ဦးဇော်ဌေး

January 9, 2021

ရွေးကောက်ပွဲရလဒ် လက်မခံသူများ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းဖြစ်ဟု ဦးဇော်ဌေးပြော

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး လက်သင့်မခံနိုင်ဘဲ ပြစ်တင်ဝေဖန်နေသူတွေဟာ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းသာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။ 

ဇန်နဝါရီ ၈ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ နေရာတိုင်း အပြတ်အသတ်နိုင်ပါတယ်။ လူထုရဲ့သဘောထား၊ လူထုရဲ့ ထောက်ခံမှုက ဒီတိုင်းပဲ ရှိနေပါတယ်။ ဒါကိုကြည့်ရှင် ရှင်းပါတယ်။ အဲတော့ ကျနော်ပြောချင်တာက မဟုတ်မမှန် ဝေဖန်ပြောကြားနေတာ၊ လုပ်နေတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ပြောရရင် ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ Political Suicide ပေါ့နော်၊ နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်လိမ့်မယ့်လို့ ကျနော်ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”

လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီပါတီပဲ ထပ်မံအနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အပေါ် အတိုက်အခံကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီအချို့က ဝေဖန်မှုတွေပြုလုပ်နေကြသလို တပ်မတော်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လေ့လာ တွေ့ရှိချက်တွေကို အကြိမ်ကြိမ်ထုတ်ပြန်နေတာပါ။ 

ဒါ့အပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အပေါ် စာချွန်လွှာထုတ်ဖို့ တရားလွှတ်တောချုပ်မှာ အမျိုးသားရေးရှေ့နေဦးဇော်ဝိတ်က လျှောက်ထားခဲ့မှုနဲ့ပတ်သက်ပြီးလည်း သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅၊ ပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၃ မှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း မိမိအားအပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင် မျှဖြေရှင်းရန် တာဝန်မရှိကြောင်း ပြဋ္ဌာန်းထားတာလည်း တွေ့ရှိနိုင်ပါတယ်။ ပြန်ချုပ်ရရင် နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရော ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဥပဒေနဲ့မညီညွတ်တာ ဘာတစ်ခုမျှလုပ်ခဲ့တာမရှိဘူး။ ပြည်သူတွေကိုလည်း ကျနော်တို့ အထင်အရှားပေါ့၊ မီဒီယာတွေကနေတဆင့် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ၄ ဦးကို စာချွန်လွှာထုတ်ဖို့ ကိစ္စရပ်ကို တရားလွှတ်တော်ချုပ်အနေနဲ့ လက်ခံဖို့ သင့်မသင့်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။ 

4 months Ago

November 4, 2020

ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု သမ္မတရုံးပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ရော နိုင်ငံ့ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာနယူးစ်ဂျာနယ်တို့ရဲ့ အွန်လိုင်းတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နေ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက  ပြောကြားလိုက်တာပါ။ “တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ တိကျ ရေရာသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်ခန်းမှာပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေတွေရဲ့ အနှစ်သာရနဲ့ကိုက်ညီမှုမရှိပါဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ကင်းရှင်းရမည် လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(င)အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့ရဲ့ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကြုံးဝင်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်တယ်လို့ပြောခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေဖြစ်လာတယ်လို့  ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို  သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်တယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။ “ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က  နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။  နောက်အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်း ပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ နိုင်ငံတော်ကြီး တည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျနော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျနော်တို့ အပေါ် ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာတယ်။  ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျနော်ပြောခဲပါတယ်။  မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။  ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ ဦးဇော်ဌေးက “ Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီ game စည်းမျဉ်းအတိုင်းပဲ အကုန်လုံးကသွားရမှာပဲ။ ဒီ Game စည်းမျဉ်းအတိုင်းမသွားဘူးဆိုရင်တော့ ဒီ Game က ပျက်ပြီ။ ဟုတ်ပြီနော်။ ဒါတွေက ဘာဖြစ်လာမယ်၊ ဘာဖြစ် လာမယ်လို့ ဘယ်သူမှလည်းမသိဘူး၊ ဘယ်သူမှလည်း မပြောနိုင်ဘူး၊ ကျနော်တို့လည်းမသိဘူး။ ဒါကအမျိုးမျိုးမှန်းဆ ချက်တွေပေါ့နော် ” လို့ ပြောပါတယ်။ ဒါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံ ရမယ်လို့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို သတိပြုသင့်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တွေက လုပ်ဆောင်နေတယ်ဆိုတာ အချိန်ကျရင် ပေါ်လွင်လာမှာဖြစ်ပြီး ခုအချိန်ကတည်းက ရွေးကောက်ပွဲတရားမျှတခြင်း မရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ်နေ တာဟာ မသင့်လျော်ဘူးလို့လည်း ပြောပါတယ်။ ခုရက်ပိုင်းအတွင်းကြိုတင်မဲပေးတာတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိပြီး တရားဝင်တိုင်ကြားတဲ့ အမှုဖွင့်ထားတာတွေလည်း ရှိသလို ဥပဒေကြောင်းအရ စစ်ဆေးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်ပြီး ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုတွေကိုလည်း အထူးသတိပြုကြစေလိုတယ်လို့လည်း ဆိုပါတယ်။
6 months Ago

ရွေးကောက်ပွဲပျက်ပြားစေရန် အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုရန် သမ္မတရုံး သတိပေး

အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့လိုတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပြီး ရွေးကောက်ပွဲပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုတွေကို အထူးသတိထားကြဖို့လိုတယ်လို့ နိုဝင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ “ခင်ဗျားတို့ မီဒီယာတွေမှာ အုတ်အော်သောင်းတင်းဖြစ်နေတဲ့ အကြောင်းအရာတွေမှာလည်း ပါပြီး ဖြစ်ပါတယ်။ တချို့နေရာတွေမှာ တမင်သက်သက် ရမယ်ရှာတဲ့ဟာတွေရှိတယ်။ တချို့နေရာတွေမှာ တချို့နေရာတွေမှာ အချိန်ကိုက်လှုပ်ရှားတာတွေ ရှိတယ်။ ဆိုလိုတာက ဒီအခြေအနေတွေဟာ ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့အတွက် သတိပြုဖို့အတွက် ကျနော်တို့ပြောတာ ဖြစ်ပါတယ်။ ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဒီအချက်အပေါ်မှာ သတိရှိကြဖို့အတွက် နှိုးဆော်တာဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲအောင်မြင်ရေးကိုပဲ ပန်းတိုင်အဖြစ်သတ်မှတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပါတီတချို့က ကိုဗစ်-၁၉ ရောဂါကို အကြောင်း ပြပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုကြပေမယ့် အချိန်အကန့်အသတ်ကြောင့် မရွှေ့ဆိုင်းဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ “ ဒီကြားထဲမှာလည်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ပြောဆိုတာတွေ ၊ထုတ်ပြန်တာတွေ၊ တိုက်တွန်းတာတွေ ကြားသိရပါတယ်။ ဒါပေမဲ့ အခုလို Election process အရ ကြားမှာ အနည်းဆုံး ၂ လခွဲ အချိန် လိုအပ်ချက်ရှိနေတဲ့အတွက် ရွှေ့ဆိုင်းဖို့ဆိုတာ ကော်မရှင်အနေနဲ့ အင်မတန်မှ ခက်ခဲတယ်ဆိုတာတွေ့ရှိနိုင်ပါတယ်။ နောက် တစ်ချက်က ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ကုသစောင့်ရှောက်ရေးအခြေအနေတွေကိုလည်း ထည့်သွင်းပြီး ခြုံငုံသုံးသပ်ခဲ့ရတာ ဖြစ်ပါတယ်။” လာမယ့်အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ စည်းမျဉ်း စည်ကမ်းတွေနဲ့အညီ ပြုလုပ်ရမှာဖြစ်ပြီး ကာကွယ်ရေးပစ္စည်းတွေကို တရုတ်နိုင်ငံကနေ ယူရို သန်း ၃၀ ကျော်ဖိုးဝယ်ယူထားပြီး သက်ဆိုင်ရာနေရာတွေကို ပေးပို့ထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
6 months Ago
More News
Up