ဧရာဝတီတိုင်း

June 14, 2019

ဧရာဝတီတိုင်းက လယ်ယာမြေပြဿနာများ ဇူလိုင်လအတွင်း အပြီးသတ် ဖြေရှင်းပေးမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို လာမယ့် ဇူလိုင်လအတွင်း အပြီးအပြတ် ဖြေရှင်းမယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီးကပြော ကြားလိုက်ပါတယ်။ ဇွန်လ ၁၃ ရက်က အင်္ဂပူမြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ စိုက်ပျိုးရေး အသိပညာပေးပွဲနဲ့ ကောက်စိုက်စက်သရုပ်ပြပွဲအခမ်းအနားမှာ  ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းစိုက်ပျိုးရေးဝန်ကြီး ဦးတင်အောင်ဝင်းက "ကျနော်တို့တွေ အားစိုက်ဆောင်ရွက်နေတယ်။ တိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို ဇူလိုင်လလောက် အပြီးသတ်ဖြေရှင်းဖို့ ဆောက်ရွက်နေတယ်။ ဆည်တွေတည်ဆောက်စဉ်က အများအတွက် လုပ်ဆောင်ရာမှာ နစ်နာတဲ့တောင်သူတွေကို ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီဖြစ်တယ်။ မကြာခင် စီမံကိန်းတွေ၊ လမ်းညွန်မှုတွေသိရ မယ်၊ ပြေလည်အောင်ဖြေရှင်မယ်"လို့ ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေ အရှုပ်အရှင်းပြဿနာတွေကို တိုင်းအစိုးရအနေနဲ့ အရင်က ပုံမှန် တလတကြိမ် အစည်းအဝေးထိုင် ဖြေရှင်းနေရာကနေ ၂၀၁၈နောက်ပိုင်းကစလို့ တလနှစ်ကြိမ်ပြန်လည်စိစစ်ဖြေရှင်း လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ အင်္ဂပူမြို့နယ်မှာ မနေ့က ကျင်းပခဲ့တဲ့ စိုက်ပျိုးရေးအသိပညာပေးပွဲမှာ တောင်သူလယ်သမားတွေရဲ့ မေးမြန်းချက်တွေကို  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးဝန်ကြီးက ပြန်ဖြေကြား အသိပညာပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂပူမြို့က လယ်သမားဦးလှကြည်ကတော့  ကညင်ဆည်တည်ဆောက်ရာမှာ ဆုံးရှုံးနစ်နာခဲ့တဲ့ လယ်သမား၂၅၀ကျော်နဲ့ နန်ကသူဆည်တည်ဆောက်စဉ် လျော်ကြေးမရတဲ့ လယ်သမား၁၇ဦးရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ၀န်ကြီးကို မေးမြန်းခဲ့ပါတယ်။ အင်္ဂပူမြို့နယ်ထဲမှာ နန်ကသူဆည်နဲ့ ကညင်ဆည် တည်ဆောက်စဉ်က တူးမြောင်းတူးဖို့နဲ့ စီမံကိန်းအကွက်တည်ဆောက်ဖို့ ဒေသခံလယ်သမားတွေဆီက လယ်ယာမြေတွေကို နစ်နာကြေးမပေးပဲ အစိုးရက သိမ်းယူထားခဲ့တာပါ။ အန်အယ်လ်ဒီအစိုးရတက်လာပြီးနောက် လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဖို့ လယ်ယာမြေပြန်လည်စိစစ်ရေးကော်မတီဖွဲ့စည်းပြီး တိုင်းနဲ့ပြည်နယ်အလိုက် လယ်ပြန်စစ် ကော်မတီတွေ ဖွဲ့စည်းလုပ်ဆောင်နေသလို လယ်သမားတွေကလည်း ခေတ်အဆက်ဆက်က ဆုံးရှူံးနစ်နာခဲ့ရမှုတွေအတွက် လက်ရှိအစိုးရလက်ထက်မှာ ပြန်လည်တင်ပြတောင်းဆိုတာတွေရှိ အများအပြားရှိ လာကြပါတယ်။
2 years Ago

June 1, 2019

ဧရာဝတီတိုင်းတွင် မှုခင်းဖြစ်ပွားမှု ပိုတိုးလာ၊ မူယစ်ဆေးဝါးမှု အများဆုံးဖြစ်

ဧရာဝတီတိုင်းမှာ တနှစ်ထက်တနှစ် မှုခင်းဖြစ်ပွားမှု တိုးလာပြီး မူးယစ်ဆေးဝါးမှုခင်းက ပိုများတယ်လို့ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြောပါတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာမှာ မေ ၃၁ ရက်နေ့ ပြုလုပ်တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲု့ပြည်သူလူထု တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာပါ။ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က "တိုးလားတဲ့ မှုခင်းတွေအထဲ ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးတွေ မှုခင်းတွေက များပြားလာပါတယ်။ တဖက်ကလည်း ခိုး၊ ဆိုး၊ နှိုက်တွေ များလာတာတွေ့ရပါတယ်၊ ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၆၀၊ ၂၀၁၈ ခုနှစ်မှာ အမှုပေါင်း ၁၈၀ ၊၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမှုပေါင်း ၈၀ တောင် တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ပြည်သူဆီက ဘာလိုချင်လဲဆိုတော့ သတင်းပေးတိုင်ကြားမှုကို အလိုချင်ဆုံး ဖြစ်ပါတယ်။ ပြည်သူများ ပူးပေါင်းပါဝင် သတင်းပေးမှ မှုခင်းတွေကို အမြန်ဆုံးဖော်ထုတ်နိုင်မှာဖြစ်တယ်။” လို့ ပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ပျောက်ဆုံးမှု၊ လူနေအိမ်တွေအတွင်း ပစ္စည်းတွေ ဝင်ရောက်ခိုးယူမှု၊ အမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးတွေ ဖြတ်ပြေးတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ကျိုက်လတ်မြို့နေ ဦးဆန်းအောင်က ပြောပါတယ်။ ကျိုက်လတ်မြို့နယ်မှာ လူဦးရေ ၁၉၄၇၄၂ ယောက်ရှိပြီး ပြည်သူ ၁၁၆၅ ဦးကို ရဲတပ်ဖွဲ့ဝင်တယောက်က စောင့်ကြည့်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေရတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ခင်ဇော်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း မကြာခဏ ဆိုင်ကယ် အခိုးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2 years Ago
More News
Up