်မာနိုင်ငံမှာ ခရီးသွားလာရေးအတွက် လမ်းတွေက မကောင်းပေမယ့် ပုဂ္ဂလိကတွေ ထူထောင်ထားတဲ့ ခရီးသည်တင်ကားကြီးတွေက အဆင့်မြင့်ကောင်းမွန်နေပါပြီ။ အရင်က နိုင်ငံခြားရုပ်ရှင်ကားတွေထဲမှာသာမြင်ရပြီး သွားရည်ကျရတဲ့ အလွန်ခန့်ညားတဲ့ အိတ်စပရက်ဘတ်စ်ကားမြင့်မြင့် ကောင်းကောင်းကြီးတွေက နိုင်ငံအနှံ့ကို သွားရောက်နေပြီဖြစ်လို့ လူတိုင်းအတွက် အမြင်ရိုးနေပါပြီ။ unnamedလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့် (၁၉၉၅ ခု မတ်လတုန်း) က ဓနစီးပွားရေးမဂ္ဂဇင်းမှာ ‘မန္တလာ အိတ်စပရက်’ ခေါင်းစဉ်နဲ့ မျက်နှာဖုံးဆောင်းပါးတပုဒ်ကို ကျနော် ရေးဖူးတယ်။ ရန်ကုန်-မန္တလေး အိတ်စပရက်ကားကြီးတွေ စတင်ပြေးဆွဲချိန်မှာ ရေးတာပါ။ "မီးရထားတွဲကြီးတတွဲထက်ပိုကြီးတဲ့ အိတ်စပရက် ကားမြင့်မြင့် ရှည်ရှည်ကြီးတွေ မန္တလးမြို့ထဲကို တငြိမ့်ငြိမ့် တအိအိ မောင်းဝင်လာတော့ တွေ့မြင်သူတိုင်းက အထူးအဆန်းအဖြစ် မော့ကြည့်ကြတယ်။" လို့ ကျနော် ရေးဖူးပါတယ်။ အရင်ကတော့ ဘတ်စ်ကားဆိုတာ ချက်ပလက်ခေါင်းတိုအင်ဂျင်ကို မိတ်အင်ဒီတွင် သစ်သားဘော်ဒီမှာတင်ပြီး ခရီးသည်တင်ကားလုပ်ရတာ။ ‘ဂီယာ တုတ်ထောက်၊ ကတ်တောက်ကြိုးချည်၊ ဘက်ထရီရေလောင်း’ လို့ မြန်မာ့ဘတ်စ်ကားကို စာချိုးခဲ့ဖူးတယ်။ နောက်တော့ ခရီးသည်တင် ကားလုပ်ငန်းက တခေတ်စဆန်းတယ်။ အိတ်စပရက်ကားလို့ ခေါ်တဲ့ ကားကြီးကားကောင်းတွေ စသုံးတယ်။ ရန်ကုန်-မန္တလေး ပြေးတယ်။ ပုဂ္ဂလိက အိတ်စပရက်ကားတွေ အောင်မြင်အဆင်ပြေသွားတာ မြန်မာ့မီးရထားရဲ့ ကျေးဇူးလည်း အဓိကနေရာမှာ ပါတယ်။ မီးရထားက အချိန်မမှန်ဘူး။ လမ်းမှာ ခဏခဏ ပျက်တယ်။ သံလမ်းတွေက မကောင်းတော့ ရထားက ဘေးတိုက်ကော အထက်အောက်ပါ ခုန်ပေါက်နေတဲ့ သံမဏိမြင်းရိုင်းကို စီးရသလို မသက်မသာဖြစ်ရတယ်။ မီးရထားကို လူကြိုက်နည်းလာရတဲ့အထဲ ရထားတွေ ညမထွက်ရဖြစ်ကုန်တော့ မီးရထားနဲ့ ခရီးသွားသူတွေ အချိန်ကုန် လူပမ်း ဖြစ်ကုန်တယ်။ နေပြည်တော်မှာ ညအချိန် ရထားဖြတ်မောင်းရင် အိပ်ရေးပျက်တော်မူတယ်ဆိုလို့ ညမထွက်ရလုပ်တာလို့ ပြောကြတာပါပဲ။ ဒီလိုသာ အဆင်မပြေတာ စီးပွားရေးနဲ့ စီမံခန့်ခွဲရေး ရွှေဉာဏ်တော် စူးရောက်သူတွေက ရထားခကို ဈေးတင်လိုက်ပြန်တယ်။ အဲသဟာကိုတော့ လူတွေက ရထားပဲ ဆက်စီးနေသေးလို့ စီးပွားရေးဦးပိုင်ရဲ့ ရွှေမန်းသူ လူစီးအောင် လုပ်ရတာလို့ ဆိုတာပါပဲ။ ဒီလိုနဲ့ ရွှေမန်းသူက သူ့ဆက်ဆံရေးနဲ့သူ နာလန်သိပ်မထူပေမယ့် ပုဂ္ဂလိက အိတ်စပရက်ကားလုပ်ငန်းကတော့ အကြီးအကျယ် ထွန်းကားလာတော့တာပါပဲ။ နေ့နေ့ ညည လမ်းတွေပေါ်မှာ ကားတွေ ပြတ်တယ်မရှိတော့ဘဲ ခေါင်းနဲ့အမြီး ဆက်နေတယ်။ 3ကားတွေကလည်းကောင်းတယ်။ အပြိုင်အဆိုင်လုပ်တာမို့ ၀န်ဆောင်မှုတွေလည်း ကောင်းတယ်။ ဒီလိုင်းက စကင်နီယာ ကားမျိုးသုံးတယ်၊ စီးသူကြိုက်တယ်ဆိုရင် လိုင်းတိုင်းလိုလိုက စကင်နီယာ ပြောင်းတယ်။ ခုလောလောဆယ် မြန်မာနိုင်ငံမှာ ပေါ်ပြူလာ ဖြစ်နေတာက စကင်နီယာ ကားကြီးတွေပါ။ အချို့ကားလိုင်းက မြေပြင်မှာ လေယာဉ်စီးရသလို ခံစားရမယ် ဘာညာနဲ့ ဆွဲဆောင်တယ်။ လေယာဉ်မှာပါသလို ယာဉ်မယ်တွေခန့်ပြီး ခရီးသည်ကို ၀န်ဆောင်မှုတွေပေးတယ်။ လေယာဉ်တွေပေါ်မှာလိုပဲ ထိုင်ခုံတိုင်းမှာ သီးသန့် တီဗွီကိုယ်စီပါတယ်။ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကား ရွေးကြည့်လို့ရတယ်။ နားကြပ်ကိုယ်စီနဲ့မို့ ဆူညံမှုဒုက္ခလည်း ကင်းသွားတယ်။ သီချင်းနားထောင်မှာလား၊ တရားနာမလား ဖြစ်တယ်။ အဝေးပြေးကားကွင်းတွေမှာ လေဆိပ်လို Arrival ( ဆိုက်ရောက်) နေရာတွေ ဘာတွေနဲ့ ဟုတ်တုတ်တုတ် လုပ်ပေးထားတယ်။ လမ်းခရီးကြားက စားသောက်ဆိုင်တွေမှာ နားနားနေနေရပ်ပြီး အစားအသောက် ကောင်းကောင်းစားနိုင်တယ်။ တပိုတပါးသွားနိုင်တယ်။ ခြေညောင်းလက်ဆန့် လုပ်နိုင်တယ်။ ဈေးတန်းလေးလျှောက်ပြီး ဒေသထွက်လက်ဆောင် ၀ယ်နိုင်ပါတယ်။ အရင်ကလို ညဥ့်နက်သန်းခေါင် ခရီးသည်တွေကိုနှိုး၊ ကားပေါ်ကဆင်းခိုင်းပြီး ဂျာမန်တွေက ဂျူးတွေကို မောင်းသလို လမ်းလျှောက် မှတ်ပုံတင်တန်းစီပြရတာမျိုး မရှိသလောက် နည်းသွားပြီ။ ကားတွေက နိုင်ငံတကာအဆင့်မီ ကောင်းလာပါပြီ။ လမ်းတွေကတော့ နိုင်ငံတကာအဆင့်နဲ့ တော်တော်ဝေးသေးတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာ မခင်းနိုင်သေးဘူး။ ကွန်ကရစ်လမ်းပဲ ရှိသေးတယ်။ အမေရိကန်က ကူနိုးနိုး အစိုးရက မျှော်ပေမယ့် ဆင့်အ၀ှါ မျှော်တယ်ဆိုတာလိုပဲ မနီးနားသေးဘူး။ 2အမြန်လမ်းကို သေမင်းတမန်လမ်းလို့ လူတွေက အမည်ပေးထားတယ်။ ပေးလောက်အောင်ပဲ ကားတိမ်းမှောက် သေကျေတာက မကြာခဏ။ ကားမတော်တဆမှု အများစုက ယာဉ်နဲ့ လမ်းရဲ့ ချို့ယွင်းချက်ထက် ယာဉ်မောင်းကြောင့်ဖြစ်တာက ပိုများတယ်။ အိတ်စပရက် ကားလိုင်းတွေကများ၊ ကားတွေကများပေမယ့် အရည်အချင်းပြည့် ယာဉ်မောင်းက မရှိဘူး။ အိုနာရော ကျိုးကန်းပါ အကောင်းလုပ် သုံးနေကြရတယ်။ ယာဉ်မောင်းကိုယ်တော်များကလည်း ဆင်ပေါ်ကလူတွေမို့ ကားအုံနာတွေက ချော့နေရတယ်။ စည်းကမ်းတင်းကျပ်လို့ မရဘူး။ ကားမောင်းရင်း ဖုန်းပြောတယ်။ တချို့ဆို ကားမောင်းနေရင်း ဖေ့စ်ဘွတ်ခ် ပွတ်တယ်။ ကားကြီးတွေက ကောင်းတော့ မောင်မင်းကြီးသားတို့ လက်ထဲမှာ ပေါ့ရွှတ်နေလို့ ယာဉ်မောင်းကိုယ်တော်တွေက ခပ်ခပ်ပေါ့ပေါ့ သဘောထားတယ်။ ဒါကြောင့် ဖြစ်လိုက်ရင်တော့ အတုံးအရုံးပဲ။ ယာဉ်မောင်းဆရာသမားတွေက ကားဂိတ်ရောက်ချိန်မှာ အားလျားနေတော့ ပိုကာဆွဲတယ်။ မယားငယ်ထားတယ်။ နားနားနေနေ မနေဘူး။ ကားမောင်းတော့မှ အိပ်ငိုက်ရော။ လမ်းနဲ့ ယာဉ်မောင်းတွေက နိုင်ငံတကာအဆင့် မဟုတ်သေးပေမယ့် ကားကြီးတွေကတော့ အဆင့်မြင့်လာပါပြီ။ ဒီလိုပဲ တရွေ့ရွေ့နဲ့တော့ ပြောင်းလဲတိုးတက်လာနေတာပါပဲ။ ဒီကြားထဲမှာ သေဆုံးသူတွေလည်း မနည်းပါဘူး။ မကြာခင်မှာ မြန်မာ့ခရီးသွားနှစ်ဆိုတာ ထပ်လုပ်ဦးမှာဆိုတော့ နိုင်ငံခြားသား ဧည့်သည်များကို ရွှေနိုင်ငံက ကြိုဆိုနေပါတယ်။ ကျော်ရင်မြင့်
6 years Ago
More News
Up